Home » » ဘန်ကောက်တွင် ရဲ၏ လုယက်မှု ခံရကြောင်း မြန်မာ အလုပ်သမားများပြော

ဘန်ကောက်တွင် ရဲ၏ လုယက်မှု ခံရကြောင်း မြန်မာ အလုပ်သမားများပြော

Written By မောင်စေတနာ on Thursday, August 18, 2011 | 4:03:00 PM


လုယက်ခံခဲ့ရသည့် ကိုစိုးညီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်ဆောင် နယ်မြေ ဘန်ဘော် ငါးသေတ္တာရုံ အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းရဲဟု ယူဆရသူများ လုယက်ခံခဲ့ရသည့် မြန်မာအလုပ်သမားက သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရှိရသည်။

ဖလန်ဆောင် နယ်မြေ၊ ထပ်ခမ်း ရဲစခန်း တာဝန်ရှိသူ တဦးက “ရွှေလက်စွပ် လုယက်ခံရမှုနဲ့ တိုင်ကြားထားတာ ရှိပါတယ်။ တရားခံကိုတော့ မဖမ်းမိသေးဘူး။ အမှုအတွက် အဆင့်ဆင့် လုပ်သွားဖို့ ရှိပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့ ည (၁၁)နာရီခန့်က adda ဖိနပ်စက်ရုံ အလုပ်သမား ကိုစိုးညီနှင့် ငါးသေတ္တာရုံမှ အလုပ်သမား တစ်ဦးတို့ ငါးသေတ္တာရုံရှေ့ရှိ မြန်မာကွမ်းယာဆိုင်တွင် ထိုင်နေကြစဉ် လက်ထိပ်၊ ပစ္စတို သေနတ်နှင့် ထိုင်း ရဲဝတ်စုံ အပြည့် ၀တ်ဆင်ထားသူ နှစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ငါးသေတ္တာရုံမှ အလုပ်သမားဖြစ်သူမှာ ရှောင်တိမ်းသွားခဲ့ရာ ကိုစိုးညီအား ဆိုင်ကယ်ပေါ်သို့ တင်ခေါ်သွားပြီး မှောင်ရိပ် နေရာတစ်ခုသို့ အရောက်တွင် မျက်နှာကို လက်သီးဖြင့်ထိုး၍ ဘတ်ငွေ (၂၀၀)၊ ယာယီ ပတ်စ်ပို့နှင့် ရွှေအလေးချိန် ငါးမူးသားရှိသည့် လက်စွပ်တစ်ကွင်းကို လုယက် ယူငင် သွားခဲ့ကြောင်း ကိုစိုးညီက ပြောပြသည်။

ကိုစိုးညီက “ကျနော် ပတ်စ်ပို့ကို ပြတယ်။ ပုလိပ်က ဘတ်(၂၀၀၀) ပေးရမယ်လို့ ပြောတယ်။ ကျနော်က ပိုက်ဆံမရှိဘူးလို့ ပြောတော့ ကျနော့် မျက်နှာကို လက်သီးနဲ့ တစ်ချက်ထိုးတယ်။ ပြီးတော့ လက်မှာဝတ်ထားတဲ့ လက်စွပ်ကို အတင်းချွတ်ပြီး လုယူ တော့တာပဲ၊ လက်စွပ် ကာလတန်ဖိုးက ဘတ် တစ်သောင်း သုံးထောင် လောက် တန်ဖိုးရှိပါတယ်”ဟု ပြောပြသည်။

ကိုစိုးညီ၏ အမှုကို ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)က လိုက်ပါ ကူညီ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

BAT မှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “အလုပ်သမား အခွင့်အရေး အတွက် အကာအကွယ်ရအောင် ကျနော်တို့ ထိထိရောက်ရောက် လုပ်ပေးသွားမယ်’’ဟု ပြောသည်။

သြဂုတ် (၂)ရက်နေ့ကလည်း စမွတ်စာခွန် နယ်မြေမှ မြန်မာအလုပ်သမား ကိုအောင်အောင်နှင့် မခိုင်တို့ ဇနီးမောင်နှံ နှစ်ဦး ဘန်ကောက်မြို့သို့ လာရောက်ခဲ့စဉ် မြို့လယ် အနုဆာဝါလီ လွတ်လပ်ရေး ကျောက်တိုင် အနီးတွင် ထိုင်းရဲတစ်ဦးက ကားပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဘတ်ငွေ (၃၀၀၀)ကျော် တန်ဖိုးရှိ ရွှေလက်စွပ် တစ်ကွင်းနှင့် ဘတ် (၂၅၀၀)ကို ရဲက ယူဆောင်သွားသည့် အမှု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်များက ပြောပြသည်။

ကိုအောင်အောင်မှာ ယာယီပတ်စ်ပို့ ရှိသော်လည်း ဇနီးဖြစ်သူ မခိုင်မှာမူ နေထိုင် အလုပ်လုပ်ခွင့် လက်မှတ်(ဘတ်)သာ ရှိသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထိုင်းရဲက ပြောဆိုပြီး ငွေကြေး တောင်းခံသွားဟုလည်း ဆိုသည်။

ထိုင်း အလုပ်သမား ဥပဒေအရ ထို အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်)ဖြင့် တခြားသော နယ်မြေဒေသများသို့ သွားလာခွင့် မရှိကြောင်း၊ သွားလာသူကို ဖမ်းဆီးမိပါက ဘတ်ငွေ (၅၀၀)သာ ဒဏ်ငွေ သတ်မှတ်ထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

အလားတူ ဖြစ်ရပ်များ မဟာချိုင်နှင့် အခြားနေရာများတွင်လည်း ဖြစ်ပွားမှုရှိကြောင်း မဟာချိုင်မှ အလုပ်သမားအရေး ကူညီ ဆောင်ရွက်သူ ကိုနိုင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလကလည်း ဘန်ကောက်မြို့ အယ်ကချိုင်လမ်းရှိ အမှတ်(၈)ဆေးရုံ အနီးတွင် ထိုင်းရဲ တစ်ဦးက ကရင်အလုပ်သမား တစ်ဦးအား လက်နှိပ်ဓာတ်မီးဖြင့် ရိုက်နှက်ပြီး ဘတ်ငွေ (၆၀၀၀)လုယက်မှု ဖြစ်ပွားခဲ့ကြောင်း BAT က ပြောပြသည်။

အဆိုပါ အမှုအား BAT က ဘန်ကောက် အခြေစိုက် အင်ဂျီအို အဖွဲ့တစ်ဖွဲ့ နှင့်အတူ အမှုဖွင့်တိုင်ကြား ခဲ့သော်လည်း အမှုမှန် မပေါ်ပေါက်ခဲ့ပေ။

Source by :http://www.ghre.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။