Home » » နန်းဆုရတီစိုး နှင့် တွေ့ဆုံခြင်း ....

နန်းဆုရတီစိုး နှင့် တွေ့ဆုံခြင်း ....

Written By မောင်စေတနာ on Wednesday, May 4, 2011 | 4:23:00 AM

e443မင်းသမီးလေးလက် အပြိုင်ကျဲထားသည့် ‘အလန်းဇယား’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသနေပါပြီ။ ရိုက်ကူးစဉ်ကတည်းက အသံတွေဆူညံခဲ့သလို ရုံမတင်ခင် ကတည်းကလည်း မင်းသမီးလေးလက်ရဲ့ အပြိုင် ၀တ်စားဆင်ယင်မှု ပုံစံများက ပရိသတ် စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။

အဆိုပါ မင်းသမီးလေးလက်ထဲက ဒီဇိုင်နာရူးမလေး တစ်ဦးအဖြစ် ပါဝင်ခဲ့သည့် နန်းဆုရတီစိုးက ပြည်ပနိုင်ငံများတွင် ဇာတ်ကားများ သွားရောက်ရိုက်ကူးရန် စီစဉ်ထားပြန်သည်။ ၂၀၁၁ နှစ်ဆန်းပိုင်းအတွင်းက သတင်းစကားအချို့နှင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့သူ နန်းဆုရတီစိုး ပြောပြခဲ့သည့် အလန်းဇယားဇာတ်ကား ရိုက်ကူးမှု အတွေ့အကြုံ အပါအ၀င် အနုပညာရေးရာ အချို့အား မေးမြန်းဖြစ်ခဲ့ရာ . . . . . .

မေး ။ အလန်းဇယား ရုပ်ရှင်ဇာတ်ကားက ရိုက်ကူးစဉ်မှာလည်း အသံတွေဆူညံခဲ့သလို အခု ရုံတင်တဲ့အချိန်မှာလည်း ပရိသတ် စိတ်ဝင်စားမှု များတယ်နော်။ နန်းဆုရဲ့ မရိုက်ခင်ကြိုတင် ပြင်ဆင်မှုနဲ့ ရိုက်ကူးမှု အတွေ့အကြုံကနေစပြီး ပြောပြပေးပါလား။

ဖြေ ။ အဲဒီကားထဲက နန်းဆုရဲ့ ကာရိုက်တာကလည်း ဒီဇိုင်းကို ရူးသွပ်တဲ့ ဇာတ်ကောင်စရိုက်မျိုးပါ။ သွက် သွက်လက်လက် တက်တက်ကြွကြွနဲ့ လူငယ်ဆန်တဲ့ ကာရိုက်တာကိုမှ ကမ်းခြေနဲ့လိုက်ဖက်တဲ့ ၀တ်စုံလေးတွေကို စီစဉ်ပေးပါလို့ ပြောလာတာကြောင့် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ဖြစ်ပါတယ်။ scene ပေါ်ရောက်တဲ့အချိန်မှာ ဒါရိုက်တာတွေက နန်းဆုကို သင်ကြားပေးတဲ့အတိုင်း တတ်နိုင်သမျှ ကြိုးစားပြီးလုပ်ခဲ့ပါ တယ်။ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေလိုချင်တဲ့ ပုံစံအတိုင်း အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။ ကျန်တာတွေတော့ ခေါင်းထဲမထည့်ခဲ့ပါဘူး။

မေး ။ မင်းသမီးလေးလက် အပြိုင်သရုပ်ဆောင်ရတဲ့ ကားမျိုးဖြစ်နေတော့ တခြားကားတွေနဲ့ဆို ဘာများကွာခြားလဲ။

ဖြေ ။ ဒီကားမှာက သရုပ်ဆောင်တွေလည်း များတဲ့အခါကျတော့ ပျော်စရာကောင်းပါတယ်။ လွတ်လွတ်လပ်လပ် သရုပ်ဆောင်ရတဲ့ ပုံစံမျိုးလည်းဖြစ်တော့ ထူးထူးခြားခြား အခက်အခဲ တွေ့တာမျိုးတော့ မရှိပါဘူး။

မေး ။ အဲဒီကားရိုက်တုန်းကတော့ ဂျာနယ်စာမျက်နှာတွေထက်မှာ ဆူခဲ့တာတွေရှိတော့ နန်းဆု အနေနဲ့ရော စိတ်ညစ်စရာ၊ အနှောင့်အယှက် ဖြစ်စရာတွေ ကြုံခဲ့ရသေးလား။

ဖြေ ။ နန်းဆုအနေနဲ့ကတော့ ကိုယ့်စိတ်ကိုယ် အရှင်းဆုံးထားပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုတည်း အပေါ်ပဲ အာရုံစူးစိုက်ထားတယ်။ ဘယ်သူ့အပေါ်မှလည်း ဘယ်လိုစိတ်မျိုးမှ မထားတဲ့အတွက် ကိုယ့်စိတ်ကို အရှင်းဆုံးထားပြီး အပျော်ဆုံးဖြစ်အောင် နေပါတယ်။

မေး ။ ဒီကားကိုပြန်ကြည့်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရဲ့လား။

ဖြေ ။ တတ်နိုင်သလောက်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အားနည်းချက် အားသာချက် ကလေးတွေကတော့ ရှိနေတာပါပဲ။ နန်းဆုတို့ ကြိုးစားတဲ့အပေါ်မှာ ပရိသတ်ကလည်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ သရုပ်ဆောင် အပြိုင်တွေများတဲ့ကားတွေကို လက်ခံရာမှာ နောက်ပိုင်းပြန်စဉ်းစားဖို့ ရှိမလား။

ဖြေ ။ ရုပ်ရှင်ကားကြီးရိုက်ကြတဲ့ပုံစံ ကလည်း လူအများနဲ့ရိုက်ကြတာများတယ်လေ။ နန်းဆု ကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက လူအများ နဲ့အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ နန်းဆုအတွက် နေရာတစ်ခုရမယ်၊ သရုပ်ဆောင်လို့လည်း အဆင်ပြေမယ်ဆိုရင်တော့ လက်ခံဖြစ်မှာပါ။

မေး ။ အလန်းဇယားမှာက မင်းသမီးလေး လက်လုံးရဲ့ဝတ်စားဆင်ယင်မှုကို အရင်ကထက် ပိုပြီးခွင့်ပြုထားတာ တွေ့ရတယ်နော်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ဒီဇာတ်ကားရဲ့ဇာတ်ကောင် စရိုက်တွေအရရော၊ ကမ်းခြေမှာရိုက်တဲ့ ဇာတ်လမ်းဖြစ်နေတာကြောင့် ခွင့်ပြုလိုက်တာမျိုးတွေ ပါပါတယ်။ အရမ်းကြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာမျိုးတွေလည်း မပါဘူးလေ။ သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်မှာ သင့်တင့်လျောက်ပတ်တဲ့ ၀တ်စားဆင်ယင်မှုမျိုး ဖြစ်နေတဲ့ အတွက် ခွင့်ပြုပေးတာလို့ ထင်ပါတယ်။ အဲဒီအတွက် ပရိသတ်လည်း ကြည့်ရတာပေါ့လေ။

မေး ။ အလန်းဇယား၂ မှာလည်း ပြန်ပါမယ်လို့ ကြားတယ်။ ဘာတွေ ကြိုပြင်ထားသေး လဲ။

ဖြေ ။ အနီးကပ်မှပဲ ပြင်ဆင်ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီကားမှာက ထိုင်းနိုင်ငံကို ရောက်တာကြာနေပြီဖြစ် တဲ့ မြန်မာအမျိုးသမီး တစ်ယောက်၊ ဘိုရူးရူးနေတဲ့သူပေါ့။ ကောင်လေးတွေကို စပွန်ဆာပေးတဲ့ အသက်ကြီးကြီး မမတစ်ယောက်ပုံစံပါ။ အဲဒီ ကာရိုက်တာလေးက ရယ်ရပါတယ်။

မေး ။ နန်းဆုရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှုကိုလည်း ပြောပြပေးပါဦး။

ဖြေ ။ ငယ်ငယ်တုန်းကတော့ ဖက်ရှင်နဲ့ပတ်သက်လို့ သိပ်စိတ်မ၀င်စားဘူး။ အမေဆင်ပေးတာ ၀တ်ဖြစ်တာများတယ်။ ဒီအနုပညာအလုပ်ကို ၀ါသနာပါလာတာ နဲ့အမျှ အနုပညာအလုပ်အတွက် အရေးကြီးတဲ့ ဖက်ရှင်နဲ့ ပတ်သက်လို့လည်း စိတ်ပါဝင်စားလာရပါတယ်။ အဓိကတော့ ကိုယ်သွားရမယ့်နေရာဒေသ၊ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ရွေးချယ်ဖြစ်တာများပါတယ်။ ဇာတ်ကားရိုက်အတွက်ဆိုလည်း ဇာတ်ကောင်စရိုက် နဲ့ လိုက်ဖက်အောင် အရင်စဉ်းစားရတာပေါ့။

မေး ။ ကားရိုက်ရွေးချယ်မှု အပိုင်းကိုရော ဘယ်လိုစဉ်းစားဖြစ်လဲ။

ဖြေ ။ အဓိကတော့ ကားရိုက်အတွက် ရက်လေးလည်း အားမယ်၊ နန်းဆုလုပ်နိုင်တဲ့ ပုံစံမျိုးလည်း ဖြစ်မယ်ဆိုရင်တော့ လုပ်ဖြစ်တာများပါတယ်။ အခြေအနေ အချိန်အခါအလိုက် ရွေးတာများပါတယ်။

မေး ။ အနုပညာရှင်တိုင်း ကြုံရတတ်တဲ့ ကာလာဟလဆိုတာကိုရော ဘယ်လိုခံယူထားလဲ။

ဖြေ ။ ကောလာဟလ ဆိုတာမျိုးကတော့ အနုပညာရှင်တိုင်း ကြုံရတတ်တာပါပဲ။ အဲဒီအတွက်တော့ အရေထူနေပြီလို့ပဲ ပြောရမှာပါပဲ။ ဘယ်ကောလာဟလ မျိုးပဲဖြစ်ဖြစ်အဖြေမှန်က အချိန်တန်ရင် ထွက်လာမှာပါ။ မဟုတ်မမှန်တဲ့ သတင်းစကားတွေ ဆိုရင်တော့ လေထဲမှာတင် ပျောက်သွားမှာပါပဲ ဒါကြောင့်စိတ်ထဲမှာ မထားပါဘူး။

မေး ။ နန်းဆုရဲ့အချစ်ရေး အခြေအနေကရော။

ဖြေ ။ နန်းဆုမှာ အချစ်မရှိဘူးလားဆိုရင်တော့ မဟုတ်ပါဘူး။ လူတိုင်းရဲ့ ရင်ထဲမှာလည်း အချစ်ရှိကြတာပဲလေ။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မတူညီကြတာပဲ ရှိပါတယ်။ အချစ်ရေးက အခုချိန်မှာ အေးဆေးပါပဲ။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။