Home » » ရောင်းစား ခံရသည့် အမျိုးသမီး (၄) ဦးသည် လူကုန်ကူးမှု မမြောက်ဟုဆို

ရောင်းစား ခံရသည့် အမျိုးသမီး (၄) ဦးသည် လူကုန်ကူးမှု မမြောက်ဟုဆို

Written By မောင်စေတနာ on Monday, December 12, 2011 | 1:30:00 AM



မဟာချိုင်ရှိ မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်ကြသည့် ပုဇွန်ရုံ တစ်ရုံ၏ အထဲမြင်ကွင်း တစ်နေရာ (ဓါတ်ပုံ - အင်တာနက်)

ယမန်နေ့က ထိုင်းနိုင်ငံ မဟာချိုင် ပုဇွန်ရုံတစ်ခုတွင် ရောင်းစားခံရသည့် မြန်မာ မိန်းကလေး (၄) ဦးသည်၊ လူကုန်ကူးမှု ဥပဒေနှင့် ငြိစွန်းမှု မရှိသောကြောင့် မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်မည်ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးမှုခင်း တပ်ဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်ဟု ဤအမှုအား အကူအညီပေးနေသည့် မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ ချုပ် (FTUB) ၏ ပြောခွင့်ရသူ ကိုဖိုးခွားကပြောပါသည်။

“ မှုခင်းဖက်က မေးတာက မင်းတို့ကို တစ်ကယ် လာရောင်းခဲ့တာလား၊ ပိုက်ဆံနဲ့ တစ်ကယ် လာရောင်း လိုက်လား ဆိုတဲ့ စကားကိုမေးတာ သူတို့က အဲဒါကို မပြောဘူး၊ ပိုက်ဆံ (၁၁၀၀၀) နဲ့ လာရွေးရတယ် ဆိုတာချည်းပဲ ပြောနေတယ်၊ ပြဿနာက အဲမှာ ရှူပ်သွားတာ၊ အမှန်ဆိုရင် သူတို့က အလိုမတူပဲနဲ့ ရောင်းစားခံရတယ်ဆိုတာ ကျိန်းသေတယ်၊ နောက်တစ်ချက်က သူဌေးဘက်ပိုင်းက ပြောတယ်၊ သူဋ္ဌေးကလည်း မချုပ်ချယ်ပါဘူး။ သူတို့ ပုဇွန်ခွာတဲ့ အလုပ်ရုံမှာ လုပ်ချင်နေကြတယ်၊ သူဋ္ဌေးကလည်း သဘောကောင်းတယ်၊ အဲလိုမျိုး၊ စစ်ချက်ထွက်ကြတာ၊ ဆိုတော့၊ ကျွန်တော်တို့ FTUB အဖွဲ့အနေနဲ့ စွဲချက်တင်ထားတဲ့ လူကုန်ကူးမှု ဥပဒေနဲ့ မငြိဘူး ဖြစ်သွားတယ်” ဟု ကိုဖိုးခွားက ပြောပါသည်။

အဆိုပါ စာခွန် ပုဇွန်ရုံ၌ ရောင်းစားခံရသည့် မြန်မာနိုင်ငံသား မိန်းကလေး လေးဦးအား မဟာချိုင် ရဲစခန်း၌ပင် ဆက်လက် ထိန်းသိမ်း ထားရှိ သေးကြောင်းနှင့် သူတို့ အားတရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဥပဒေဖြင့်သာ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ် ဆောင်ရွက်နေသည်ဟု ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ အထူးမှုခင်း တပ်ဖွဲ့ ခေါင်းဆောင်က ဆိုပါသည်။

“အမှန်က သူတို့ ကြောက်နေကြတာ၊ လေးငါးရက်လောက် အချုပ် ထိထားတယ် ဆိုတော့ သူတို့က အချုပ်ထပ်ကျမှာကို သိပ်စိုးရိမ်နေတာ၊ ဥပဒေအရ လုပ်ထုံးလုပ်နည်းကိုလည်း သူတို့က သဘော မပေါက်ဘူးလေ၊ ဆိုတော့ စွဲချက်တင် ထားတာက တခြား၊ စစ်ချက် ထွက်တာက တခြားဖြစ်သွားတယ်၊ တစ်ကယ်တော့ သူတို့ ပုဇွန်ရုံမှာ လာရောင်းတုန်းက အဲဒီပုဇွန်ရုံပိုင်ရှင်ရဲ့ သူဌေးသား ကိုယ်တိုင် လာဝယ် သွားတာ၊ မတတ်နိုင်ပါဘူးအခုတော့ သူတို့ကို မဲဆောက်ပြန်ပို့တဲ့ အခါကြရင် ကျွန်တော်တို့ လိုက်ပါကူညီ ဆောင်ရွက် ပေးနိုင်အောင် ကျွန်တော်တို့ကို အကြောင်းကြားပေးဖို့ ပြောထားပါတယ် ” ဟု ကိုဖိုးခွားက ဆက်လက် ရှင်းပြပါသည်။

အဆိုပါ ရောင်းစားခံရသည့် မြန်မာမိန်းကလေး လေးဦးသည် မဲဆောက် လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာ ကြပြီး ကာမ်ဖန်ဖေစ် မြို့တွင် အဖမ်းခံ ခဲ့ကြရပါသည်။ အဖမ်းခံရသည့် အထဲတွင် အားလုံး (၂၁) ယောက်ပါဝင်ကာ ထိုအထဲမှ ယောက်ကျာ်းလေး (၁၅) ယောက်ကို လှေဆင်းရန်အတွက် ချွန်ဘူရီမြို့ တွင် ရောင်းစားလိုက်ကာ မိန်းကလေး (၆) ဦးကို မဟာချိုင်သို့ ခေါ်ဆောင်လာခဲ့ပါသည်။ ထိုအထဲတွင်မှ နှစ်ဦးက ဆွေမျိုး သားချင်းများက တစ်ဦးလျှင်ဘတ် ငွေ(၁၁၀၀၀) ဖြင့် လာရောက် ရွေးယူသွားပြီး ဤအမျိုးသမီး (၄) ဦးကို စာခွန် ပုဇွန်ရုံ၌ ရောင်းစား ထားခဲ့ခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံရှိ မဟာချိုင်မြို့သည် မြန်မာနိုင်ငံသား အလုပ်သမား (၄)သိန်းကျော် ရှိနေပါသည်။ ထိုင်းနိုင်ငံ၌မူ ပြီးခဲ့သည့်နှစ်၌ အလုပ်သမား မှတ်ပုံမတင်ခဲ့သူ မြန်မာနိုင်ငံသားပေါင်း (ရှစ်သိန်းခွဲ) ခန့်ကျန်ရှိနေသေးသည် ဟု AFP သတင်းတရပ်၌ ရေးသားထားပါသည်။

Source by :ရွှေဟင်္သာ သတင်းဌာန
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။