Home » » အာဆီယံနိုင်ငံများ အားလုံးသို့ ဘုံဗီဇာတစ်ခုတည်းဖြင့် သွားနိုင်ရေး အစီအစဉ်ကို ၂၀၁၂ အပြီး ဆွေးနွေးမည်

အာဆီယံနိုင်ငံများ အားလုံးသို့ ဘုံဗီဇာတစ်ခုတည်းဖြင့် သွားနိုင်ရေး အစီအစဉ်ကို ၂၀၁၂ အပြီး ဆွေးနွေးမည်

Written By မောင်စေတနာ on Tuesday, November 22, 2011 | 11:30:00 AM



အစည်းအဝေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများ အမှတ်တရဓာတ်ပုံရိုက်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ပြည်ပနိုင်ငံခြားသားများက အာဆီယံ နိုင်ငံအားလုံးကို ဗီဇာ တစ်ခု တည်းဖြင့် သွားနိုင်သည့် ဘုံဗီဇာစနစ် အကောင်အထည်ဖော်ရန် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေး ခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ထိုအချက်ကို ထည့်သွင်းဆွေးနွေး ခဲ့ကြခြင်း ဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးများက ထိုဗီဇာစနစ် အသုံး ပြုနိုင်ရေးအတွက် လေ့လာသုံးသပ်ရန် လမ်းပြမြေပုံကို အကောင် အထည် ဖော်ရန် သဘောတူညီခဲ့ကြသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားများကို ဥရောပနိုင်ငံများတွင် လက်ရှိအသုံးပြုနေသည့် ရှန်ကန် ဗီဇာ ကဲ့သို့ ဆောင်ရွက်နိုင်ရန် စီစဉ်မည် ဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်အထိ အာဆီယံနိုင်ငံများမှ နိုင်ငံသားများကိုပင် ဗီဇာတစ်ခုတည်းဖြင့် နိုင်ငံအားလုံးကို သွားရောက်နိုင်အောင် စီစဉ်နိုင်သေး ခြင်း မရှိသေးချေ။ သို့သော် တချို့သော အာဆီယံနိုင်ငံ အချင်းချင်းတွင်မူ ဗီဇာကင်းလွတ် ခွင့်ပြုထားသည့် နိုင်ငံများ လည်း ရှိနေပြီ ဖြစ်သည်။

"အင်ဒိုနီးရှားကနေ စင်ကာပူ၊ မလေး ရှား၊ ဗီယက်နမ်၊ ထိုင်းတို့ကို သွားမယ် ဆိုရင် ဒီကနေ ဗီဇာမလိုဘူး။ဒါပေမယ့် ဒီကနေ မြန်မာ နိုင်ငံကို ဆိုရင်တော့ ဗီဇာလိုတယ်"ဟု အင်ဒိုနီးရှားနိုင်ငံ ရာဟူးဒေါ့ကွန်းသတင်းဌာနတွင် လုပ် ကိုင်နေသူ အီကရန်ပူထရာက မြန်မာ တိုင်း(မ်)ကို ပြောသည်။

၎င်းကဆက်ပြောသည်မှာ ထိုသို့ ဗီဇာ တစ်ခုတည်းဖြင့် နိုင်ငံအားလုံးကို သွားရောက်နိုင်ပါက နိုင်ငံတိုင်း၏ ခရီးသွား လုပ်ငန်းသည် ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဟု ဆိုသည်။

ယခုဘုံဗီဇာ စနစ်မှာ အာဆီယံနိုင်ငံ သားမဟုတ်သည့် အခြားနိုင်ငံများမှ လာရောက်လည်ပတ်သူများ အဆင်ပြေ စေရန်ဖြစ်ကာ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုမည်မှာ သေချာ ကြောင်း အင်ဒိုနီးရှားနိုင်ငံမှ အန်တာရာ သတင်းဌာနက နိုဝင်ဘာလ ၁၅ ရက်နေ့ က သတင်းထုတ်ပြန်သည်။

အာဆီယံသတင်းထုတ်ပြန်ချက်တွင်လည်း အဆိုပါ ဘုံဗီဇာဆိုင်ရာ အစီ အစဉ်ကို လာမည့် ၂၀၁၂ ခုနှစ်တွင် နောက်ဆုံးထားရေးဆွဲရန် နိုင်ငံခြားရေး ၀န်ကြီးများက အတည်ပြုခဲ့ကြသည်။

"ဒီ ဘုံဗီဇာစနစ်ကို ဆောင်ရွက်ဖို့ ဆွေးနွေးမှုဟာ အာဆီယံထိပ်တန်း အရာရှိကြီးတွေ အစည်းအဝေးမှာ အရေးပါတဲ့ အချက် တစ်ခု အဖြစ် ထည့်သွင်းခဲ့ တာဖြစ်ပါတယ်" ဟု အာဆီယံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး မစ္စတာ နာရပ်ဆ၀ါဂျာရာက နိုဝင်ဘာလ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

ထိုဗီဇာ စနစ်အကောင်အထည် ပေါ်လာပါက မြန်မာနိုင်ငံသည်လည်း အဖွဲ့ဝင်တစ်ခုအဖြစ် ပါဝင်ကျင့်သုံးရ တော့မည်ဖြစ်သည်။

ဘုံဗီဇာကျင့်သုံးရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံက လက်ရှိ ပြည်ဝင်ခွင့် ဗီဇာကန့်သတ်ထားသူများကိုလည်း ဖြေလျှော့ပေးရတော့ မည်ဖြစ်ကြောင်း ဗီအိုအေ အသံလွှင့်ဌာနမှ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"မြန်မာနိုင်ငံကနေ တခြားနိုင်ငံတွေ ကို သွားမယ်ဆိုရင်လည်း လက်ရှိဗီဇာ လိုနေသေးသလို အဲဒီနိုင်ငံတွေကလည်း ဒီကို ၀င်ရင် ဗီဇာလိုနေသေးတယ်။တကယ်လို့သာ အာဆီယံနိုင်ငံအားလုံး အနေနဲ့ နိုင်ငံသားတွေကို မျှတတဲ့ အခွင့် အရေးပေးမယ်ဆိုရင်တောင် အရမ်း ကောင်းလာမယ်"ဟု၎င်းကပြောသည်။

သို့သော် စံသတ်မှတ်ချက်နှစ်ခု လုပ် ထားမည်ဆိုပါက မျှတမည်မဟုတ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး အာဆီယံ နိုင်ငံများတွင်ပင် ကွာဟမှုများ ရှိနေ ကြောင်း ၎င်းက ပြောသည်။ "အဲဒီနိုင်ငံတွေက လာရင်လည်း ဗီဇာ မလိုဘဲ လာလို့ရအောင်လုပ်ပေးဖို့ လိုတာ ပေါ့"ဟု သူက ဆက်လက်ပြောသည်။

ဥရောပနိုင်ငံများကဲ့သို့ ရှန်ကန်ဗီဇာ ပုံစံလုပ်မည်ဆိုပါက ၀င်ရောက်လာ သည့် နိုင်ငံမှပင် ပြန်လည်ထွက်ခွာရလေ့ ရှိကြောင်းလည်း သိရသည်။ ထိုဗီဇာစနစ်အတွက် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှတစ်ဆင့် ခေါင်းဆောင်များ စုဝေးကြမည့် ထိပ်သီး အစည်းအဝေးတွင် ဆက်လက်အတည် ပြုရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Source by :http://myanmar.mmtimes.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။