Home » » ‘အနုပညာက ကျွန်တော့်ဘ၀ပါ’လို့ဆိုလာသူ ၊ နိုင်းနိုင်းရဲ့ ငယ်ဘဝ

‘အနုပညာက ကျွန်တော့်ဘ၀ပါ’လို့ဆိုလာသူ ၊ နိုင်းနိုင်းရဲ့ ငယ်ဘဝ

Written By မောင်စေတနာ on Sunday, May 1, 2011 | 4:40:00 AM

http://www.weeklyeleven.com/images/stories/April11/bi/e447.jpg

“မော်ဒယ်အလုပ်ကိုရော၊ သရုပ်ဆောင်အလုပ်ကိုပါ ဘာလဲဆိုတာကို သိချင်တဲ့အတွက် သိအောင်ကြိုး စားရင်းလုပ်ဖြစ်ခဲ့ရာကနေ အနုပညာနဲ့ ဘ၀ရပ်တည်ဖြစ်တယ်။ လုပ်ရင်းလုပ်ရင်းနဲ့ ဒီအလုပ်က ကိုယ်တကယ် ၀ါသနာပါတဲ့ အလုပ်ပါလား။ ကိုယ့် ရဲ့ပရော်ဖက်ရှင်နယ် အလုပ်က ဒါပါလားဆိုတာကို သိလာတယ်” လို့ပြောပြလာသူက ၁၃ နှစ်တာ အနုပညာသက်တမ်း တစ်လျှောက်လုံး စနိုးဝှိုက် ထုတ်လုပ်ရေး တစ်ခုတည်းနဲ့သာ လက်တွဲလုပ်ဆောင်ခဲ့တဲ့ နိုင်းနိုင်းဆို တဲ့ အနုပညာငွေကြယ်ပွင့်ပါ။

အနုပညာခရီးလမ်းကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေတဲ့ နိုင်းနိုင်း က လက်ရှိမှာတော့ အနုပညာအလုပ် တွေကို အရင်ထက်ပိုမိုလုပ်ဆောင်နေပြီး စနိုးဝှိုက်ထုတ်လုပ်ရေးအပြင် ထုတ်လုပ်ရေးအချို့ကလည်း သူနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ကို ခံနေရသူပေါ့။ အနုပညာခြေလှမ်း ခပ်စိပ်စိပ်ရှိလာတဲ့ နိုင်းနိုင်းရဲ့ ငယ်ဘ၀ခရီးကို ဒီတစ်ပတ်မှာ ဖော်ပြပေးဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

စာပေဖတ်ရှုမှု မပြုနိုင်ခင် အရွယ်ကတည်းက ကာတွန်း၊ ရုပ်ပြစာအုပ် တွေတွေ့ရင် စိတ်ဝင်တစားနဲ့ ကြည့်ရှုတတ်သူပါ။ ကာတွန်းနဲ့ရုပ်ပြစာအုပ် တွေကို တွေ့ရင်တော့ အားလုံးကိုမေ့ပြီး စာအုပ်တွေကြားမှာ ပျော်မွေ့နေ တတ်သလို ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ကြည့်ရှုရတာကိုလည်း ၀ါသနာ ထုံသူပေါ့။

၁၉၇၈ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရန်ကုန်ဇာတိဖြစ်တဲ့ ဦးထွန်းအောင်နဲ့ ဒေါ်စန်းစန်းရီတို့က သူ့ကို သားကြီး တင်ဇော်လတ်အဖြစ် ရန်ကုန်မြို့မှာ မွေးဖွားခဲ့ခြင်းပါ။ သူ့ မှာငါးနှစ်ခြားတဲ့ မိုဇင်လတ်(ခေါ်)ဖူး ဖူးဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ အနုပညာမျိုးရိုးထဲမှာ မြင့်မောင်မောင် ဆိုတဲ့ စာရေးဆရာတစ်ဦးသာ ရှိပေမယ့် သူတို့မောင်နှမကတော့ အနုပညာ ရပ်ဝန်းထဲမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

“ကျွန်တော် ငယ်ငယ်လေးကတည်းက ကာတွန်းနဲ့ ရုပ်ပြစာအုပ်တွေရှိရင် ကျွန်တော့်ဘ၀ပြည့်စုံတယ်။ မိဘ တွေက သူဌေးတွေမဟုတ်တော့ လက်ညှိုးညွှန်ရာ ရေမဖြစ်ခဲ့ဘူး။ကိုယ်လိုချင်တာကို ကိုယ့်ကြိုးစားမှုနဲ့ရအောင် ယူရခဲ့တယ်။ ကျွန်တော့်ဘ၀မှာ ဘယ်အရာမှ လွယ်လင့်တကူမရခဲ့ဘူး။ ကျွန်တော်က တစ်ခုခုလုပ်ပြီဆိုရင် နောက်မဆုတ်ဘဲ မဖြစ်ဖြစ်အောင်လုပ် လေ့ရှိတယ်”လို့ နိုင်းနိုင်းက သူပိုင်ဆိုင် ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀ခရီးနဲ့သူ့ရဲ့ စိတ်ထားကို အစချီဖွင့်ဟခဲ့ပါတယ်။

ကျောက်မြောင်းနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေမှာ နေထိုင်ကြီးပြင်းခဲ့တဲ့သူ့မှာ အနုပညာဗီဇပါရမီရှိပေမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမအောင်မြင်ခင် အချိန်စင်ပေါ်တက်ရမှာ၊ လူ တွေရှေ့မှာသီချင်းဆိုရမှာကို ကြောက်ရွံ့ခဲ့သူပါ။ ပညာသင်ယူခဲ့ချိန် တစ်လျှောက်လုံးမှာ မိဘတွေလမ်းညွှန်တဲ့ အတိုင်းအတန်းတိုင်းမှာ အဆင့်(၁)က နေ(၁၀)အောက် မရောက်ဖို့ ကြိုး စားခဲ့သူပေါ့။

“ကျွန်တော်ငယ်ငယ်တုန်းက ဖြစ်ချင်တာတွေ အများကြီးရှိတယ်။ အဲဒီ ဖြစ်ချင်ခဲ့တဲ့ အရာတွေထဲမှာ သရုပ်ဆောင် အနုပညာရှင်လုပ်ဖို့တော့ မပါခဲ့ဘူး”လို့ ဆိုတဲ့နိုင်းနိုင်းကို အနုပညာ ရပ်ဝန်းထဲရောက်ရှိဖို့ ဖြစ်လာခဲ့တာ က မြန်မာနိုင်ငံရဲ့မော်ဒယ်ရပ်ဝန်း အစပြုချိန် ၁၉၉၇ ခုနှစ်မှာ ဂျွန်လွင်မော်ဒယ်သင်တန်းက သင်တန်းသားခေါ် ယူခဲ့ခြင်းပါ။ တက္ကသိုလ်ပညာသင်ယူဖို့ စောင့်ဆိုင်းနေစဉ်မှာ မိခင်ဖြစ်သူ က မော်ဒယ်သင်တန်းတက်ဖို့ တိုက်တွန်းခဲ့ပါတယ်တဲ့။ မော်ဒယ်အဖြစ် ရပ်တည်ဖို့ သုံးနှစ်စာချုပ်နဲ့ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာ ကျင်းပတဲ့ရှိုးပွဲကြီးတွေမှာပါ မော်ဒယ်အဖြစ် ရပ်တည်ခဲ့သူပါ။ စာချုပ်သက်တမ်း သုံးနှစ်ဆိုပေမယ့် နှစ်နှစ်ဝန်းကျင်အကြာမှာတော့ စနိုးဝှိုက်ထုတ်လုပ်ရေးက လိုအပ်တဲ့ ဇာတ်ကောင်နေရာ အတွက် ဂျွန်လွင်မော်ဒယ်သင်တန်း နဲ့ ချိတ်ဆက်ခေါ်ယူချိန်မှာ ရုပ်ရှင်၊ ဗီဒီယိုရပ်ဝန်းထဲကို သူစတင်ရောက် ရှိခဲ့ပါတယ်။ မော်ဒယ်အဖြစ်နဲ့ သရုပ် ဆောင်ခရီးအစပိုင်းမှာ မူလနာမည်ရင်းဖြစ်တဲ့ တင်ဇော်လတ်အမည်နဲ့ လှုပ်ရှားခဲ့ပါတယ်။

“ကျွန်တော် ပထမဆုံး သရုပ်ဆောင်ခွင့်ရတဲ့ ဇာတ်ကားက ရီဝေယံ ခေါင်းဆောင်ပါဝင်တဲ့ အဖြူရောင် နှင်းပွင့်များ ဇာတ်ကားပါ။ အနုပညာ အလုပ်က လိုက်လေမဆုံးလေပါ။ အိုက်တင်သာမကဘဲ စက်မှုပိုင်းဆိုင် ရာပညာ၊ ကားဆက်ပညာကအစ အကုန်လုံးသိအောင် သင်ယူခဲ့ရတယ်” လို့ ပြောပြခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ သရုပ်ဆောင် ရပ်ဝန်းထဲ စတင်ရောက်ရှိခဲ့ပြီး ပထမပိုင်းလှုပ်ရှားမှုမှာ မင်းသားသူငယ်ချင်းအဖြစ် ဇာတ်ကားအချို့မှာပါ ၀င်ခဲ့ရပြီး၊ ဒုတိယမင်းသားအဖြစ် တစ်ဆင့်တက်ကာ ရီဝေယံ၊ ကျော်ဟိန်း၊ ဒွေး၊ ရန်အောင်၊ ကျော်ရဲ အောင်၊ ရီဝေယံစတဲ့ မင်းသားများ ခေါင်းဆောင်ပါဝင်တဲ့ ဇာတ်ကား ၃၀ ၀န်းကျင်မှာ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့ ရ ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ စနိုးဝှိုက်ထုတ်လုပ်ရေးက သူ့ကို ခေါင်းဆောင်မင်းသား အဖြစ် မိုးစက်တစ်ပွင့် ဗီဒီယိုဇာတ်ကားမှာ ထက်ထက်မိုးဦးနဲ့တွဲဖက်ပြီး ပွဲထုတ်စင် တင်ခဲ့ပါတယ်။ ခေါင်းဆောင်အဖြစ် ပါဝင်ရတဲ့ ပထမဆုံး ၁၀ ကားထဲက ကားအများစုနဲ့ နိုင်းနိုင်းက သူ့ပရိသတ် ကို တည်ဆောက်ယူနိုင်ခဲ့ပါတယ်။ တင်ဇော်လတ်ကနေ နိုင်းနိုင်းဖြစ်လာပုံ ကိုတော့ . . .

“၁၉၉၈ မှာသရုပ်ဆောင် စလုပ် ခွင့်ရခဲ့ပေမယ့် ၁၉၉၉ ခုနှစ်လောက်မှ ပရိသတ်ကစပြီး သတိထားမိတာပါ။ အဲဒီမှာ အနုပညာနာမည်ပေးဖို့ စဉ်းစားကြတော့ ၁၉၉၉ မှာသေချာလုပ်ဖြစ်ခဲ့တာမို့ ၉၉ ကိုယူပြီး နိုင်းနိုင်း လို့ပေးဖြစ်ခဲ့တာပါ။ အနုပညာက ကျွန်တော့်ဘ၀ပါ”လို့ ဆိုပါတယ်။

နိုင်းနိုင်းက၂၀၀၈ ခုနှစ်မှာ စန္ဒီချို နဲ့လက်ထပ်ခဲ့ပါတယ်။ အဲဒီကာလ တွေမှာတော့ သူရဲ့လက်ထပ်မင်္ဂလာ နဲ့ပတ်သက်ပြီး ပရိသတ်ကြားမှာ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ မြနန္ဒီချိုဆိုတဲ့ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်။

“အခက်အခဲတွေ၊ ကောလာဟ လတွေကြုံလာတဲ့အခါ ကျွန်တော် ဘာကိုမှဂရုမစိုက်ဘဲ ရှေ့ဆက်မယ့် ခရီးကိုတွက်ပြီး လုပ်စရာရှိတာလုပ်တယ်။ အခုကျွန်တော့်ဘ၀ အေးဆေးပဲ။ ကျွန်တော့်သမီးလေးက ကျွန်တော် နဲ့ရုပ်ကစပြီး အစစအရာရာ အကုန် တူတယ်။ လာမယ့်သြဂုတ်လမှာသား လေးမွေးမယ်။ ကလေးရှိလာတော့ ကျွန်တော်တို့ဘ၀ထက် ကလေးတွေ ရဲ့ဘ၀ကို ပိုတွက်ရတယ်”လို့ သူ့ဘ၀ ခံယူချက်နဲ့ အပြောင်းအလဲရှိလာမှုကို ဖွင့်ဟခဲ့ပြန်ပါတယ်။

“လူရယ်လို့ဖြစ်လာရင် ကိုယ်ဘာလုပ်နေလဲဆိုတဲ့ ကိုယ်လုပ်တဲ့အလုပ် အပေါ် ကိုယ်သိဖို့လိုပါတယ်။ ကောင်း တာလား၊ ဆိုးတာလားဆိုတာကို သိ ပြီး ဘ၀ကိုဆက်ရတယ်”လို့ဆိုလာ သူနိုင်းနိုင်းက ရှေ့ဆက်မယ့်ခရီးနဲ့ ပတ်သက်ပြီး “ကျွန်တော်ဘ၀ကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တယ်။ ကျွန်တော့် မိသားစုလေးနဲ့ အတူနေချင်တယ်။ ရှေ့ဆက်မယ့်ခရီးမှာ ကျွန်တော်အပိုင်နိုင်ဆုံးက အနုပညာအလုပ်ဖြစ်တဲ့အတွက် ဒီအလုပ်နဲ့ပဲ ဘ၀ ရပ်တည်မယ်”လို့ ပြောကြားခဲ့ပါ တယ်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။