မေလ ရွေးကောက်ပွဲတွင် အာဏာရပါတီကို အထိနာစေခဲ့သော လူထု၏ မကျေနပ်မှုများကို သက်သာရာ ရစေရန် ကြိုးပမ်းသည့် အနေဖြင့် စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမားများသည် ပိုမို တင်းကျပ်သည့် စည်းမျဉ်းများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက သြဂုတ်လ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်သည့် အစိုးရမူဝါဒကို လူထုက မကျေနပ်မှုသည် မေလ ရွေးကောက်ပွဲတွင် အာဏာရ People's Action Party ကို ၁၉၆၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေနှင့်ကြုံတွေ့စေခဲ့သည်။
စင်ကာပူ နိုင်ငံသားများကို ပထမဦးစားပေး ထားရှိမည်ဟု ၀န်ခံ ကတိပြုခဲ့ပြီး နိုင်ငံခြားသား အလုပ်သမားများနှင့် ကျွမ်းကျင် အလုပ်သမားများ အတွက် လိုအပ်ချက်များကို အစိုးရက တင်းကျပ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် လီက ပြောကြားခဲ့သည်။
စင်ကာပူသည် ကျွမ်းကျင်မှုနိမ့် နိုင်ငံခြားသား အလုပ်သမားများ ငှားရမ်းမှုကို လျော့ချနေပြီ ဖြစ်သော်လည်း အလယ်အလတ်အဆင့် မန်နေဂျာများ၊ အမှုဆောင်အရာရှိများ ကဲ့သို့သော ရာထူးများအတွက် စင်ကာပူနိုင်ငံသားများသည် နိုင်ငံခြားသား အလုပ်သမားများနှင့် ယှဉ်ပြိုင်နေရဆဲ ဖြစ်သည်။ သို့သော်လည်း ထိပ်တန်းအဆင့် ပညာရှင်များ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ အတွက် စင်ကာပူသည် လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
''အောက်ခြေ အဆင့်မှာတော့ တင်းကျပ်နေပါပြီ။ ထိပ်တန်း အဆင့်ကတော့ လွတ်လပ်နေဆဲပါပဲ''ဟု အမျိုးသားနေ့ မိန့်ခွန်းတွင် လီက ပြောကြားခဲ့သည်။ ''အလယ်အလတ်နဲ့ အလယ်အလတ် အောက်ခြေ အဆင့်ကိုတော့ ကျွန်တော်တို့ ညှိနှိုင်းမှုတချို့ လုပ်ရပါမယ်'' ဟုဝန်ကြီးချုပ်လီ က ပြောကြားခဲ့သည်။ထို့ပြင် Employment Pass ဖြင့် လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမား အတွက် လစာ တိုးမြှင့်မှုများ၊ အရည်အချင်း သတ်မှတ်ချက် မြှင့်တင်မှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment