ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်ထရာသည် အောက်တိုဘာ ၅ ရက်နေ့က မြန်မာနိုင်ငံသို့ တစ်ရက်တာ အလည်အပတ်ခရီးစဉ် လာရောက်ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန် မြှင့်တင်ရန်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော ခရီးစဉ်တွင် ၀န်ကြီးချုပ်ယင်လပ်ခ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လက ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် သြဂုတ်လတွင် ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာခဲ့သော ယင်လက်ခ်သည် ဒေသတွင်းနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်လည်ပတ် နေခြင်းဖြစ်သည်။ ယင်လက်ခ်သည် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့ကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် အား ချစ်ကြည်ရေးခရီးစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီ တော်အားသွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်သော တစ်ရက်တာချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် နယ်စပ်စစ်ဆေးရေးစခန်းများ အမြဲတမ်းဖွင့်လှစ်ရေး၊ လူသားရင်းမြစ်များဖွံ့ဖြိုးရေးတွင် ကူညီရေး၊ တရားမ၀င် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွယ်နေသည့် ပြဿနာများကို ပူးပေါင်းဖြေရှင်းရေးကို ဆွေးနွေးကြမည်ဟု လည်း အစောပိုင်း သတင်းဖော်ပြချက်များအရ သိရသည်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment