မလေးရှားရောက် မြန်မာတစ်ယောက် အညတရတစ်ယောက်ရဲ့ အတွေ့အကြုံများ
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၂)
မြန်မာမြေပေါ်က လေယာဉ်ပျံတက်လာပြီးတာနဲ့ မလေးမြေရောက်ဖို့ထိက နှစ်နာရီခွဲတောင်ပျံရမယ်လို့ လေယာဉ်မှုးကြီးက ကြေငြာပါတယ်။ မင်္ဂလာဒုံ လေယာဉ်ကွင်းက စထွက်လာတုန်းက မြန်မာစံတော်ချိန်က မွန်းလွဲ နှစ်နာရီခွဲပါ။ ဒါဆိုရင်တော့ မလေးမြေကို ညနေ ၅နာရီမှ ရောက်မယ်ပေါ့။ ပြတင်းပေါက်က အပြင်ကြည့်လိုက်တော့လည်း ပြာလဲ့လဲ့ကောင်းကင်ကြီးရယ်၊ တိမ်ဖြူဖြူတွေရယ်၊ ပင်လယ်ပြာကြီးရယ်ပဲ မြင်နေရတာ ဆိုတော့ ဟိုတွေးဒီတွေးနဲ့ အချိန်တွေကို ကုန်စေခဲ့ပါတယ်။
ဖြတ်ကနဲ အိပ်ကပ်ထဲက တစ်သက်တစ်ကိုယ် တစ်ခါမှ မပိုင် မကိုင်ခဲ့ ဖူးလေတဲ့ အစိမ်းထပ်ကလေးကိုလည်း ဖိကြည့်လိုက်မိတယ်။ မလေးမြေနင်းချိန်မှာ အင်မီဂရေးရှင်းဆိုတာ တိုးဗီဇာနဲ့ လာတာမို့ ရှိုးဆိုတဲ့ မန်းနီးပြဆိုရင် ပြလို့ရအောင် အမတစ်ယောက်ရဲ့ယောင်္ကျား သင်္ဘောသားဆီကနေ မလေးရောက်ရောက်ခြင်း ပြန်ပို့ပေးပါ့မယ်လို့ ပြောတောင်းလာတဲ့ ငွေလေး၃၀၀ ရယ်၊ ကိုယ်ပိုင်လေးတွေကို ရန်ကုန်က ဗန္ဓုလပန်းခြံနားက ပလက်ဖေါင်းပေါ်မှာ ကျီးကန်းတောင်းမှောက် ဘယ်ညာကြည့် လဲလာတဲ့ မဆိုစလောက်လေးရယ်ပေါ့။
မလေးမြေနားရောက်တော့ လေယာဉ်ပေါ်က ကဒ်ဖြူဆိုတာအပါအဝင် ဖြည့်စရာရှိတဲ့ စာရွက်စာတမ်းတွေ လုပ်ပြီး အောက်ဖက်က ဆီအုန်းခြံတွေ၊ တိုက်တာ အိမ်ခြေပေါင်းများစွာနဲ့ ကိုယ်ခဏအောင်းရတော့မယ့် တိုင်းပြည် (မြို့တော်) ကြီးကို ကြည့်နေလိုက်မိတယ်။ လေယာဉ်မှုးကြီးရဲ့ နှတ်ဆက်စကားကြောင့် နာရီကို ရှေ့တစ်နာရီခွဲ ထပ်လှည့်ရမှာ ပါလားလို့ သိလိုက်ရတယ်။ (မလေးက မြန်မာထက် တစ်နာရီခွဲစောတယ်) မလေးမြေမှာ ညနေ ၆နာရီခွဲပါပေါ့လား။ လေယာဉ်ဘီး မြေထိလိုက်လို့ လေယာဉ်တုန်သွားတော့ တိုင်းတပါးကိုတော့ ရောက်ပဟလို့ အသိမှတ်လိုက်ရပါတယ်။
လေဆိပ်ထဲရောက်တော့ ရန်ကုန်က ထွက်မလာခင်မှာကထည်းက ပွဲစားကြိုတင် သင်ပြပေးလိုက်တဲ့ အင်မီဂရေးရှင်း ကောင်တာတွေ တွေ့ရင် အသက်ကြီးကြီးတွေ၊ ပန်ခြာခေါင်းပေါင်း (မလေးက ဝန်ထမ်းတွေထဲမှာ ပန်ခြာတွေက လာဘ်မစားဘူးလို့ အပြောများပါတယ်) တွေဆို ဝေးဝေးရှောင် ဆိုလို့ သူမှာတဲ့ အတိုင်း အသက်ငယ်ငယ်နဲ့ မိန်းကလေးငယ်တွေ ထိုင်တဲ့ကောင်တာကို မနဲလိုက်ရှာရပါတယ်။ ကြားဖူးထားတာကလည်း မြန်မာ ပါတ်စ်စပို့ အနီဆိုရင် လွှတ်ရစ်တယ်ဆိုလို့ ကြောက်နေရတာလည်း ပါတာပေါ့။
ဒါနဲ့ အသက်ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်ထိုင်နေတဲ့ ကောင်တာရှေ့မှာ အသာ Q Up လိုက်ပါတယ်။ ကိုယ့်ရှေ့မှာ ၄/၅ ယောက်ရှိနေပြီး တစ်ခါမှ မကြူံဖူးတော့ ရင်ထဲမှာ ထိတ်တိတ်တိတ်နဲ့ပေါ့၊ ကိုယ်နဲ့ အတူပါသူက ရှေ့ကနေပြီး ရှေ့လူတွေ အပါအဝင် သူ့အလှည့်မှာရော လျောခနဲ့ အထဲရောက်သွားပြီး ကိုယ်အလှည့်ဆီရောက်လာခဲ့ပါတယ်။ မမချောက သဘောကောင်းဗျား ၊ ဘယ်လုပ်ဖို့ မလေးလာတာလည်း မေးလို့ နှစ်သစ်ကူးပိတ်ရက် ခဏ လာလည်တာပါလို့ ဖြေလိုက်ရော “ ဒုံး “ ဆို တစ်လဝင်ခွင့် ထုပေးသဗျို့။ ကောင်တာဘေး အသာဖြတ်ပြီး အပြင်ရောက်တော့မှ ဟင်းချရ ပါတယ်။ ရောက်ပါပြီ ခင်ဗျာ မလေးရှားဆိုတဲ့ တိုင်းပြည်ကို ။
လေဆိပ်နဲ့ Kuala Lumpur (KL) က နဲနဲလှမ်းသေးတယ်လို့ ဆိုပါတယ်။ လေဆိပ်က ထွက်လို့ အပြင်ရောက်တော့ Taxi တွေက အပြိုင်ခေါ်ကြတော့ မလေးမြေမှာ နေခဲ့ဖူးလေသူ အတူလာခဲ့သူက သူ့မလေးစကား အစွမ်းကို စပြပါတော့တယ်။ Taxi သမားနဲ့ ကွိကွိကွကွ ပြောဆိုကြအပြီးမှာ ကျွန်တော်ကို ပြန်ပြောပြတာက မလေးငွေ ၇၀ တောင်းတာ ၃၅ ရင်းဂစ်နဲ့ ဆစ်လို့ ရလိုက်ကြောင်းကိုပါ။ ကားပေါ်မှာတော့ သူနဲ့ ကားသမား မလေးစကားနဲ့ စကားနဲ့အဖွဲ့ကျနေလိုက်တာများ ငယ်သူငယ်ချင်းတွေ တွေ့နေတဲ့ အတိုင်းပါပဲ။ အဲဒီတော့မှ ကိုယ့်လူရဲ့မလေးစကားပြော အစွမ်းကို အထင်ကြီး အားကျလိုက်မိပါတော့တယ်။
အဲဒီမှာ ပြောရအုံးမှာက မလေးမသွားခင် ကတည်းက သူကကျွန်တော်ကို မလေးအကြောင်းတွေ၊ မလေးက အလုပ်သမားတွေရဲ့ အခြေအနေတွေ၊ နေရထိုင်ရတာတွေ၊ ဖြစ်တတ်တာတွေ တော်တော်နားရည်ဝအောင် ပြောထားဖူးလို့ မရောက်ရသေးခင်မှာပဲ မလေးအကြောင်း အတော်သိနေခဲ့သဗျ။ နောက်သူက အာမခံ ပေးထားတာ တစ်ခုက မလေးရောက်ဖို့သာလုပ်၊ ရောက်ရင် နေစရာ၊ စားစရာ၊ အလုပ်ရှာတာက အစ ကူညီမယ်ဆိုခဲ့တာပေါ့။ သူ့မှာလည်း မိတ်ဆွေ အပေါင်းအသင်းများပြီး ကိုယ့်မှာလည်း အသိမိတ်ဆွေတွေ မလေးရောက်နေတာတွေ ရှိနေတော့ အားတော့နဲနဲ ရှိပါတယ်။
ဒီလိုနဲ့ ကားလေးက KL ထဲရောက်လာပါတယ်။ Kuala Lumpur ဆိုတဲ့ မလေးစကားက မီးပဒေသာ ထိန်ထိန်ညီးတဲ့မြို့လို့ ဆိုပါတယ်။ ကျွန်တော်တို့တွေ သွားနေတာက မလေးရောက် သူငယ်ချင်းတစ်စု စုနေကြတဲ့ KL ဆင်ခြေဖုံးက အိမ်ကလေး တစ်အိမ်ဆီကိုပါ။ သူတို့ အိမ်လေးကို ရောက်သွားတော့ ဝမ်းသာအားရ ကြိုကြပြီး ပြောတဲ့စကားက တို့လူတော့ မလေးရောက်လာပြီဟေ့တဲ့။ သူတို့နေတဲ့ အိမ်လို့ပြောရပေမဲ့ အဲဒီတစ်ထပ် အိမ်လေးရဲ့ အရှေ့ အားလုံးက အလှပြင်ဆိုင်၊ အနောက်ဖက်က အပိုင်းလေးကိုပဲ သူတို့ကို ဌားထားတာပါ။
ခဏနား၊ ရေမိုးချိုးပြီး သူတို့က အနားက တရုတ် စားသောက်ဆိုင်လေးမှာ ထမင်းလိုက်ကျွေးပါတယ်။ စားကြတာကတော့ မြန်မာပြည်မှာ ခေတ်မှီနေတဲ့ “ကြက်ဆီ” (ကြက်ဆီထမင်း) တစ်ယောက် ၂ကျပ်ခွဲ၊ ရေနွေး သောက်မလားမေးလို့ သောက်မယ်လုပ်လိုက်တာ တစ်ခွက် ပြား ၉၀ ကျတယ် သူတို့ကျွေးတာပါ။ မလေးရောက် မိတ်ဆွေများရဲ့ ကောင်းချက်က ရှင်းမယ်လုပ်တော့ သူတို့ဆီမှာ နေနေတုန်းမှာ အလုပ်မရခင်အထိ မင်းတို့ပိုက်ဆံ တစ်ကျပ်မှ မထုတ်နဲ့၊ မင်းတို့က အခုမှ ရောက်လာကြတာလို့ ခတ်တင်းတင်း ဆိုရှာပါတယ်။ သြော်…ဘဝတူတွေ အချင်းချင်း အပေါ်မှ ထားကြတဲ့ စေတနာကောင်းတွေ။ (ဆိုးသူတွေလည်း ရှိကြောင်းနောက်မှ ဆက်ရေးပါမယ်)။
ထမင်းစားပြီး အိမ်ပြန်ရောက်ကြတော့ မလေးသတင်းတွေနဲ့ မြန်မာပြည်က အပ်တူဒိတ်တွေ အကြောင်း ပြောမဆုံးပေါင် တောသုံးထောင် လုပ်လိုက်တာ ညသန်းကောင်ရောက်တာတောင် စကားက အဆက်ဖြတ်မရပါ။ တစ်နေလုံး ရန်ကုန်က မထွက်ခင် ကတည်းက ကိုယ်စိတ်ပင်ပန်းနေတာ ဆိုတော့ အိပ်လည်းအိပ်လိုက်ရော မနက်ခင်း အသံတွေ ဆူဆူညံညံ ကြားရမှ အိပ်ရာက နိုးလာတာ မျက်နှာကျက်ကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေသေးတယ်။ မြန်မာပြည်လားလေပေါ့..သြော်နောက်မှ ငါမနေ့က မလေးရောက် နေတာပါလားလို့ သတိထားလိုက်ရတယ်။ မလေးရှားရောက် အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရှားက ပထမဆုံး မနက်ခင်းပါပေတကား။
PS – တစ်ချိန်တစ်ခါက မလေးမြေကို ရောက်ခဲ့ဖူးလေသူ အညတရ မြန်မာတစ်ယောက်ရဲ့ မလေးရောက် အတွေ့အကြုံများ အသေးစိတ် ပြန်ပြောပြတာလေးတွေကို မှတ်တမ်းယူ၊ ခွင့်ပြုချက်တောင်းကာ ရေးဖွဲ့ထားပါတယ်။
Source by :http://mandalaygazette.com/
1 comments:
ကိုလေး ရေ ညီ မနေ့ည ကတည်းက ဖတ်နေတာခုမှ ဖတ်ပြီးတယ် အိပ်ပျော်သွားလို့လေ မလေးရှားရောက် မြန်မာလေး နောက်ပိုင်း ဘယ်ရောက်သွားလဲ သိချင်တယ် ဆက်ရေးပေးပါနော် ညီ ဖတ်မလို့ပါ အားပေးနေလျှက်ပါ
Post a Comment