Home » » မြန်မာ (၃) ဦးအား ကလေးငယ်များကို လူကုန်ကူးမှုဖြင့် ချင်းမိုင်တွင် ဖမ်းဆီးထား

မြန်မာ (၃) ဦးအား ကလေးငယ်များကို လူကုန်ကူးမှုဖြင့် ချင်းမိုင်တွင် ဖမ်းဆီးထား

Written By မောင်စေတနာ on Monday, August 1, 2011 | 4:57:00 AM

http://www.ghre.org/mm/shared_media/images/20110728a.jpg
ထိုင်းနိုင်ငံ အတွင်းမှ ရွှေ့ပြောင်း မြန်မာ ကလေး အလုပ်သမား တဦး

လူကုန်ကူးသူများဟု ယူဆရသူ မြန်မာနိုင်ငံသား (၃) ဦးကို ကလေးငယ်များနှင့်အတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖမ်းဆီးထားကြောင်း ယမန်နေ့က ထိုင်းနိုင်ငံထုတ် သတင်းများတွင် ရေးသား ဖော်ပြထားသည်။

ချင်းမိုင် အမှတ် (၅)တိုင်း ရဲဌာနချုပ်မှ ရဲများနှင့် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဦးတင်ဝင်း၊ ဒေါ်ရွှေကြည်နှင့် ဒေါ်ချိုတို့ကို ချင်းမိုင်မြို့ ၀န်ကစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် အသက် (၃)နှစ်မှ (၁၄)နှစ် အရွယ်ရှိ ကလေးငယ် (၈)ဦးနှင့် အတူ ဖမ်းဆီးရမိသည်ဟု The Nation သတင်းနှင့် ခေါင်စွတ် သတင်းများတွင် ဖော်ပြ ထားသည်။

၎င်းတို့ (၃)ဦးကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးထားကြောင်းနှင့် ၎င်းတို့က ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့ တဘက်ကမ်း ဒေသရှိ ကလေးငယ်များကို ခေါ်ယူလာခဲ့ပြီး ချင်းမိုင်မြို့အတွင်း ကမ္ဘာလှည့် ခရီးသည်များ ရှိသည့် နေရာများတွင် တောင်းရမ်း စားသောက်သည့် အလုပ်ကို လုပ်ကိုင်စေကြောင်း သတင်းတွင် ပါရှိသည်။

ကလေးငယ်များသည် နေ့စဉ် ဘတ်ငွေ (၅၀၀)ပြည့်အောင် ရှာဖွေရကြောင်းနှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဦးတင်ဝင်းမှာ ကလေးငယ် အချို့ကို မဖွယ်မရာ ပြုကျင့်မှုဖြင့်လည်း အစွပ်စွဲ ခံထားရကြောင်း သတင်းတွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ထိရောက်သည့် ပညာပေးခြင်းများ ပြုလုပ်သင့်ပြီး ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေသည့် စနစ်တစ်ခု ပေါ်ပေါက်မှသာ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ပပျောက် နိုင်မည်ဟု ထိုင်းမြန်မာ အခြေအစိုက် ကချင်အမျိုးသမီး လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ မခေါင်စိန်းပါးက ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ မိဘတွေက ဆင်းရဲကြတယ်။ လူကုန်ကူးသူတွေ အပြောကို ယုံပြီးတော့ ပို့လိုက်ကြတာလည်း ရှိတယ်။ သူတို့ သားသမီးတွေ ထိုင်းကို ရောက်ရင် အလုပ်အကိုင် ကောင်းကောင်းရမယ်လို့ ထင်ကြတယ်”ဟု ပြောသည်။

တရားခံအဖြစ် အစွပ်စွဲခံထားရသူ (၃)ဦးက ကလေးငယ်များ အားလုံးနှင့် ဆွေမျိုး တော်စပ်သူများ ဖြစ်ကြောင်း ထွက်ဆို ထားသဖြင့် ၎င်းတို့အား သိပ္ပံနည်းကျ မျိုးရိုးဗီဇ စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်သွားမည်ဟု ထိုင်းရဲမှူးကြီးက ပြောသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။