Home » » ပွဲစားအချို့ တောင်ကိုရီးယားတွင် အလုပ်ရမည်ဟု လိုက်လ ဆွဲဆောင်နေ

ပွဲစားအချို့ တောင်ကိုရီးယားတွင် အလုပ်ရမည်ဟု လိုက်လ ဆွဲဆောင်နေ

Written By မောင်စေတနာ on Thursday, November 10, 2011 | 4:30:00 AM



တောင်ကိုရီးယားသို့ Work Parmit ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ လူငယ်များအားလိုက်လံ ဆွဲဆောင်မှုများ ရန်ကုန်မြို့နှင့် နယ်အချို့၌ ရှိနေကြောင်း ကိုယ်တွေ့ကြုံရ သူ အချို့၏ ပြောပြချက်အရ သိရသည်။

”ဟိုဘက်ကနေခေါ်မှာပေါ့၊ ဒီဘက်က အမြန်လုပ်ရမယ်၊ အဲဒီ လိုပါ”ဟု လမ်းမတော်မြို့နယ်တွင်း နေထိုင်သူ အသက် ၆ဝ ခန့်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အသက် ၂ဝ ကျော်နှင့် ၃ဝကျော် အမျိုးသားများကို ဦးစားပေးခေါ်ခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်ရန် လိုအပ်သည့် ဆေးစစ်ချက်ကို သွေးမလိုဘဲ ကျပ်ကိုးသောင်းပေးလျှင် ရနိုင်သည်ဟု ဆိုကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

”မင်းတို့က ဟုတ်မှဟုတ်ရဲ့လားပေါ့၊ သွေးမပေးဘဲ ဆေးလက်မှတ်ရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဟိုရောက်မှ မတော်လို့ ဆေးကျပြီးပြန်လွှတ်ရင် ခက်လှချည်ရဲ့ဆိုပြီး ပြော ကြရင်းနဲ့ သွားဖို့အဆင်မပြေ ဖြစ်သွားကြတာ”ဟု ၄င်းက သူ့သားကို ကိုရီးယားပို့ရန် အစီအစဉ်ပျက်သွားခြင်းနှင့် ပတ်သက်ကာ ထပ်မံရှင်းပြသည်။

ဝန်ဆောင်ခများအတွက် ငွေကျပ် ၁ဝ သိန်းကျော်ကိုသာပေးရန်နှင့် ၄င်းတို့မကြာမီက ကိုရီးယားသို့ပို့ပေးခဲ့သည့် ၂ဝ ကျော်အရွယ်ရှိ လူငယ်နှစ်ဦးပင်လျှင် ၁ဝ ရက်ကျော် အကြာ၌ ငွေကျပ် ၅ သိန်း ပြန်လွှဲပေးမှုရှိခဲ့ကြောင်း၊ ကိုရီးယားဘာသာ စကားမှာလည်းအနေကြာလျှင် တတ်မြောက်သွားမည်သာဖြစ်၍ စိတ်ပူရန်မလိုကြောင်း အစရှိ သည်ဖြင့် ပွဲစားတို့က ဆွဲဆောင်ခဲ့ကြသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူ အသက်၂၂ နှစ်ကျော် အရွယ်ရှိ အမျိုးသား လူငယ်တစ်ဦးထံမှ သိရသည်။

တောင်ကိုရီးယားသို့ မြန်မာလုပ်သားပို့ဆောင်မှုနှင့် ပတ်သက်၍ အေဂျင်စီအချို့က မသမာမှုများ လုပ်ခဲ့ခြင်းကြောင့် အစိုးရချင်းချိတ်ဆက်ကာ ၂ဝ၁ဝ ပြည့်နှစ်မှစ၍ G to G စနစ်ဖြင့်ဆောင်ရွက်ခဲ့ရသည့် အေဂျင်စီမှ အကြီးတန်းအရာရှိ တစ်ဦးက ”ဒီလိုမျိုး အထွေထွေ လုပ်သားတွေကို Work Permit နဲ့ ခေါ်တာလုံးဝ မဖြစ်နိုင်ဘူး၊ အတု တွေပဲဖြစ်လိမ့်မယ်၊ ကျွမ်းကျင်လုပ်သားဆိုရင်တော့ တစ်မျိုးပေါ့” ဟု ပြောသည်။

အဆိုပါစနစ်အရ ကိုရီးယားသို့သွားလိုသူများသည် ကိုရီးယားဘာသာ စာမေးပွဲဖြေဆိုအောင်မြင် ရမည်ဖြစ်ပြီး စာမေးပွဲအောင်တိုင်းလည်း သွားရောက်ရမည် မဟုတ်ဘဲ တစ်ဖက်မှအလုပ်ရှင်များက ရွေးချယ်မှသာ သွားရောက်ခွင့်ရမည်ဖြစ် ကြောင်း သိရသည်။

ပွဲစားအများစုသည် ရန်ကုန်မြို့ ထဲ အချက်အချာကျသည့် နေရာများရှိ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များအပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တို့၌ လည်း ကွင်းဆင်းကာ ဆွဲဆောင်မှုများ ရှိနေသည်ဟု ပေါ်ပြူလာနယူးစ်မှ ကိုယ်တွေ့ကြုံခဲ့ရသူ နှစ်ဦးအား မေးမြန်းချက်အရ သိရသည်။

အမှန်တကယ် လက်လှမ်းမမီနိုင်သည့် လုပ်ခလစာများကို နိုင်ငံခြားတိုင်းပြည်များမှ ပေးသည်ဆိုသည်မှာ ဖြစ်နိုင်သော်လည်းကျွမ်းကျင် ပညာရှင် တို့သာရနိုင်ကြောင်း၊ အထွေထွေလုပ်သားဆိုသည်မှာ ထိုက်သင့်သည့်လစာကိုသာ ရမည်ဖြစ်သဖြင့် လူ့လောဘကို အခြေခံကာပွဲစားတို့က ဆွဲဆောင်မည်ကို သတိပြုဆင်ခြင်ရန် လိုကြောင်း၊ နိုင်ငံခြား သွားရောက် လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိ၌ တက္ကစီယာဉ်မောင်းနေသူ အသက် ၃၅ နှစ်အရွယ်ရှိ ပုဇွန်တောင်မြို့သားတစ်ဦးက သုံးသပ်သည်။

Source by : မင်းသုအောင် - Popular News
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။