ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိပါ ရည်မှန်းထားသူ ဒီဇိုင်နာသက်နှင်းအေးက ပြည်တွင်းရှိထင်ရှားသည့် လူငယ်အနုပညာရှင်များစွာတို့၏ ၀တ်စုံဒီဇိုင်းများကိုလည်း ဖန်တီး ရေးဆွဲပေးနေသူတစ်ဦး ပင်ဖြစ်သည်။ တက်ကြွသွက်လက်သည့် လူငယ်တစ်ဦး၏ ရွေးချယ်ထားသည့် လုပ်ငန်းအပေါ် ပရော်ဖက်ရှင်နယ်ပီသစွာ လျှောက်လှမ်းနေသည့်လမ်းကြောင်း၊ ခံယူချက်နှင့် ရှေ့ဆက်မည့်ခရီးတို့ကို မေးမြန်းဖြစ်ခဲ့ရာ . . .
မေး ။ လူငယ်တစ်ယောက်အနေနဲ့ ဒီဇိုင်နာတစ်ယောက်ရဲ့ life ကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့တာလဲ။
ဖြေ ။ ငယ်ငယ်ကတည်းက မေမေက ဒီဇိုင်နာတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီဇိုင်းဘာသာရပ်က အရမ်းစိမ်းနေတာမျိုး မဟုတ်ပါဘူး။ ၀ါသနာလည်းပါတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ဒီဇိုင်းနဲ့ပတ်သက်လို့ မေမေ့ဆီမှာ သင်ယူဖြစ်ခဲ့တယ်။ မေမေ မအားတဲ့ တစ်ရက်မှာ မေမေ့ customer တစ်ယောက်ကို အစားလုပ်ပေးဖြစ်တယ်။ သူ့ရဲ့စိတ်ကျေနပ်ပျော်ရွှင်သွားမှုကို မြင်တွေ့ခံစားရချိန်မှာ ဒီအလုပ်က သူများကိုလည်း ပျော်ရွှင်စေသလို ကိုယ်တိုင်လည်း ပျော်ရွှင်ရတယ်ဆို တာ နားလည်လာတယ်။ ဒါကြောင့် ဒီဇိုင်နာတစ်ယောက်ရဲ့ life ကိုကိုယ့် ရဲ့ profession အဖြစ် ရွေးချယ်ဖြစ်ခဲ့တာပါ။
မေး ။ ဂျပန်တက္ကသိုလ်မှာသင်ယူခဲ့တဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ဂျပန်တက္ကသိုလ်မှာ သင်ယူခဲ့ရတာ ဒီကသင်ရတဲ့ပုံစံနဲ့တော့ ကွာခြားပါတယ်။ ဟိုက သင်ကြားတဲ့ပုံစံက လက်တွေ့ကို အခြေခံတဲ့ သင်ကြားမှုစနစ်ပေါ့။ စတက်တဲ့အချိန်ကတည်းကကို ကိုယ့်မှာရှိပြီးသား အတွေ့အကြုံအပေါ် အခြေခံပြီးသင်ယူရတာ။ သင်ပေးတဲ့ဆရာတွေ ဆရာမတွေဆိုတာကလည်း နာမည်ကြီး ဒီဇိုင်နာတွေပဲဆိုတော့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ပါပေါင်းစပ်ပြီး သင်ကြားပေးတာ။ ဒီဇိုင်းဘာသာရပ် ဆိုပေမယ့် ဘာသာခွဲတွေကလည်း အများကြီးရှိပါတယ်။ ဒီဇိုင်းဖန်တီးတာ၊ အရောင်စပ်တာ အပါအဝင် အမျိုးကွဲတွေ အများကြီးပါပဲ။ ဒီဇိုင်းပညာရပ်တင်မကဘူး။ ဦးထုပ်ဖန်တီးတာမျိုးလို တခြားသော ဘာသာရပ်တွေ အများကြီးကို အား လပ်ချိန်မထားဘဲ သင်ယူဖြစ်ခဲ့တယ်။
နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုရင် နိုင်ငံတကာမှာ လက်ခံတဲ့၊နိုင်ငံတကာနဲ့ အဆင်ပြေနိုင်တဲ့ဖန်တီးမှုမျိုးကို မြန်မာရဲ့ traditional မပျောက်အောင်ပေါင်းစပ်ပြီး ဖန်တီးသင့် နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုရင် နိုင်ငံတကာမှာ လက်ခံတဲ့၊နိုင်ငံတကာနဲ့ အဆင်ပြေနိုင်တဲ့ ဖန်တီးမှုမျိုးကို မြန်မာရဲ့ traditional မပျောက်အောင်ပေါင်းစပ်ပြီး ဖန်တီးသင့်
မေး ။ သင်တန်းဆင်းသွားချိန်မှာ မြန်မာဒီဇိုင်နာလောကကို ဘယ်လိုစပြီး ဝင်ဖြစ်ခဲ့လဲ။
ဖြေ ။ သင်တန်းဆင်းပြီး မြန်မာနိုင်ငံ ပြန်ရောက်တော့ ဒီဇိုင်နာအလုပ်ကို ပရော်ဖက်ရှင်တစ်ခုအနေနဲ့ လုပ်ဖို့ဆုံး ဖြတ်ခဲ့ပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်ကို မေမေ့ရဲ့ Dozo ဒီဇိုင်း သင်တန်းကျောင်းက သင်တန်းသူတွေကို ဝေငှပေးခဲ့တယ်။ ပထမဆုံးဒီဇိုင် နာရှိုးအနေနဲ့ ဆီဒိုးနားဟိုတယ်မှာ စလုပ်ဖြစ်ခဲ့တယ်။ ဂျပန်က သင်ယူလာတဲ့ နည်းပညာရယ်၊ ကိုယ်လေ့လာ ဆည်းပူးထားတဲ့ အတွေ့အကြုံရယ် ပေါင်းစပ်ပြီး ဖန်တီးဖြစ်ခဲ့တာ။
မေး ။ ဒီဇိုင်နာဆိုတဲ့ profession က အရင်ကထက်စာရင် ပိုပြီးကျယ်ပြန့်လာသလို စိတ်ဝင်စား ရွေးချယ်မှုလည်း များလာတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ အရင်တုန်းကတော့ ဒီဇိုင်နာတစ်ယောက်ရဲ့ အခန်းကဏ္ဍက ဒီမှာသိပ်ပြီး မကျယ်ပြန့်သေးဘူး။ ဒီဇိုင်နာဆိုတာရဲ့ အရေးပါမှုကလည်း သိပ်ပြီး မသိကြသေးဘူး။ ဒီဘက်ဆယ်စုနှစ်တစ်ခုအတွင်းမှာမှ ဒီဇိုင်နာတွေရဲ့ အရေးပါမှုက သိသာထင်ရှားလာတယ်။ ဒီဇိုင်နာရှိုးပွဲတွေ လုပ်လာကြသလို နိုင်ငံတကာပွဲတွေအထိ ခြေဆန့်တာမျိုးတွေလည်း လုပ်လာခဲ့ကြတယ်။ မင်းသမီးတွေရဲ့ ဒီဇိုင်နာဆို တာမျိုးလောက်ပဲ စိတ်ပါဝင်စားမှုရှိရာက လူအများစု စိတ်ပါဝင်စားတဲ့ ဘာသာရပ်တစ်ခု ဖြစ်လာပြီ။ နိုင်ငံ တကာမှာဆိုလည်း မြန်မာဒီဇိုင်နာတွေရဲ့အရည်အသွေးကို စပြီးအသိအမှတ်ပြုလာသလို ပြည်တွင်းက ကုမ္ပဏီလုပ် ငန်းရှင်တွေနဲ့ပူးပေါင်းပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိပါတယ်။ ဒါက ကောင်းတဲ့အလားအလာပါပဲ။
မေး ။ ပြည်ပအတွေ့အကြုံတွေ အများကြီးရှိထားပြီးဖြစ်တဲ့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ မြန်မာဒီဇိုင်နာတွေ ပြည်ပကိုထိုးဖောက်ဖို့ ဘာတွေလိုအပ်ဦးမှာလဲ။
ဖြေ ။ မြန်မာဒီဇိုင်နာတွေရဲ့ သက်ဆိုင်ရာဖန်တီးမှုတွေအလိုက် အတွေ့အကြုံတွေက ရှိကြပြီးသားပါ။ အဓိကတော့ နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုရင် နိုင်ငံတကာမှာ လက်ခံတဲ့၊ နိုင်ငံတကာနဲ့ အဆင်ပြေနိုင်တဲ့ ဖန်တီးမှုမျိုးကို မြန်မာရဲ့ traditional မပျောက်အောင် ပေါင်းစပ်ပြီး ဖန်တီးသင့်ပါတယ်။နောက်တစ်ခုက စက်မှုပိုင်းဆိုင်ရာ လိုအပ်ချက်၊ ဈေးကွက်ကျွမ်းကျင်မှုတွေပါပဲ။ စက်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ ဈေးကွက် ရှာဖွေမှုတွေကိုသာ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ နိုင်ငံတကာကို ဆက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
မေး ။ လူငယ်ဒီဇိုင်နာတစ်ယောက်ရဲ့အနာဂတ် ရည်မှန်းချက်အနေနဲ့ကရော။
ဖြေ ။ အစ်မဂျပန်မှာ သင်ယူလေ့လာထားတဲ့ပညာနဲ့ အတွေ့အကြုံကို အခြေခံပြီး ဒီဇိုင်းဖန်တီးမှုတွေ ပြုလုပ်နေပါတယ်။ တတ်ထားတဲ့ပညာကို ဒီမှာလည်း ပြန်လည်သင်ကြားပေးပါတယ်။ မနှစ်ကလည်း ဂျပန်ဒီဇိုင်း တက္ကသိုလ်က ဒီဇိုင်းပါမောက္ခကို ဖိတ်ကြားပြီး ဒီဇိုင်းဘာသာရပ်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ထပ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကိုယ်ပိုင် brand တစ်ခုတည်ထောင်နိုင်ဖို့ကြိုးစား နေသလို ဂျပန်နဲ့ပေါင်းပြီးတော့လည်း ဒီဇိုင်နာရှိုးပွဲတစ်ခု ပြုလုပ်သွားဖို့ရှိပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ဈေးကွက်ခိုင်မာဖို့ ကြိုးစားသွားမှာပါ။
Source by :http://www.news-eleven.com/

0 comments:
Post a Comment