ညနေဆို မိုးသားတိမ်လိပ်များ က ကောင်းကင်ပြင်တစ်ခုလုံးကို စိုးမိုးနေပါတယ်။ ဒါပေမယ့်လည်း နေ့အပူတွေကတော့ မပြောင်းမလဲ ဖြစ်နေတတ်ပါတယ်။ အဲဒီအတွက် ရံဖန်ရံခါဆိုသလို မိုးလေးများ ဆက်တိုက် ဆိုသလိုရွာလိုက်ရင် အပူလေးများ နည်းလေမလားဆိုတဲ့ အတွေးတွေ ၀င်ရောက်လာတတ်ပါတယ်။
ဒီလိုပါပဲလူတွေရဲ့စိတ်တွေမှာညစ်နေတာတွေ၊ သောကတွေကို မိုးရေစက်တွေ နဲ့ ဆေးကြောဖို့အတွက် မိုးတွေရွာပါလို့ တောင့်တတဲ့သီချင်းလေး တစ်ပုဒ်ကိုလည်း မိုးရေစက်တွေနဲ့အတူ တောင့်တမိတဲ့အခါမှာတော့ တေးရေးဆရာသုံးဦးရဲ့လက်ရာလေးဖြစ်တဲ့ ‘ရွာသာရွာပါမိုး’ သီချင်းက ဒီ အစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့ပါတယ်။
“ရွာသာရွာပါမိုး ဒီ တာ ဒီ ... ဒီ.. တာ ... ဒီ ဆိုတဲ့ စာသားက မိုးနဲ့ ဒီတာဆိုတဲ့ စာသားက မဆိုင် သလိုခံစားရတယ်။ ဒါပေမယ့် သေသေချာချာနားထောင်ကြည့်တော့ ဒီ တာ ဆိုတဲ့ စာသားက ပုံပြင်တစ်ပုဒ်ကို ဆက်ဆက်ပြောသလို ပုံစံဖြစ်နေတယ်” လို့ ဆိုလာတာကတော့ ငယ်ငယ်ပဲ ဖြစ်ပါတယ်။ အဆိုတော် ငယ်ငယ်က ဒီသီချင်းကို ဖြိုးကြီးနဲ့ အတူ ပြန်လည်သီဆိုစဉ်က ကိုယ်တိုင် သီဆိုရမယ့် ရပ်ပ်စာသားများအား ရေးသား ထည့်သွင်းခဲ့သူပဲ ဖြစ်ပါတယ်။
“ကိုဇော်ပိုင်ထုတ်တဲ့ ၁၂ ရာသီ အချစ် စီးရီးမှာ ဒီသီချင်းလေးကို ရပ်ပ်စာ သားလေးထည့်ပြီး ဖြိုးကြီးနဲ့စုံတွဲလေး လုပ်ချင်တယ်လို့ပြောပါတယ်။ မူရင်း မဒီဆိုကတည်းကလည်း သဘောကျတယ်။ ဒါပေမယ့် စာသား ဖြည့်ဖို့ကျတော့ သီချင်းပုံစံကဖြည့်ဖို့ သိပ်မရှိဘူး။ ဒီတွေနဲ့ပဲ ဆုံးနေတာက လည်း ကိုယ်ဖြည့်ချင်သလို မဖြစ်ဘူး။ ဒါနဲ့ ဒိနဲ့လိုက်တဲ့ ထိတို့၊ မိတို့နဲ့ပဲ စာသားကို လိုက်ညှိပြီးဖြည့်ခဲ့ရတယ်” လို့ ငယ်ငယ်ကဆိုပါတယ်။
ဒီသီချင်းဟာ စိတ်ညစ်မှု၊ သောကတွေကို မိုးရေတွေနဲ့အတူ ဆေးကြောပြီး လတ်ဆတ်ပျော်ရွှင်မှု ရသကို ခံစားစေချင်တဲ့ သီချင်းဖြစ်တဲ့အတွက် ဗီစီဒီ ရိုက်ကူးတဲ့အခါမှာလည်း ဇေယျာသော်နဲ့ ငယ်ငယ်က ချမ်းအေးတဲ့ကာလ မှာရေတွေအကြား ချမ်းချမ်းစီးစီး သရုပ်ဆောင်ခဲ့ရတာက ဒီသီချင်းရဲ့ အမှတ်တရလို့ ပြောပြီးတဲ့အခါမှာတော့ ဒီသီချင်းကို ကနဦးပေါက်ဖွားစေခဲ့သူ တေးရေးကေအေတီရဲ့ စကားတွေကတော့ ..
“ဒီသီချင်းက ကော်ပီသီချင်း။မဒီရဲ့စတုတ္ထမြောက်စီးရီးလုပ်နေတုန်း မူရင်းသီချင်းထွက်လာတာ နားထောင်ပြီးကြိုက်လို့ ရေးမယ်ဆိုပြီး ၀ိုင်းဒိုင်းကြဲ လုပ်ဖြစ်တဲ့သီချင်းပါ။ နောက်ပြီး ဒီသီချင်းကကျွန်တော် တစ်ယောက်တည်းရေးတာ မဟုတ်ဘူး။ R ခိုင်နဲ့ပေါင်းပြီးရေးတဲ့သီချင်း လေ”လို့ဒီသီချင်းရဲ့ထူးခြားမှုလေး အကြောင်းကို ယခုလိုဆိုပါတယ်။
တေးရေးဆရာနှစ်ဦး ပေါင်း စည်းရေးဖြစ်ခဲ့ပုံကိုလည်း “ ဒီသီချင်း ကိုကြိုက်နေတော့ ထပ်ထည့်ချင်တာနဲ့ အသံသွင်းဖို့ စတူဒီယိုသွားခါနီးမှာ R ခိုင်ကို ကော်ပီလေးပြပြီး When The Story Go ဆိုတဲ့နေရာလေးမှာ ရွာသာရွာပါမိုးဆိုတဲ့ ခေါင်းစဉ်ပေးပြီး မိုးအကြောင်း အပျော်လေးရေးထားဖို့ ပြောလိုက်ပြီး သွားလိုက်တယ်ပေါ့။ ညပြန်ရောက်တော့မှ Rခိုင်ရေးထားတာတွေမှာ တချို့နေရာလေးလိုက် ပြင်ချောလိုက်တာပေါ့။ ဒါကြောင့် ဒီသီချင်းက ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းရေးတဲ့ သီချင်းလေးပါ” လို့ ဆိုပါတယ်။
Source by :http://www.weeklyeleven.com/
0 comments:
Post a Comment