Home » , » နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်များမှ ကောက်နှုတ်ချက်အချို့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်များမှ ကောက်နှုတ်ချက်အချို့

Written By မောင်စေတနာ on Friday, November 25, 2011 | 10:20:00 PM



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်က (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ မီဒီယာများနှင့် ပထမဆုံးအဖြစ် သီးခြားတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး အစရှိသော မဏ္ဍိုင်များနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ ဟူသော Elevn Media Group ၏ မေးခွန်းကိုမူ ယင်းသို့ လုပ်ဆောင်ရန်အတွက် စတုတ္ထမဏ္ဍိုင်ပေါ် မူတည်ကြောင်းနှင့် စတုတ္ထ မဏ္ဍိုင်ကသာ ကောင်းအောင်လုပ်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြန်လည်ဖြေကြား ခဲ့ပါသည်။ မီဒီယာများနှင့် တွေ့ဆုံခြင်းအစီအစဉ်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည်များအနက် သတင်းဖော်ပြခဲ့ပြီး ကျန်ရှိနေသော ကောက်နှုတ်ချက်အချို့ကို ဆက်လက်ဖော်ပြလိုက် ပါသည်။

အာဆီယံဥက္ကဋ္ဌတာဝန်နှင့် မြန်မာ

ဒီတာဝန်ကို ကိုယ့်နိုင်ငံကယူတဲ့အချိန်မှာ အောင်အောင်မြင်မြင်နဲ့ ကျွန်တော်တို့ပါ အဆင်ပြေအောင် လုပ်နိုင်ဖို့အတွက်ပါ။ ဒီတာဝန်တွေက တော်တော်လေးကြီးလာတယ်။ အဲဒီတော့ အာဆီယံရဲ့ ဥက္ကဋ္ဌတာဝန်ယူဖို့ သဘောတူတယ်ဆိုကတည်းက ကျွန်တော်တို့ခေါင်းထဲမှာတော့ အလုပ်တွေ ခုနကလို အများကြီး စဉ်းစားနေရတာပေါ့။ ခင်ဗျားတို့(မီဒီယာ)အကူအညီတွေလည်း အများကြီးလိုတာပေါ့။

သဘောထား အမြင်အမျိုးမျိုးရှိသူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်

ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံဖို့ကတော့ သူတို့တွေလည်း ခုနကလိုလေ့လာမှုပြုဖို့ အချိန်ပေးရမယ်။ တချို့ကိစ္စတွေကျတော့လည်း လူမျိုးရေးနဲ့ ပတ်သက်တဲ့ဟာလေးတွေ၊ ခုနကလို ကျွန်တော်တို့ အမြင် မတူတာတွေရှိတယ်။ အသွင် မတူတာတွေရှိတယ်။ သဘောထား မတူတာတွေရှိတယ်။ ဒါတွေလည်း နောင်ကြုံကြိုက်လာလို့ရှိရင် လွှတ်တော်ထဲရောက်လာလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ခွင့်အပိုဒ် တစ်ပိုဒ်ပါပြီးသားဖြစ်ပါတယ်။ ဒါတွေက ခုနကလို အများရဲ့ဆန္ဒကိုရယူပြီးတော့ ပြင်ဆင်သွားလို့ရှိရင် ဒါရနိုင်တဲ့အနေအထားမျိုးတွေ ရှိပါတယ်။

တိုင်းပြည်နှင့် လက်နက်ကိုင်အဖွဲ့အစည်း

လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ တိုင်းပြည်မှာ တစ်ဖွဲ့တည်းပဲ ရှိရမယ်။ အခု ကြည့်ပေါ့။ ယိုးဒယား ဆိုလို့ရှိရင်လည်း ပြည်နယ်တွေ ကွဲထွက်လာတယ်။ ဟိုပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့၊ ဒီပြည်နယ်က လက်နက်ကိုင် တပ်ဖွဲ့ဆိုတာ မရှိပါဘူး။ တရုတ်ဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ၊ ဒေသတွေ အများကြီး ပေးထားတယ်။ သူ့ပြည်နယ်နဲ့သူ လက်နက်ကိုင်တဲ့အဖွဲ့ သူတို့လူမျိုးစုနဲ့သူဆိုတာ မရှိပါဘူး။ Even ခုနကလို အမေရိကန်နိုင်ငံလည်းပဲ လက်နက်ကိုင်အဖွဲ့ဆိုတာ တစ်ဖွဲ့တည်းပဲ ရှိတယ်။

အဲဒီလက်နက်တွေဟာ ဘာလုပ်ဖို့လဲ။ ဒီလက်နက်တွေဟာ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း ပစ်ဖို့၊ ခတ်ဖို့၊ သတ်ဖို့၊ ဖြတ်ဖို့ မဟုတ်တော့ ဘူး။ ကိုယ့်တိုင်းပြည်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက်။ အဲဒီတော့ ဒီသဘောထားတွေနဲ့ ကျွန်တော်တို့ တဖြည်းဖြည်းတော့ လုပ်ယူရမယ်။ အချိန်တော့ ကျွန်တော်တို့ နည်းနည်းလေး ယူရမှာပေါ့လေ။ ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေ ကြားဖြတ်ရွေးကောက်ပွဲကတော့ နေရာ ၄၀ ကျော်လောက်တော့ လစ်လပ်နေတယ်လို့ ကျွန်တော်တို့ ထင်တယ်။ လောလောဆယ်တော့ ဘယ်လ၊ ဘယ်ရက်ရယ်လို့ သတ်မှတ်ထားတာတော့ မရှိသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ညှိနှိုင်းကြတာ၊ တိုင်ပင်ကြတာလည်း ကျွန်တော်တို့ မလုပ်နိုင်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲတော့ လုပ်တော့ လုပ်ရမှာပဲ။ သတ်မှတ်ထားတဲ့ ရက် သတ်မှတ်ထားတဲ့ လ ဒါတွေကတော့ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး။

အစိုးရအဖွဲ့သစ်နှင့် Road Map

ကျွန်တော်တို့အနေနဲ့ Road Map ဆိုပြီးတော့ သတ်သတ်မှတ်မှတ် ဒီလို အစီအစဉ်ချထားတာတော့ မရှိပါဘူး။ အခြေအနေအရ လုပ်နိုင်တဲ့ဟာတွေ၊ စဉ်းစားသင့်တဲ့ဟာတွေကို ကျွန်တော်တို့ အရင်လုပ်သွားပါမယ်။ အဲဒီတော့ တိုင်းပြည်ရဲ့အခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ ဒါတွေကြည့်ပြီးတော့ ကိုယ့်တိုင်းပြည်ကောင်းဖို့၊ တိုင်းသူပြည်သားတွေနဲ့ပေါင်းပြီး ဒီလိုပဲ ကျွန်တော်တို့ လုပ်သွားရမှာပါပဲ။ ကျွန်တော်ထင်တယ်၊ ရှေ့ကိုတော့ ကောင်းမယ့် အလားအလာတွေ တော်တော်လေးမျှော်မှန်းလို့ ကျွန်တော်တို့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်နဲ့လည်း တစ်ကြိမ်တွေ့ပြီးပြီ။ တွေ့ပြီးတော့ နှစ်ယောက်လုံးရဲ့ သဘောထားတွေကို ပြောခွင့်ဆိုခွင့်တွေကိုလည်း ကျွန်တော်တို့ တော်တော်လေးရတယ်။ တချို့အချက်တွေလည်း မတူတာတွေ ရှိတာပေါ့။ အဲဒီတော့ မတူတာတွေကိုတော့ ကျွန်တော်တို့ ခဏဘေးဖယ်ထားကြရအောင်။ တိုင်းပြည်ရဲ့ အကျိုးစီးပွားပေါ့။ ဘုံအကျိုးစီးပွားအတွက် တူညီတာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ရအောင်။ ဒီကနေ့ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက ဘာလဲပေါ့။ ဒီဟာကိုလဲ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုတယ်။ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက တိုင်းပြည်က တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံ ရှိချင်တယ်။ ဒီဟာတစ်ချက်။

နောက်တစ်ခါ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ခေတ်မီတဲ့နိုင်ငံ ကျွန်တော်တို့ဖြစ်ချင်တယ်။ အဲဒီတော့ ဒီနှစ်ချက်က ပြည်သူအားလုံးရဲ့ ဆန္ဒပါ။ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားရဲ့ဆန္ဒလည်း ဖြစ်တယ်။ ကျွန်တော့်ဆန္ဒလည်း ဖြစ်တယ်။ ဒါကို ခင်ဗျားလက်ခံလားဆိုတော့ သူလက်ခံတယ်။ အဲဒီတော့ တိုင်းပြည်အကျိုးရှိမယ့်ဟာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီလိုပြောတဲ့အတွက်ကြောင့်လည်း အခုဒါရွေးကောက်ပွဲတို့ ဘာတို့ ပြန်ပြီးတော့ ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင် ဘာညာလုပ်တယ်ပေါ့။ ဘာတွေလုပ်မလဲဆိုတာ၊ ဘာကိုတွဲပြီးတော့ လုပ်ကြ ပြုကြမလဲဆိုတာ အခုချိန်ပြောဖို့တော့ ခက်တယ်။ သို့သော်လည်း ပြောနိုင်တာကတော့ တိုင်းပြည်အတွက် အကျိုးစီးပွားအတွက် ဘုံအကျိုးစီးပွားတွေအတွက် လက်တွဲပြီးတော့ လုပ်ကြမယ်ဆိုတဲ့ဟာကတော့ ဒီလိုတော့ ကျွန်တော်တို့ ပြောဆိုထားတွေ ရှိပါတယ်။

ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရန်အတွက် အချက်သုံးချက်

ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးဖို့အတွက်ကတော့ ကျွန်တော်တို့က အခုမှ အစိုးရသက်တမ်းက ရှစ်လပဲ ရှိသေးတယ်။ နောက်ကျွန်တော်တို့လူတွေကလည်း ဒီမိုကရေစီရဲ့အတွေ့အကြုံ သိပ်ပြီးမရှိသေးပါဘူး။

ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးဖို့အတွက်ကတော့ အချက်သုံးချက် လိုတယ်။ ပထမတစ်ချက်ကတော့ နိုင်ငံတော် လုံလုံခြုံခြုံနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိဖို့လိုတယ်။ ဒုတိယအချက်ကတော့ စီးပွားရေး အရေးကြီးပါတယ်။ စီးပွားရေးတိုးတက်လာဖို့ စီးပွားရေးတောင့်တင်းဖို့ လိုပါတယ်။ တတိယ အချက်ကတော့ လူ့စွမ်းအားအရင်းအမြစ်တွေ၊ လူတွေဟာ ပညာတွေ တတ်ကြပြုကြတယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် သူစဉ်းစားတယ်။ တွေးခေါ်နိုင်တယ်။ မှားတာမှန်တာကို သူခွဲခြားပြီးတော့ သိနိုင်ပြုနိုင်တယ်။ အဲဒီတော့ ဒါပြည်သူရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ ကျွန်တော်တို့ မူတည်တယ်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။