Home » » သရုပ်ဆောင် မော်ဒယ်လ် ခင်နန်းထိုက် နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် မော်ဒယ်လ် ခင်နန်းထိုက် နှင့် တွေ့ဆုံခြင်း

Written By မောင်စေတနာ on Tuesday, November 8, 2011 | 5:00:00 PM



‘ကိုယ်တိုင် အားထုတ်ထားတာ မဟုတ်တဲ့ ဘယ်အရာကိုမှ ပိုမလိုချင်ဘူး’ ၊ သရုပ်ဆောင် မော်ဒယ်လ် ခင်နန်းထိုက် နှင့် တွေ့ဆုံခြင်း ...

မော်ဒယ်လ်တစ်ဦး အဖြစ်သာ သူ့ကိုစတင်သိမြင်ခဲ့ရာက ကြော်ငြာများနှင့် တေးစီးရီးဗီစီဒီများတွင် ပရိသတ် အများအပြား ရယူထားသူ တစ်ဦးအဖြစ်ပါ တဖြည်းဖြည်း လက်ခံလာစေခဲ့သူ။ သူ၏အနုပညာ သက်တမ်းက သုံးနှစ်ဝန်းကျင်ဟု ဆိုသော်လည်း တခြားသော မော်ဒယ်လ်များကဲ့သို့ သရုပ်ဆောင်ရပ်ဝန်းတွင် ပီပြင်စွာ မတွေ့ မြင်ရသေးဘဲ မော်ဒယ်လ်စင်မြင့်များထက်နှင့် ကြော်ငြာများတွင်သာ အများအပြားတွေ့မြင် ရသူ။ မော်ဒယ်လ်တစ်ဦး၏ လမ်းကြောင်းကိုသာ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေသူဟု ဆိုရမည့် သရုပ်ဆောင် မော်ဒယ်လ်ခင်နန်းထိုက် ရွေးချယ်ထားသည့် အနုပညာလမ်းကြောင်းနှင့် မော်ဒယ်လ်တစ်ဦး၏ ရပ်တည်ချက်၊ ရှေ့ဆက်မည့် ခရီးတို့ကိုမေးမြန်းဖြစ်ခဲ့ရာ . . .

မေး ။ ခင်နန်းရဲ့အနုပညာလှုပ်ရှားမှုတွေထဲမှာ ကြော်ငြာရိုက်တာနဲ့ ရှိုးလျှောက်တာမှာ အများဆုံး တွေ့ရတယ်နော်။ အဲဒီနှစ်ခုကို အဓိကထားပြီး လုပ်ဖြစ်တာလား။

ဖြေ ။ ဟုတ်။ ဒီလပိုင်းထဲမှာ ကြော်ငြာရိုက်ဖြစ်တာ တော်တော်များနေတယ်။ ရှိုးပွဲတွေကလည်း ဒီလပိုင်း မှာ ဆက်တိုက်ဆိုသလို လုပ်နေတော့ ဆက်တိုက်လျှောက်ဖြစ်သွားတာ။ အဲဒီနှစ်ခုကိုပဲ ဆက်တိုက်လုပ်သလို ဖြစ်နေတာပေါ့။ ဇာတ်ကားရိုက်တာကတော့ လာပြောကြပေမယ့် တချို့ ကားတွေကျတော့ နယ်သွားရမှာ မျိုးတွေဆိုတော့ ခင်နန်းအလုပ်တစ်ဖက်နဲ့က အဆင်မပြေဘူးလေ။


ရန်ကုန် မှာ ရိုက်မယ်ဆိုလည်း ခင်နန်းတကယ် လုပ်ချင်တဲ့၊ လုပ်နိုင်တဲ့ကားမျိုး လေးပဲဖြစ်ချင်တယ်။ အဲဒါနဲ့ပဲ ဇာတ်ကားရိုက်တဲ့အပိုင်းကို သိပ်လက်မခံနိုင်ဘူး ဖြစ်နေတာ။ ခင်နန်းတတ် အားသရွေ့ လေ့လာဆည်းပူးပြီးရင်တော့ ဇာတ်ကားရိုက်တွေ လက်ခံဖြစ်မှာပါ။

မေး ။ ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း အရဆို ကိုယ်ရောက်တဲ့လမ်းက နည်းနေတယ် လို့ တွေးမိတာမျိုးရောရှိလား။

ဖြေ ။ ခင်နန်းစလုပ်ကတည်းက လည်း ချက်ချင်းကြီးအောင်မြင်စေ၊ နာမည်ကြီးစေ ဆိုတာမျိုး စိတ်ကူးနဲ့လုပ် ခဲ့တာ မဟုတ်ပါဘူး။ ခင်နန်းအရင် ကတည်းက ၀ါသနာပါတာက မော်ဒယ်လ်တစ်ယောက် အဖြစ်ပါ။ ဒါကြောင့် စင်မြင့်တွေထက်မှာ ရှိုးလျှောက်ရတာ၊ ကြော်ငြာတွေ၊ စတေပုံတွေ ရိုက်ရတာကို ခင်နန်းပျော်တယ်။ အခု ခင်နန်းလုပ်ခဲ့သမျှ အရာအားလုံးကို ပြန်ကြည့်မယ်ဆိုလည်း ခင်နန်း ကိုယ်တိုင် နှစ်သက်လက်ခံလို့ လုပ်ဖြစ်ခဲ့တာချည်းပဲ။

ဒီလိုရွေးချယ် လုပ်ခဲ့လို့ရလာတဲ့ ရလဒ်ကိုလည်း ခင်နန်းလက်ခံတယ်။ ခင်နန်း အရင်ကတည်းက ဖြစ်ချင်တာကို အတင်းလုပ်ယူ ဖန်တီးရတာမျိုးကို သိပ်မကြိုက်ဘူး။ ခင်နန်း တတ်နိုင်သလောက်တော့ ကြိုးစားကြည့်မယ်။ အဲဒီအပေါ် ရလာတဲ့ရလဒ်ကို ကျေနပ်တယ်။ ကျန်တာတွေ သိပ်အများကြီး မစဉ်းစားဖြစ်ဘူး။

မေး ။ ဇာတ်ကားတွေ ရိုက်ထားပေမယ့် ပရိသတ်ရှေ့တော့ သိပ်အများကြီး ရောက်မလာသေးဘူးနော်။

ဖြေ ။ ခင်နန်းရိုက်ထားတာ ခုနစ် ကားလောက်တော့ ရှိနေပြီ။ တချို့ ကားလေးတွေ ထွက်လာတာမျိုး ရှိပေမယ့် တချို့ကားတွေလည်း အခု ထိ ထွက်မလာသေးတာတွေ ရှိတယ်။ ထွက်လာတဲ့ ကားလေးတွေကို ကြည့်ပြီးတဲ့ ပရိသတ်တွေကတော့ ထပ်ရိုက်ဖို့ ပြောကြပါတယ်။

ခင်နန်း လက်ခံထားတာကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပီပီပြင်ပြင် လုပ်ပြခွင့်ရမှ ခင်နန်းလုပ်မယ်လို့ပါ။ မော်ဒယ်လ် တစ်ယောက်အဖြစ်က ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်တွေမှာ တွေ့ခွင့်ရနေသားပဲလေ။ ဇာတ်ကားမှာကျ တော့လည်း အဲဒီလို အလှပြရုံလောက်ပဲဆိုရင်တော့ ဘာမှမထူးဘူးပေါ့။ ဒါကြောင့် ခင်နန်းကားရိုက်အ တွက် လည်း သေချာလေး ရွေးဖြစ်နေတာပါ။

မေး ။ ကြော်ငြာတွေမှာတော့ ခင်နန်းကို ပရိသတ်တွေက တော်တော် လက်ခံထားကြတယ်နော်။

ဖြေ ။ ဟုတ်တယ်။ ကြော်ငြာတွေမှာ ခင်နန်းကို ကြိုက်ကြတာများတယ်။ ဖြစ်နိုင်တာကတော့ ကြော်ငြာဆိုတာ တစ်ပြည်လုံး အတိုင်းအတာအရ ကြည့်ဖြစ်နိုင်တာပေါ့။ ဇာတ်ကားဆိုတာကတော့ ထွက်တယ်ဆိုတာ သိဦးမှ၊ ကြည့်ဖြစ်ဦးမှ ပေါ့လေ။ အဲဒါ လေးတော့ ကွာခြားပါတယ်။

မေး ။ မော်ဒယ်လ်အဖြစ် လှုပ်ရှားခဲ့တာ နှစ်ကြာပြီဆိုတော့ မော်ဒယ်လ်တစ်ယောက်ရဲ့ professional ကို ဘယ်လိုနားလည် လက်ခံထားလဲ။

ဖြေ ။ မော်ဒယ်လ်ဆိုတာ နိုင်ငံတကာမှာတော့ကျယ်ပြန့်တဲ့ professional တစ်ခု ပါပဲ။ ရှိုးလျှောက်တဲ့ မော်ဒယ်လ်၊ ကြော်ငြာရိုက်တဲ့ မော်ဒယ်လ်၊ Brand မော်ဒယ်လ်စသဖြင့် သူ့အမျိုးအစားအလိုက် ခွဲခြားရပ်တည်ကြတယ်။ မော်ဒယ်လ်တစ်ယောက်ဖြစ်ဖို့ ဆိုရင်လည်း မော်ဒယ်လ်တစ်ယောက် အတွက် လိုအပ်တဲ့အခြေခံ အချက်အလက်တွေ အားလုံးပြည့်စုံကြတယ်။

ဒီမှာကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် professional ရပ်တည်နိုင်ဖို့ဆိုတာ ခဲယဉ်းပါသေးတယ်။ မော်ဒယ်လ်ဆိုတာ သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ ကနဦး ခြေလှမ်းလို့ပဲ နားလည်လက်ခံ ထားကြတုန်းပဲ။ professional ပီသဖို့ဆိုတာက ကိုယ်ရွေးချယ်ထားတဲ့ အလုပ်ကို လေးစားလိုက်နာဖို့ အဓိက လိုအပ်တာလေ။

မေး ။ ခင်နန်းရဲ့အနာဂတ် ရည်မှန်းချက်ကရော။

ဖြေ ။ ခင်နန်း သိပ်အများကြီးတော့လည်း ရည်ရွယ်ထားတာမျိုး မရှိပါဘူး။ ၀ါသနာပါတဲ့ အနုပညာအလုပ်လေးတွေ တစ်နိုင်တစ်ပိုင် လုပ်ခွင့်ရနေတာကို ကျေနပ်ပါတယ်။ ပရိသတ်တွေ အများကြီးက ချစ်ခင်အားပေးတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ခွင့်ရအောင် ကြိုးစားချင်သေးတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့လည်း ရည်ရွယ်ထားပါတယ်။

မေး ။ လူငယ်အနုပညာရှင် တစ်ယောက်ရဲ့လိုချင်တဲ့ ပန်းတိုင်ကိုသွားတဲ့ ခရီးလမ်းမှာ လက်ကိုင်ထားတဲ့ ခံယူချက်က။

ဖြေ ။ ခင်နန်းစိတ်ထဲမှာ အမြဲတမ်း ခံယူထားတာတစ်ခုက ကိုယ်လုပ်သလောက် ကိုယ်ရမှာပါပဲ။ ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ပြန်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားပုံလိုပေါ့။ ချိုတဲ့အသီး စိုက်ရင် ချိုတဲ့အသီးစားရမှာပါပဲ။ တတ်စွမ်းသမျှ ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲလုပ်ဖြစ်ပါတယ်။

အဲဒီအ တွက်ရလာတဲ့ ကောင်းကျိုးဆိုးကျိုးသည် ခင်နန်းကိုယ်တိုင် အားထုတ်ထားတာ ဖြစ်တဲ့အတွက် လိပ်ပြာသန့်တယ်။ ကိုယ်တိုင် အားထုတ်ထားတာ မဟုတ်တဲ့ ဘယ်အရာကိုမှ ပိုမလိုချင်ဘူး။

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။