‘ရိုးသားမှုကို အခြေခံပြီး ဖြည်းဖြည်းမှန်မှန် ကြိုးစားသွားမှာပါ’၊ မာရီနာနှင့် တွေ့ဆုံခြင်း
ဒီတစ်ပတ် အင်တာဗျူးကဏ္ဍမှာ ပရိသတ်နဲ့ တွေ့ဆုံပေးချင်သူက နာဂတိုင်းရင်းသူလေးပါ။ မော်ဒယ်လ် စင်မြင့်တွေထက်မှာ မကြာခဏတွေ့ရသလို ရုပ်သံကြော်ငြာတွေမှာလည်း စတင်ပါဝင်ခွင့် ရလာသူလေးပေါ့။ Chito ကြော်ငြာမှာတော့ ပရိသတ် ထူးထူးခြားခြား မှတ်မိစေခဲ့သလို ကြော်ငြာအများအပြားလည်း ထပ်မံရိုက်ကူးလို့ နေပြန်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံအဖြစ် ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံရိုးရာ ဖက်ရှင်ပြိုင်ပွဲမှာလည်း ‘The Best Talent ‘ ဆုကိုရရှိထားသူလည်း ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ဦး အဖြစ်ကနေ သရုပ်ဆောင် တစ်ယောက်အဖြစ်ဆီကို ကူးပြောင်းရောက်ရှိလာတဲ့ တိုင်းရင်းသူလေး မာရီနာနဲ့ ရိုးရှင်းပွင့်လင်းတဲ့ စကားသံတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။ မာရီနာနဲ့ အနုပညာခရီးအစ၊ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ ရှေ့ဆက်မယ့်ပန်းတိုင် စတာတွေကို ပြောပြခဲ့တာက . . .
မေး ။ အနုပညာလမ်းကြောင်းပေါ်ကို ဘယ်လိုခြေချဖြစ်ခဲ့လဲဆိုတဲ့ အကြောင်းကနေစပြီး ပြောပြပေးပါလား။
ဖြေ ။ အနုပညာ အလုပ်တွေကိုတော့ ငယ်ငယ်ကတည်းက အရမ်းဝါသနာပါခဲ့တာ။ ဒါကြောင့် မာရီနာ တက္ကသိုလ်ဝင်တန်း အောင်ပြီးချိန်မှာ ရန်ကုန်ရောက်လာခဲ့ပြီး ဆရာဂျွန်လွင်ဆီမှာ မော်ဒယ်လ်သင်တန်း တက်ဖြစ်ခဲ့တာ။ Miss ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့ရာကနေ ဒီလောကထဲကို ရောက်လာခဲ့တာပါ။
မေး ။ ဒါဆို ၀င်ပြိုင်ဖြစ်ခဲ့တဲ့ပြိုင်ပွဲ အတွေ့အကြုံတွေနဲ့ ရထားတဲ့ဆုတွေ ကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ပြိုင်ပွဲ အတွေ့အကြုံဆိုရင်တော့ မာရီနာက ဒီလောကနဲ့ အစိမ်းသက်သက်ဆိုတော့ အခက်အခဲတွေ အများကြီးကြုံခဲ့ရ တယ်။ ဒါပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ ကြိုးစားမယ်။ ကျန်တာ ရခြင်း မရခြင်းအပေါ်မှာ အာရုံမစိုက်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ပဲ ကြိုးစားခဲ့ပါတယ်။ Miss Latcyd, Miss Paul-michel, Miss Pink Lady, The Best Smile (Marmaid) , 1st runner up- Stylist Star (2008), 1st runner up -Miss MSI စတဲ့ ဆုတွေရထားပြီးပါပြီ။ ပြည်ပပွဲအဖြစ်ကတော့ ဗီယက်နမ်နိုင်ငံမှာပြုလုပ်တဲ့ အာဆီယံရိုးရာဖက်ရှင် ပြိုင်ပွဲမှာ The Best Talent ဆုကိုရရှိခဲ့ပါတယ်။
မေး ။ ပြည်ပပြိုင်ပွဲ အတွေ့အကြုံနဲ့ ပြည်တွင်းအတွေ့အကြုံက ဘာတွေ ကွာခြားလဲ။
ဖြေ ။ အများကြီး ကွာခြားပါတယ်။ ပြည်ပပွဲမှာ လာပြိုင်တဲ့ မော်ဒယ်လ်တွေ အားလုံးက Professional ဆန်ပါတယ်။ ပြိုင်ပွဲပြုလုပ်တဲ့ အဆင့်ဆင့်ကိုက သူ့နေရာနဲ့သူ အမှတ်ပေး သွားတာမျိုးဆိုတော့ ကိုယ့်ဘက်က တော်တော်လေး စွမ်းရည် ပြည့်ဝဖို့ လိုတဲ့သဘောပါ။ နောက်ထပ် အတွေ့အကြုံတစ်ခု အနေနဲ့သိရတာက နိုင်ငံတကာပြိုင်ပွဲမှာ အရေးကြီးဆုံး လိုအပ်တာက အထွေထွေဗဟုသုတနဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အသွေးပါ။ အဲဒီအရည်အချင်းနှစ်ခုက တော်တော် အရေးပါပါတယ်။ မော်ဒယ်လ်မို့လို့ အင်္ဂလိပ်စာ တတ်စရာမလိုဘူး၊ အထွေထွေ ဗဟုသုတ သိစရာမလိုဘူးဆိုတာမျိုး မဟုတ်ဘဲ နိုင်ငံတကာပွဲမှာ ဘက်စုံပြည့်စုံဖို့ လိုအပ်တယ်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။
မေး ။ မော်ဒယ်လ်တစ်ယောက် အဖြစ် ရပ်တည်ရတာနဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်ရတာ ဘာတွေကွာခြားလဲ။
ဖြေ ။ မော်ဒယ်လ်တစ်ယောက် အဖြစ်ကတော့ ရှိုးပွဲရှိရင် လျှောက်ရုံပဲပေါ့။ ဒီမှာကတော့ Professional Model အဖြစ်သီးခြား ရပ်တည်နိုင်ဖို့က နည်းနည်း ခက်ပါတယ်။ ဒါကြောင့် မော်ဒယ်လ်အဖြစ်ကနေ သရုပ်ဆောင် တစ်ယောက် အဖြစ်တွဲပြီးလုပ်ကြတာ ပိုများပါတယ်။ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်တယ် ဆိုတာကတော့ ကိုယ်တတ်နိုင်သလောက် ဖြည်းဖြည်းချင်း ကြိုးစား ရတာပေါ့လေ။
မေး ။ ကြော်ငြာတွေမှာတော့ မာရီနာကို ပရိသတ် သတိထားမိသွားပြီနော်။ ကြော်ငြာတွေမှာ သရုပ်ဆောင်တဲ့အခါရော ဘယ်လိုပြင်ဆင်လဲ။
ဖြေ ။ ကြော်ငြာတွေမှာ chito ကြော်ငြာနဲ့ ပရိသတ် သတိထားမိသွားတယ် ထင်ပါတယ်။ အဲဒီကြော်ငြာလေးက ထိုင်းက ဒါရိုက်တာကပဲ ရိုက်သလို စသွားကတည်းကလည်း story board နဲ့ဝတ်ရမယ့် အ၀တ်အစားကအစ ပြောပေးတာမျိုးဆိုတော့ အခက်အခဲ အများကြီး မရှိလိုက်ပါဘူး။ ကြော်ငြာရမယ့် ကုန်ပစ္စည်း ပုံစံအလိုက်တော့ လိုက်ဖက်အောင် ပြင်ဆင်ထားပါတယ်။
မေး- ကြော်ငြာအသစ် ထပ်ရိုက်ဖြစ်တာရော ရှိလား။
ဖြေ ။ ရှိပါတယ်။ တွင်းတောင်မှာ ရေညှိနဲ့လုပ်ထားတဲ့ အားဆေးအသစ်တစ်မျိုး အတွက် သွားရိုက်ဖြစ်တယ်။ ဒါရိုက်တာက သိန်းဟန်(ဖီးနစ်)ပါ။ မာရီနာနဲ့ အတူ စံရတီမိုးမြင့်လည်း ပါပါတယ်။ နောက်ထပ်ကြော်ငြာ အသစ်တစ်ခုက ဇွန်လကုန်မှာ ထိုင်းမှာသွားရိုက်ဖြစ်မယ်။ မာရီနာရယ်၊ မေဂရေ့စ်ဘယ်ရီရယ်၊ သဉ္ဇာနွယ်ဝင်းရယ်ပါ။ ဂျေဒိုးနက်ကြော်ငြာပါ။
မေး ။ ဇာတ်ကားရိုက်ကူးမှု အပိုင်းကိုရော ဘယ်လိုပြင်ဆင်ထားလဲ။
ဖြေ ။ ဇာတ်ကားရိုက်တဲ့ အပိုင်းကတော့ မာရီနာ လုပ်နိုင်တယ်လို့ဆိုတဲ့ ဇာတ်ရုပ်မျိုးလေးဖြစ်မှပဲ လက်ခံဖြစ်ပါတယ်။ အရင်ကလည်း ဇာတ်ကားတချို့ ရိုက်ခဲ့ဖူးပေမယ့် တချို့ကားတွေကျတော့ ပင်ပန်းရကျိုး မနပ်တာမျိုးတွေရှိတယ်။ ပါရတဲ့အခန်း နည်းတာများတာထက် ဘယ်လောက်လုပ်ပြခွင့်ရမလဲ ဆိုတာမျိုးလေး စဉ်းစားပြီးမှ လုပ်ဖြစ်တယ်။
မေး ။ အနုပညာလမ်းကို ဖြည်းဖြည်းချင်း လျှောက်နေတဲ့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုခံယူထားလဲ။
ဖြေ ။ မှန်ကန်သော နည်းလမ်းနဲ့ ကြိုးစားမယ်ဆိုရင် တစ်ချိန်မှာအောင်မြင်မယ် ဆိုတာပါပဲ။ ပုံမှန်ကြိုးစားနေတဲ့ သူတစ်ယောက်ကို ဘယ်လိုအရာမျိုးကမှတော့ ရေရှည်ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ကြိုးစားဖို့ပဲလိုမှာပါ။ ဒါကြောင့် တတ်စွမ်းသရွေ့ ကြိုးစားအားထုတ်ပြီး အောင်မြင်မှုကိုရယူမှာပါ။ ဘယ်အလုပ်ပဲ လုပ်လုပ် ရိုးသားမှုက အရေးကြီးပါတယ်။ ဒါကြောင့် ရိုးသားမှုကို အခြေခံပြီး ဖြည်းဖြည်းမှန်မှန် ကြိုးစားသွားမှာပါ။
Source by :http://www.weeklyeleven.com/
0 comments:
Post a Comment