Home » » သရုပ်ဆောင်မြင့်မြတ် နှင့် တွေ့ဆုံခြင်း ....

သရုပ်ဆောင်မြင့်မြတ် နှင့် တွေ့ဆုံခြင်း ....

Written By မောင်စေတနာ on Tuesday, July 5, 2011 | 11:41:00 AM

http://www.weeklyeleven.com/images/stories/June_11/Bi/e4123.jpg
‘ကျွန်တော် ၀ါသနာပါမြတ်နိုးလို့ ရွေးချယ်ထားတဲ့ ဒီအလုပ်အတွက် ကျွန်တော့်ဘက်က အမြဲတမ်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်’ ၊ သရုပ်ဆောင်မြင့်မြတ်နှင့် တွေ့ဆုံခြင်း ....

မဟော်ဂနီ ဗီဒီယိုထုတ်လုပ်ရေးရဲ့ စင်တင်မင်းသား တစ်ယောက်အဖြစ်နဲ့ ဒီလောကထဲ စ၀င်လာခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ဒရာမာပိုင်နိုင်သူ မင်းသားတစ်ဦးအဖြစ် ပရိသတ်လက်ခံခဲ့သူပါ။ ဒီနောက်ပိုင်းမှာတော့ ဒရာမာတစ်မျိုးတည်း သာမကဘဲ ဇာတ်ရုပ်အစုံကို ပိုင်နိုင်သူ တစ်ယောက်အဖြစ်ပါ အစွမ်းပြနိုင်ခဲ့တဲ့ သရုပ်ဆောင်မြင့်မြတ်က ‘အာတာပူစီ’၊ ‘မွှေမာမီ’၊ ‘ကတိ’၊ ‘ငြမ်း’စတဲ့ ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်အကြိုက်နဲ့ ကြိုးစားမှု တစ်သားတည်း ကျစေခဲ့ပါတယ်။ မြင့်မြတ်က အနုပညာလောကအတွင်း ၀င်ရောက်လာခဲ့တာ ငါးနှစ်သက်တမ်း ပြည့်တော့မှာ ဖြစ်သလို မဟော်ဂနီနဲ့ စာချုပ်ထားတဲ့ ငါးနှစ်သက်တမ်းကလည်း ဒီနှစ်ထဲမှာပဲ ပြည့်တော့မှာ ဖြစ်ပါတယ်။ မဟော်ဂနီရဲ့ စင်တင်ပွဲထုတ်မှု၊ ပံ့ပိုးပေးမှုတွေနဲ့ ပရိသတ်ရှေ့ ရပ်တည်နိုင်နေပြီဖြစ်တဲ့ မြင့်မြတ်က ရှေ့ဆက်မယ့် သူ့ရဲ့အနုပညာခရီးနဲ့ ပတ်သက်လို့ အခုလိုဖြေကြားပေးခဲ့ပါတယ်။

မေး ။ လတ်တလောထွက်ထားတဲ့ ‘မွှေမာမီ’ တို့ ‘ကတိ’ တို့က ဈေးကွက်ထဲမှာ ပေါက်တယ်နော်။ အဲဒီကားတွေ ရိုက်ကူးတုန်းက ပြင်ဆင်ခဲ့ရ ပုံလေး အရင်ပြောပြပါလား။

ဖြေ ။ ဘယ်ကားမဆိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ရတာ ချည်းပါပဲ။ ‘မွှေမာမီ’ ကျတော့လည်း အဲဒီ ကာရိုက်တာလေးက ပရိသတ်အကြိုက် ဖြစ်သွားတဲ့ ကာရိုက်တာလေးပေါ့။ ‘ကတိ’ ကျတော့လည်း အမေဘယ် သူမှန်းသိသိနဲ့ အမေလို့ခေါ်ခွင့်မရှိတဲ့ ကာရိုက်တာမျိုး ကျတော့လည်း ပရိသတ်က ကြိုက်ကြတယ်။။

မေး ။ ထပ်ရိုက်မယ့် ကားတွေအတွက်ရော ဘယ်လိုရွေးချယ်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ အခုထွက်ထားတဲ့ ကားတွေမှာ ဆိုလည်း မွှေမာမီဆိုရင် ပုံမှန်ဟာသကားတွေနဲ့ မတူတဲ့ ကားလေးတစ်ကားပေါ့။ ကတိလို ကားမျိုးကျတော့လည်း ပရိသတ်ကို ဒရာမာအရသာလေးလည်း ပေးသလို အသိတစ်ခုခုလေးရသွားအောင်လည်း ရိုက်ပြတာမျိုးပေါ့။ နောက်ရိုက်မယ့် ကားတွေကို လည်း အဲဒီလို အသိတစ်ခုခုရစေမယ့် ကားမျိုးလေးတွေရိုက်ဖို့ စိတ်ကူးထား ပါတယ်။

မေး ။ ဇာတ်ရုပ်ပိုင်းဆိုင်ရာ အရရော ဘယ်ဇာတ်ရုပ်မျိုးတွေကို ပိုပြီးလုပ်ဖြစ်မလဲ။

ဖြေ ။ ကျွန်တော်တို့လုပ်ခဲ့တာတွေ မှာ လိုအပ်ချက်တွေရှိသလို ထပ်ဖြည့် ဖို့လိုနေတာတွေလည်း ရှိပါတယ်။ အဲဒီ အတွေ့အကြုံလေးတွေကို ယူပြီးတော့ ကျွန်တော်တို့ပြင်ဆင်သွားမှာပါ။ ဇာတ်ရုပ်ပိုင်းကတော့ စုံအောင် လုပ်ဖြစ်မှာပါ။ ဟာသရော၊ ဒရာမာ ရော၊ ရိုးမန့်စ်ရောလုပ်ဖို့ စီစဉ်ထားပါတယ်။ အဓိကတော့ လိုနေတာလေး တွေထပ်ဖြည့်ဖို့ပဲ စီစဉ်ထားပါတယ်။

မေး ။ ယှဉ်ကြည့်စရာ မီဒီယာတွေများလာတဲ့ အချိန်မှာ ကိုယ့်ဇာတ်ကားကို ရွေးကြည့်ခံရဖို့က ပိုပြီး တာဝန်ကြီးလာမလား။

ဖြေ ။ ဟုတ်ပါတယ်။ အပြိုင်အဆိုင် ရွေးချယ်စရာ မီဒီယာတွေက အများကြီး ဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကားကို ပိုက်ဆံပေးကြည့်ဖို့ အတွက် ပရိသတ်ကတော့ ရွေးချယ်မှာပါပဲ။ ဒီအတွက် တော့ ကျွန်တော်တို့အနေနဲ့ ပိုပြီးကြိုးစားရတာပေါ့လေ။ ဒါပေမယ့် အားစိုက်ထုတ်တဲ့အပိုင်းမှာအရင်ကလည်း ရိုက်ကူးသမျှ ကားတိုင်းကို အကောင်းဆုံးဖြစ်အောင် အားစိုက်ထုတ်ရတာပါပဲ။ အခုချိန်မှာလည်း ဒီအတိုင်းပဲ အားစိုက်ထုတ်ရတာပါပဲ။ သိပ်အများ ကြီးတော့ မကွာခြားပါဘူး။

မေး ။ အခု ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ရထားတဲ့နေရာတစ်ခုကိုရော ကျေနပ်လား။

ဖြေ ။ ကျွန်တော် ဒီအလုပ်ကို စလုပ်ကတည်းကလည်း အပြည့်အ၀ အားစိုက် ထုတ်နေတာပါပဲ။ အဲဒီအပေါ်မှာရလာတဲ့ result ကကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံရမှာပါပဲ။ မကြိုးစားခဲ့လို့ အဲဒီအပေါ်မှာ ကြေကွဲရတယ်၊ နောင်တရတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အရင်တုန်းကလည်း ကျွန်တော် မီးကုန်ယမ်းကုန် ကြိုးစားခဲ့ပြီးပြီဆိုတော့ အဲဒီအပေါ်ရတဲ့ ရလဒ်အပေါ် မကျေနပ်စရာမရှိပါဘူး။

မေး ။ အခုလို အချိန်အတိုင်းအတာတစ်ခု ဖြတ်သန်းပြီးချိန်မှာ အောင်မြင်မှုအတွက် ဘယ်လို အရာတွေကို ပေးဆပ်ခဲ့ရလဲ။

ဖြေ ။ အများကြီး ပေးဆပ်ခဲ့ရပါတယ်။ အဓိကတော့ စိတ်ပေါ့ဗျာ။ အပြင်လူ တစ်ယောက်အနေနဲ့တော့ ကျွန်တော်တို့ ခံစားချက်ကို သဘောပေါက် နားလည်ချင်မှ နားလည်မှာပါ။ သရုပ်ဆောင်ဖြစ်လာတဲ့သူတိုင်း အဲဒီ အခက်အခဲမျိုး၊ အဲဒီစိတ်ခံစားမှုမျိုး အများကြီးကြုံရမှာပါ။ ကျွန်တော့် အနေနဲ့တော့ အများကြီးပေးဆပ်ခဲ့ရပါ တယ်။

မေး ။ မင်းသားအခြေပြု ဈေးကွက်မှာ မင်းသားတစ်ယောက် ဖြစ်နေတဲ့အပေါ်မှာရော ဘယ်လိုခံယူထားလဲ။

ဖြေ ။ ဈေးကွက်ကလည်း အဓိက ဆိုင်တယ်ဗျ။ ဈေးကွက်ဝင်တယ်ဆိုတာလည်း ပရိသတ်အားပေးမှလေ။ ဈေးကွက်ဝင်မှလည်း ကိုယ်လုပ်ချင်တဲ့၊ ကိုယ်ဖြစ်ချင်တဲ့ အနုပညာအလုပ်တွေ ကို လုပ်ခွင့်ဖြစ်ခွင့်ရမှာ။ ဒါကြောင့် ဈေးကွက်က အရေးကြီးတယ်လို့ ဆိုရမှာပါ။ ကျွန်တော်တို့ရဲ့ အနေအထားကိုက ပရိသတ်အားပေးမှုအပေါ်မှာပဲ အဓိကရပ်တည် ရတာကိုး။

မေး ။ တိုက်ပိုင်မင်းသား တစ်ယောက် အဖြစ် ရပ်တည်ရတဲ့ အပေါ်မှာရော ကောင်းကျိုးဆိုးကျိုးတွေက ဘယ်လိုရှိတယ် ထင်လဲ။

ဖြေ ။ ကျွန်တော် သိပ်အများကြီးတော့လည်း မပြောတတ်ပါဘူး။ ကျွန်တော့် အတွေ့အကြုံနဲ့ ခန့်မှန်းလို့ ရသလောက်ပဲ ပြောတတ်ပါတယ်။ တိုက်ပိုင်မင်းသား တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အပြင်ဈေးကွက်ကို ထိန်းနိုင်တယ်။ စနစ်တကျလည်း ပိုဖြစ်တယ်ပေါ့လေ။ တိုက်ပိုင်မင်းသား မဟုတ်လည်း သူ့ဈေးကွက်နဲ့သူ၊ သူ့အနေအထားနဲ့သူ ဖြစ်နေတဲ့ သူတွေလည်း အများကြီးပါပဲ။ ဘယ်အရာကမှတော့ ယတိပြတ်ကြီး ပြောလို့မရပါဘူး။

မေး ။ ဇာတ်ကားရွေးချယ်မှုကိုရော မဟော်ဂနီရဲ့ စီစဉ်မှုနဲ့ပဲလား။ ၀င်ပြီးအကြံပေးတာမျိုးရော လုပ်ဖြစ်လား။

ဖြေ ။ ကျွန်တော်စပြီး မဟော်ဂနီနဲ့ စရိုက်ကတည်းက မဟော်ဂနီက စီစဉ်ပေးတဲ့အတိုင်းပဲ ရိုက်ဖြစ်ခဲ့တာပါ။ အားလုံးက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာကို ယုံကြည်တယ်။ အဲဒီအတွက် ဘာမှပြောစရာမလိုအောင်ကို ပြည့်စုံပါတယ်။

မေး ။ အခုရထားတဲ့ အောင်မြင်မှုမှာ မြင့်မြတ်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ မဟော်ဂနီရဲ့ ပံ့ပိုးပေးမှု ရာခိုင်နှုန်းခွဲကြည့်မယ်ဆိုရင်ရော။

ဖြေ ။ အဲဒီလိုတော့ ကျွန်တော်မခွဲတတ်ပါဘူး။ အားလုံးကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာ ချည်းပါပဲ။ မဟော်ဂနီကလည်း ပံ့ပိုးတယ်။ အဲဒီအတွက် အောင်မြင်တယ်။ ဒီလိုပဲ ခံယူထားပါတယ်။

မေး ။ ရှေ့ဆက်မယ့် အနုပညာလမ်းကြောင်းကိုရော ဘယ်လိုသတ်မှတ်ထားလဲ။

ဖြေ ။ ကျွန်တော်ကဘာမှမဟုတ်ခင်ကတည်းက အမြဲတမ်း ကြိုးစားနေတဲ့သူပါ။ အလုပ်နဲ့ပတ်သက်ရင်လည်း အမြဲတမ်း အဆင်သင့်ဖြစ်အောင် ကြိုးစားပါတယ်။ အဲဒါလည်း အရင်ကတည်းက လုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော်ဝါသနာပါ မြတ်နိုးလို့ရွေးချယ်ထားတဲ့ ဒီအလုပ်အတွက် ကျွန်တော့် ဘက်က အမြဲတမ်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်။

Source by :http://www.weeklyeleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။