Home » » မလေးရှား၌ နိုင်ငံခြားသားအလုပ်သမား တင်းကျပ်၊ မြန်မာများ စိုးရိမ်

မလေးရှား၌ နိုင်ငံခြားသားအလုပ်သမား တင်းကျပ်၊ မြန်မာများ စိုးရိမ်

Written By မောင်စေတနာ on Monday, April 11, 2011 | 12:21:00 AM



မလေးရှားနိုင်ငံ ဆီဘီလန်းပြည်နယ် လင်းဂန်း လူဝင်မှုကြီးကြပ်ရေး (လ၀က) ထိန်းသိမ်းရေးစခန်းတွင် ဆူပူမှုဖြစ်ပြီး ထိန်းသိမ်း ထားသူများထဲမှ ၁၀၉ ဦး လွတ်မြောက်သွားရာမှ ၇၆ ဦးကို အာဏာပိုင်များက ပြန်လည် ဖမ်းဆီးမိကြောင်း သိရသည်။

ကျန် ၃၃ ဦးကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲကို ကိုးကား၍ AP သတင်း၌ ဖော်ပြ ထားသည်။

လ၀က ထိန်းသိမ်းရေးစခန်းအတွင်း လူများပြည့်ကြပ်နေပြီး နေထိုင်စားသောက်ရေး အဆင်မပြေမှု၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ၏ လျစ်လျူရှုထားမှုများအပြင် စခန်းတာဝန်ခံများ၏ ဖိနှိပ်မှုများကို အကြောင်းပြု၍ ဧပြီ ၄ ရက်နေ့ညတွင် လူ ၁၀၀၀ ကျော်က စခန်းရှိအဆောင်တခုကို မီးရှို့၍ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ထွက်ပြေးသူအများစုမှာ မြန်မာ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်ကြောင့် စခန်းတွင်း ကျန်ရစ်သူများကို ကန့်သတ်ချုပ်ချယ်မှုများ တိုးမြင့်လာပြီး စခန်းတွင်းရောက်သည့် သက်တမ်းအလိုက် လူစုခွဲကာ အခြားထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်နေကြောင်း သိရသည်။

“ကျနော်တို့ အဆောင်တွေရဲ့ အပြင်ဘက်ဝင်းထဲက စခန်းမှာ ဖမ်းမိတဲ့သူတွေကို အခန်းတခန်းမှာ ထည့်ထားတယ်။ ရိုက်နှက်ပြီး စစ်မေးနေတယ်။ အခုအချိန်အထိ အယောက် ၉၀ ပြန်မိပြီ။ ကျနော်တို့ကျန်တဲ့အထဲက စခန်းရောက်တာ၂ နှစ်ကနေ ၁ နှစ်၊ အဲ့ဒီလိုရှိတဲ့သူတွေကို တခြားစခန်းကို ပို့ဖို့ အခု တန်းစီခိုင်းထားတယ်”ဟု စခန်းတွင်းနေထိုင်သူ ကိုဂျူလိုင်က ပြောပြသည်။

လင်းဂန်း စခန်းတွင် မြန်မာဒုက္ခသည် ၄၀၀ ကျော် အပါအ၀င် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ် စသည့် နိုင်ငံများမှ ဒုက္ခသည် ၁၅၀၀ ခန့်ကို ထိန်းသိမ်းထားခဲ့သည်ဟု ဆိုသည်။ စခန်းတွင်း ထိန်းသိမ်းထားသူ များပြားလာ၍ အစားအသောက်နှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ မရကြောင်း စခန်းတွင်းနေထိုင်သူများက ပြောဆိုကြသည်။

“ဒီမှာ အစားအသောက်ကလည်း မကောင်းဘူး။ ကျန်းမာရေး ချို့တဲ့သူတွေလည်း များတယ်။ သောက် ရေ ဆိုလည်း လုံလုံ လောက်လောက်မရဘူး။ ယူအန် ကလည်း လာမကြည့်တော့ ဒီလိုပေါက်ကွဲကုန်တာပဲ”ဟု ကိုဂျူလိုင်က ဆက်၍ ပြောသည်။

ဖမ်းမိသူအများစုမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ယင်းတို့ကို ပြည်နှင်ဒဏ်ပေးဖွယ်ရှိကြောင်း သတင်းများက ဖော်ပြသည်။

ထိုသို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ ထိန်းသိမ်းထားသူများ ထွက်ပြေးမှု ဖြစ်ပြီးနောက် အာဏာပိုင်များက မလေး ရှား နိုင်ငံရောက် နိုင်ငံခြားသားများကို တင်းကျပ် လာသောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများပါ ဖမ်းဆီးခံရမှု ရှိလာ သည်။

ထွက်ပြေးသွားသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေး၊ ရဲ တပ်ဖွဲ့နှင့် Rela ဟုခေါ်သည့် တရားမ၀င် နိုင်ငံခြားသား အလုပ် သမား နှိမ်နင်းရေးအဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးမှုများပြုလုပ်နေရာ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း သိရသည်။

“အင်္ဂါနေ့ည ၁၁ နာရီလောက်က။ သူတို့က တောနင်းရှာရင်းနဲ့ ကျနော်တို့အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးဆိုဒ်ထဲရောက် လာတာ။ ကျနော်နဲ့ အခြားမြန်မာ ၃ ယောက်က ယူအန်ကတ်(ကုလသမဂ္ဂ အသိအမှတ်ပြုကတ်)ရှိတော့ ဘာမှမလုပ်ဘူး။ ကတ်မရှိတဲ့ ကျနော့် သူငယ်ချင်း ဇော်မျိုးအောင်နဲ့ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါက လူတွေ ၁၀ ယောက်ကျော်ကိုဖမ်း သွားတယ်”ဟု မလေးရှားရောက် မြန်မာအလုပ်သမား ကိုအောင်မိုးက ပြောသည်။

ယခု လာရောက်ရှာဖွေသူများတွင် လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့နှင့် Rela အဖွဲ့ဝင်များ မပါဝင်ဘဲ ပြောက်ကျား ၀တ်စုံဝတ် လက်နက်ကိုင်များဖြစ်ကြောင်း သူက ဆိုသည်။

ထို့အတူ ကွာလာလမ်ပူမြို့တွင်လည်း ရဲတပ်ဖွဲ့မှ လုံခြုံရေးလှည့်နေပြီး မြန်မာအလုပ်သမား အများစု နေထိုင်လေ့ရှိသော ရပ်ကွက်များတွင် နေထိုင်ခွင့်လက်မှတ်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်လာနေသည်ဟုလည်း သိရသည်။

“အခုက နယ်မြေတိုင်းမှာ ရဲကားတွေနဲ့ ရပ်ကွက်ထဲ လှည့်တာတွေ လုပ်တယ်။ ရဲတွေ လုံခြုံရေးတိုးချလာတယ်။ မသင်္ကာတဲ့ လမ်းသွားလမ်းလာက အစ စစ်တာတွေလည်း ရှိတယ်။ အားလုံးက ကြောက်နေတယ်။ ပိုဆိုးတာက လွတ်တဲ့အထဲမှာက မြန်မာနိုင်ငံသားတွေများတော့ နောက်ဆက်တွဲက စားသောက်ဆိုင်၊ စက်ရုံတွေမှာ လုပ်တဲ့သူတွေကို ပိုစိစစ်လာတယ်”ဟု မလေးရှားရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ကိုအောင်ကျော်ဆက်က ပြောသည်။

မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း၂၂ ခုရှိရာ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများကို သက် ဆိုင်ရာမှ ဖမ်းမိပါက ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားလေ့ရှိပြီး ထိုအတောအတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အသိအမှတ်ပြုခြင်းမခံရပါက စခန်းအာဏာပိုင်များက နယ်စပ်သို့ ပြန်ပို့လေ့ရှိသည်။

မလေးရှားရှိ အိမ်အကူ လုပ်ငန်း၊ ကလေးထိန်း လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်ရုံလုပ်ငန်းများတွင် နိုင်ငံခြားသား အလုပ်သမား ၁.၈ သန်း လုပ်ကိုင်နေကြောင်း AFP သတင်းတရပ်၌ ဖော်ပြထားသည်။ မြန်မာ အလုပ်သမား ၅ သိန်းခန့်ရှိကြောင်း ၂၀၀၉ ခုနှစ် က လေ့လာသူများ စာရင်းအရ သိရသည်။

Source by :http://www.irrawaddy.org/bur/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။