Home » » တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရလာရန် အမျိုးသမီးများ စိတ်ဝင်စားလာ

တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရလာရန် အမျိုးသမီးများ စိတ်ဝင်စားလာ

Written By မောင်စေတနာ on Wednesday, August 17, 2011 | 4:24:00 AM


EPS အလုပ်ကြေညာစာများအား စိတ်ဝင်စားကြည့်ရှု နေကြစဉ်

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရလာရန် အမျိုးသမီးအများစု စိတ်ဝင်စားမှုရှိလာခဲ့ကြောင်း သိရှိရပါသည်။

အစိုးရချင်းချိတ်ဆက်ကာ ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရသော ယင်း EPS စနစ်သည်လက်ရှိတွင် အမျိုးသားများသာ ခေါ်ယူလျက်ရှိနေကြောင်း သိရှိ ရပါသည်။

ယင်း EPS သည် မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အလုပ်သမားများအား ခေါ်ယူလျက်ရှိနေရာ မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီး ခေါ်ယူခွင့်မရှိသေးကြောင်း ကိုရီးယား အလုပ်သမားရေးရာ ၀က်ဘ်ဆိုက် စာမျက်နှာများမှ သိရှိရပါသည်။

“၀က်ဘ်ဆိုက်တွေမှာကြည့်တော့ မြန်မာတစ်နိုင်ငံတည်း EPS စနစ်နဲ့ ကိုရီးယားကို မိန်းကလေး မသွားနိုင် သေးတာ။ ကျန် ၁၄ နိုင်ငံမှာတော့ အမျိုးသား၊ အမျိုးသမီးတန်းတူခေါ်တယ်။ ဒီမှာလည်း အမျိုးသမီးတွေ သွားခွင့်ရရင်သွားချင်တယ်။ ယူအေ အီးတို့၊ မလေးရှားတို့တောင် ကိုယ့် အစီစဉ်နဲ့ကိုယ် သွားနေတာတွေရှိနေမယ့် အစား EPS နဲ့အစိုးရချင်း ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းတွေသာ ပေါ်လာရင် သွားရတာလည်း လုံခြုံမှု ရှိလာမယ်”ဟု ကိုရီးယားဘာသာဖြင့် ဘွဲ့ရထားသော မြန်မာအမျိုးသမီး တစ်ဦးက ပြောကြားခဲ့ပါသည်။

“နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ တွေနဲ့ လျော်ညီမှုရှိတဲ့ အလုပ်အကိုင်တွေကို လမ်းဖွင့်ပေးဖို့တော့ လိုတယ်လို့ ယူဆတယ်။ မြန်မာမိန်းကလေးတွေ အရှေ့အလယ်ပိုင်း၊ မလေးရှားမှာတောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလုပ် သွားလုပ်နေကြတယ်။ အခုလို EPS နဲ့သာတရားဝင် အစိုးရချင်း ချိတ်ဆက် ပြီးအမျိုးသားတွေလို အခွင့်အလမ်း ရှိရင် မည်သည့်ပြဿနာမျိုးမှ ရှိလာမှာ မဟုတ်ဘူးလေ” ဟု မလေးရှားနိုင်ငံ မှမကြာသေးမီက ပြန်ရောက်လာခဲ့ သူ မ၀င်းစန္ဒာက ပြောပြခဲ့ပါသည်။

ယခုအခါ မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရချင်းချိတ်ဆက်မှု အစီအစဉ်အရ မြန်မာနိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် များဖြင့်နယ်စပ်ဖြတ်ကျော် တရားဝင် အလုပ်လုပ်ကိုင်ခွင့်များတွင် အမျိုးသားများကဲ့သို့ အမျိုးသမီးများလည်း ထိုင်း နိုင်ငံတွင် သွားရောက် လုပ်ကိုင်ခွင့်ရနေကြကာ တောင်ကိုရီးယားတွင်လည်း EPS စနစ်ဖြင့်အမျိုးသမီးများ သွားရောက်လုပ်ကိုင်ခွင့် ရလာရန် မျှော်လင့်နေကြသည်ဟု အမျိုးသမီးငယ်များထံမှ သိရှိရပါသည်။

တောင်ကိုရီးယားမှ EPS ဖြင့် အလုပ်သမားခေါ်ယူကြရာတွင် ကျန် ၁၄ နိုင်ငံမှ အမျိုးသမီးများမှာ အမျိုးသားများတန်းတူ အခွင့်အရေးရကြကာ စက်ရုံ၊ အလုပ်ရုံများတွင်ပင် လုပ်ကိုင်ကြရသည်ဟုလည်း သိရှိရပါသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။