Home » » ဒဿနဆရာ နန္ဒာသိန်းဇံ ကွယ်လွန်

ဒဿနဆရာ နန္ဒာသိန်းဇံ ကွယ်လွန်

Written By မောင်စေတနာ on Thursday, August 18, 2011 | 12:00:00 PM


ဆရာ နန္ဒာသိန်းဇံ (ဓာတ်ပုံ - Eleven Media Group)

“ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း”၊ “ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ” စသည့် ဘဝဒဿန စာပေများကို ရေးသားခဲ့သည့် ဒဿနိကဗေဒ ပါမောက္ခဟောင်း၊ စာရေးဆရာ နန္ဒာသိန်းဇံ (၆၅ နှစ်) သည် ယမန်နေ့ညနေ ၇ နာရီခန့်က ရန်ကုန်ဆေးရုံကြီးတွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။

ကျန်ရစ်သည့် ဆရာ၏ ရုပ်ကလာပ်ကို မနက်ဖြန် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်ရန် စီစဉ်ထားသော်လည်း စာပေမိတ်ဆွေများ၊ တပည့်များ၏ ဆန္ဒအရ လာမည့် ၁၈ ရက်နေ့ (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် ဂူသွင်းသင်္ဂြိုလ်မည်ဟု တူဖြစ်သူ ကိုနန္ဒလွင်ကျော်က ပြောသည်။

“နယ်က တပည့်တွေကရော၊ မြို့က မိတ်ဆွေတွေကပါ အားလုံးက ဆရာ့ကို နောက်ဆုံး မြင်ချင်လို့ သူတို့ကို စောင့်ပေးပါဆိုလို့ ၅ ရက်ထားတာပါ” ဟု ၎င်းကဆိုသည်။

ဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မာမာ သာ ကျန်ရစ်ခဲ့ပြီး သားသမီးမရှိပေ။

၁၉၆၃ ခုနှစ်၌ သင့်ဘ၀မဂ္ဂဇင်းတွင် “မှတ်ဥာဏ်နှင့် အတွေးအခေါ်” ဆောင်းပါးကို ရေးသားပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။

ဆရာနန္ဒာသိန်းဇံ၏ ပထမဆုံး စာအုပ်မှာ ၁၉၆၉ ခုနှစ်က ရေးသားခဲ့သည့် “ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ” ဖြစ်သည်။ ထိုစာအုပ်သည် ဆရာ၏ မဟာဝိဇ္ဇာ ဘွဲ့အတွက် ကျမ်းပြုစဉ်က ရေးသားပြုစုခဲ့သည့် စာတမ်းဖြစ်သည်။ ထို့နောက် ၁၉၇၉ ခုနှစ်တွင် “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ကို ရေးသားခဲ့သည်။

ဆရာသည် ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း ၁၈ အုပ်ခန့် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်များတွင် “မိတ်ကောင်းဆွေကောင်းဖြင့် ခရီးသွားခြင်း”၊ တရုတ် တွေးခေါ်ပညာရှင် ဆွန်ဇု၏ အယူအဆများနှင့် မိတ်ဆက်ပေးသော “စီးပွားရေးနှင့် စစ်ရေးဗျူဟာ” စာအုပ်များမှာလည်း လူကြိုက်များသည်။

စာပေဟောပြောပွဲများ ခေတ်စားခဲ့စဉ်ကာလ ကလေး၊ လူကြီးမရွေး ပရိသတ်ပေါင်းစုံရှိသည့် စာပေဟောပြောပွဲများတွင် ဆရာ နန္ဒာသိန်းဇံသည် ဘာသာရပ်ဆိုင်ရာ ဒဿနိကဗေဒကို လူအများ နားလည်စိတ်ဝင်စားအောင် ဟောပြောနိုင်သော စာရေးဆရာ တယောက်ဖြစ်ကြောင်း ပြည်သူခေတ်ဂျာနယ် အယ်ဒီတာ စာရေးဆရာဖေမြင့်က ဆိုသည်။

“တနာရီလောက် ပြောရတဲ့ ဟောပြောပွဲမှာ ပရိသတ်နားလည်အောင် ပြောနိုင်တဲ့သတ္တိထူး ရှိပါတယ်” ဟု ဆရာဖေမြင့်က ပြောသည်။

အလားတူ စာပေဘက်တွင်လည်း ဘ၀ဒဿနများကို လူအများနားလည်အောင် ရေးပြနိုင်စွမ်းရှိကြောင်း ဆက်လက်ပြောသည်။

ဆရာ နန္ဒာသိန်းဇံကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်မြို့တွင် မွေးဖွားခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ဒဿနိကဗေဒ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနတွင် နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်ပြီး ၂၀၀၃ ခုနှစ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာ နန္ဒာသိန်းဇံသည် ဗုဒ္ဓတက္ကသိုလ်တွင်လည်း ဧည့်ပါမောက္ခအဖြစ် အချိန်ပိုင်း တာဝန်ယူကာ သင်ကြားပေးခဲ့သည်။

၂၀၀၄ ခုနှစ်တွင် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ခံရသည်။ ကွယ်လွန်ခါနီး အချိန်အထိ ဘ၀ဒဿနဆောင်းပါးများ၊ အတွေးအမြင်ဆောင်းပါးများကို ရေးသားခဲ့သည်။

ဆရာ နန္ဒာသိန်းဇံ၏ စာအုပ်များသည် အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ကို စာရေးဆရာ မိုးဟိန်း (သားဂျာနယ်ကျော်) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

ဆရာ နန္ဒာသိန်းဇံ၏ စာအုပ်၊ စာပေလက်ရာများ ထုတ်ဝေရေးနှင့် ပတ်သက်၍ တူဖြစ်သူ ကိုနန္ဒလွင်ကျော်က တာဝန်ယူ ဆောင်ရွက်မည်ဟု သိရသည်။

မြန်မာစာပေလောကတွင် ဆရာ နန္ဒာသိန်းဇံ ကဲ့သို့ ဘ၀ဒဿနနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒကိုအခြေခံကာ ရေးသားသည့် စာရေးဆရာကြီး ဆရာပါရဂူသည်လည်း ပြီးခဲ့သည့် ဧပြီလတွင် ကွယ်လွန်ခဲ့ပြီးဖြစ်သည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။