Home » » အလုပ်သမား လက်မှတ်လုပ်နေစဉ် မဖမ်းရန် ဖူးခက်မြို့တော်ဝန် ထုတ်ပြန်

အလုပ်သမား လက်မှတ်လုပ်နေစဉ် မဖမ်းရန် ဖူးခက်မြို့တော်ဝန် ထုတ်ပြန်

Written By မောင်စေတနာ on Thursday, June 2, 2011 | 12:39:00 PM



ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နယ်ရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အတွင်း အလုပ်သမားများလက်မှတ် လုပ်ပေးနေချိန် ဖမ်းဆီးခြင်းမပြုလုပ်ရန် ဖူးခက်မြို့တော်ဝန်က ဒေသခံ ရဲများအား ထုတ်ပြန်ထားသည်ဟု သိရသည်။

ဖူးခက် မြို့တော်ဝန် Tri Augkaradacha က “အလုပ်သမား လက်မှတ် အသစ် ပြုလုပ်ပေးနေစဉ်မှာ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့အထိ လက်မှတ်ရှိသူရော၊ မရှိသူကိုပါ အဖမ်းအဆီးမလုပ်ဖို့ ဖူးခက်က ရဲ အားလုံးကို မှာထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း Phukhet Wan Tourism News ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခုအခါ ဖူးခက်တွင် မြန်မာနိုင်ငံသား ၂ သိန်းခန့်အထိ ရှိနေပြီး မြန်မာအလုပ်သမား များက မိသားစုများကိုပါ ခေါ်ယူ လာကြကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ ဒါရိုက်တာ ဦးထူးချစ်က “ဒီအမိန့်ကို လုံးဝ ထောက်ခံကြိုဆိုပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ အဲဒါမှလည်း အလုပ်သမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် မှတ်ပုံတင်လို့ ရမှာပေါ့။ တချိန်တည်းမှာပဲ မြို့တော်ဝန်အနေနဲ့ ထိုင်းလုပ်ငန်းရှင်တွေကို အလုပ်သမားတွေ တရားဝင် မှတ်ပုံတင်နိုင်အောင် အတတ်နိုင်ဆုံး အကူအညီပေးဖို့ တိုက်တွန်း သင့်တယ်” ဟု ပြောသည်။

အလုပ်သမား လက်မှတ် ပြုလုပ်စဉ်ကာလအတွင်း ဖူးခက်တွင်သာမက ထိုင်းနိုင်ငံအတွင်းရှိ တခြားဒေသများတွင်ပါ အဖမ်းအဆီး မပြုလုပ်ရန် ညွှန်ကြားလေ့ရှိကြောင်း သိရသည်။

အလုပ်သမား လက်မှတ် (မှတ်ပုံတင်) အသစ် ပြုလုပ်မည့် သူတိုင်းသည် ထိုကာလတွင် အလုပ်သမား ငှားရမ်းခွင့်ရှိသော အလုပ်ရှင်ထံမှ ခွဲတမ်း ရထားပြီးဖြစ်၍ ကျန်းမာရေးစစ်ဆေးပြီး ဖြစ်နေရာ ယင်း အလုပ်သမားကို ထိုင်း ရဲများက ဖမ်းဆီးခွင့် မရှိခြင်း ဖြစ်သည်။

သို့ရာတွင် ယင်းကာလ၌ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအားလုံးကို ထိုင်းရဲက လုံးဝ မဖမ်းဆီးဟု အဓိပ္ပာယ် လွဲမှားစွာ မကောက်ကြ စေလိုကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ကိုနိုင်က ပြောသည်။

“လက်မှတ်လုပ်နေတဲ့အချိန် မဖမ်းရဘူးဆိုတာ အထောက်အထား လက်မှတ်တွေ ရှိနေတဲ့ သူတွေကိုပဲ ဆိုလိုတာနော်။ သူဌေး ရှိပြီးသားလူတွေကိုပဲ ဆိုလိုတာ။ ဒီသတင်းကိုကြားလို့ နယ်စပ်က ဒလဟော ၀င်လာကြမယ့် လူတွေ၊ သူဌေးလည်းမရှိ၊ အထောက်အထားလည်း မရှိတဲ့လူတွေကတော့ ငါတို့ကိုလည်း မဖမ်းဘူးလို့ မထင်သင့်ဘူး” ဟု ဟု သူက ဆိုသည်။

မြို့တော်ဝန်က မဖမ်းဆီးရန် အမိန့် ထုတ်ထားသည် ဆိုသော်လည်း အလုပ်သမားများ အနေဖြင့် စိတ်ချလက်ချ သွားလာ မနေသင့်ကြောင်း၊ ယခုကာလတွင် အဖမ်းအဆီးများ ရှိသည်ကို ကြုံဖူးကြောင်း ဖူးခက်တွင် အနှစ် ၂၀ နီးပါးနေထိုင်ခဲ့သူ ပန်းရံ ဆရာကြီး တဦးဖြစ်သည့် ဦးဌေးဝင်းက ပြောသည်။

“ကျနော့အတွေ့ အကြုံအရတော့ အလုပ်သမားလက်မှတ် လုပ်နေတုန်းလည်း ထိုင်းရဲက ဖမ်းတာပဲ။ သူဌေးနဲ့ အတူတူ သွားရင်တော့ မဖမ်းဘူးပေါ့” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ကျပ်တည်းမှုကြောင့် နေ့စဉ်နှင့်အမျှ ထိုင်းနိုင်ငံအတွင်းသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက် နေသူများစွာ ရှိနေသည်။ ယခုလ အတွင်း၌ အဖမ်းအဆီး သတင်းများကိုလည်း ထိုင်းသတင်းစာများတွင် နေ့စဉ်နီးပါး တွေ့မြင် နေရသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းဝန်းကျင် အတွင်းရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်း ပြောဆိုကြသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။