Home » » ထိုင်းစက်ရုံ တစ်ခုမှ ရခိုင်အမျိုးသမီး ၃၁ ဦး အလုပ်ထုတ်ခံရ

ထိုင်းစက်ရုံ တစ်ခုမှ ရခိုင်အမျိုးသမီး ၃၁ ဦး အလုပ်ထုတ်ခံရ

Written By မောင်စေတနာ on Monday, November 28, 2011 | 10:00:00 PM



ထိုင်း စက်ရုံတရုံတွင် မြန်မာအမျိုးသမီးများ နေထိုင်နေသည့် အခန်း

ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်ပရပ်ကွက်တွင် တည်ရှိသော အရုပ်ထုတ်လုပ်သော စက်ရုံမှ ရခိုင်အမျိုးသမီး ၃၁ ဦး ကို နိုဝင်င်္ဘာလ ၂၅ ရက် နေ့က အလုပ်မှ ထုတ်ပယ်လိုက်သည်။

" ကျွန်မတို့ကို ဒီနေ့ နိုဝင်္ဘာ ၂၅ ရက်နေ့ နေ့လည် ၂ နာရီမှာ အစည်းအဝေး ခေါ်ပါတယ်။ မန်နေဂျာက ငါတို့စက်ရုံမှာ အလုပ်မရှိတော့ဘူး၊ မနက်ဖန်ကပင်စပြီး အလုပ်ဆင်းစရာ မလိုတော့ဘူး။ လုပ်အားခကို ဒီဇင်္ဘာလ ၄ ရက်နေ့မဟုတ်ရင် ၆ ရက်နေ့ ထုတ်ပေးမယ်။ ဒီကြားထဲ စက်ရုံမှာ နေလို့ရသေးတယ်။ ထမင်းကျွေးထားမယ်။ လစာ ရတာနဲ့ စက်ရုံမှာ နေ လို့ မရတော့ဘူး ဆိုပြီးပြောပါတယ်" ဟု အလုပ်ထုတ်ခံရသူ ရခိုင်အမျိုးသမီးငယ် တဦးက နိရဉ္စရာသို့ ပြော သည်။

ကြိုတင်အသိပေးခြင်းမရှိဘဲ ချက်ချင်း အစည်းအဝေး ခေါ်ယူပြီး ထုတ်ပယ် ခြင်းသည် တရားနည်းလမ်း မကျသည့်အပြင် အလုပ်သမားများ၏ အခွင့်အရေးကိုပါ ချိုးဖေါက်ရာ ရောက်သည်ဟု သူမက ဆက် ပြောသည်။

"သူတို့က အလုပ်သမားတွေကို လိုတုန်းကတော့ ခေါ်တယ်၊ မလိုချင်တော့ မောင်းထုတ်တာ မတရားဘူးပေါ့၊ အလုပ် သမားတွေကို နားခိုင်းတယ်ဆိုရင် အကုန်လုံးကိုနားခိုင်းပေါ့၊ အကြောင်းပြချက် တစုံတရာမရှိဘဲ ဘာကြောင့်ထုတ်ရတာလဲ၊ အခုလို အလုပ်က ထုတ်ပယ်ခံရသူတွေ အနေနဲ့ လစာထုတ်ပေးပြီးရင် ဘယ်မှာ သွားနေရမှာလဲ၊ ဘယ်မှာ သွားလုပ်ရမှာ လဲ၊ အိမ်ကို ပြန်ဖို့ လမ်းစရိတ်လည်း မရှိတော့ဘူး၊ အားလုံး ဒုက္ခရောက်ကြရမှာ ဖြစ်ပါတယ်။"

အဆိုပါ စက်ရုံမှ အလုပ်ထုတ်ခံရသူ အမျိုးသမီးများမှာ အလုပ်သမား လက်မှတ် ရှိသူများ ဖြစ်ကြပြီး အလုပ်သမား လက်မှတ် ရရှိရေးအတွက် လူတဦးလျှင် ဘတ်ငွေ ၃၀၀၀ စီ ပေးသွင်းခဲ့ရသည်ဟု သိရသည်။

အလုပ်ထုတ်ခံရသူ စုစုပေါင်း ၇၀ အထဲ တွင် ရခိုင်အမျိုးသမီး ၃၁ ဦးပါဝင်ကြောင်းနှင့် ၎င်းစက်ရုံတွင် မြန်မာနိုင်ငံမှ လာရောက် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီး စုစုပေါင်း ၄၀၀ ကျော်ရှိကြောင်း၊ ထိုအထဲတွင် ရခိုင် အမျိုးသမီး ၉၀ ကျော်ရှိသည်ဟု သူမက ပြောသည်။

ယခုကဲ့သို့ မထင်မှတ်ဘဲ အလုပ်မှ ထုတ်ပယ်ခံရသဖြင့် ကျန်သူများမှာလည်း အလုပ် အထုတ်ခံရမည်ကို အထူးစိုးရိမ်နေ ကြသည်ဟု သိရသည်။

ထိုင်းအစိုးရမှ မဲဆောက်မြို့တွင် အလုပ် လုပ်ကိုင်နေသော မြန်မာ အလုပ်သမားတဦး၏ လုပ်အားခကို တနေ့လျှင် ပျမ်းမျှ ဘတ်ငွေ (၁၆၂) ဘတ်တရားဝင် သတ်မှတ်ထားသော်လည်း အဆိုပါအရုပ်ထုတ်လုပ် သော စက်ရုံများတွင် လုပ်အားခ တနေ့ကို ဘတ်ငွေ (၈၀)သာ ရရှိ သည်ဟု သိရသည်။

Source by :နိရဉ္စရာ သတင်းဌာန
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။