Home » » အလုပ်သမားလက်မှတ်များ ထိုင်းအစိုးရ ထပ်လုပ်ပေးမည်။

အလုပ်သမားလက်မှတ်များ ထိုင်းအစိုးရ ထပ်လုပ်ပေးမည်။

Written By မောင်စေတနာ on Friday, April 29, 2011 | 5:32:00 PM



ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေထိုင်ခွင့်လက်မှတ် မပြုလုပ်ရသေးသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားမှ တရားမဝင် အလုပ်သမားများအတွက် အလုပ်သမား မှတ်ပုံတင် ထပ်မံပြုလုပ်ခွင့်ပေးရန် ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ထိုင်းအစိုးရ ၀န်ကြီးအဖွဲ့ အစည်းအဝေးက အတည်ပြုလိုက်သည်။

ယခု ခွင့်ပြုချက်တွင် အလုပ်သမားလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ပေးစဉ်က ပျက်ကွက်ခဲ့သူများနှင့် လက်မှတ်လုံးဝ မပြုလုပ်ရသေးသူများလည်း အကျုံးဝင်ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) အဖွဲ့ မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက “မနေ့က ပြုလုပ်တဲ့ ထိုင်း ကက်ဘိနက် အစည်းအဝေးက အလုပ်သမားမှတ်ပုံတင် အသစ်လုပ်ဖို့  ခွင့်ပြုချက်ကို အတည်ပြုလိုက်ပြီ။ ဒါပေမယ့် ဘယ်နေ့ စလုပ်မယ်လို့တော့ မကြေညာသေးဘူး။ အဆင့်ဆင့် ဆောင်ရွက်ရမယ့် ဟာတွေကလည်း များတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။

လက်မှတ်ပြုလုပ်ထားသူ မိဘများအနေဖြင့် အသက် ၁၅ နှစ်အောက် ကလေးများကို မှီခိုသူအဖြစ် ခေါ်ထားနိုင်ပြီး ၁၅ နှစ်အထက် ကလေးများအတွက်မူ သီးခြားလက်မှတ် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ အလုပ်သမား လက်မှတ်ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်လည်းလိုအပ်ကြောင်း၊ ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် နိုင်ငံသား စိစစ် အတည်ပြုခြင်း (National Verification) အစီအစဉ်တွင် ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံသား စိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံသားများအတွက် ၂၀၀၉ ခုနှစ် သြဂုတ်လတို့တွင် စတင်လုပ်ဆောင်ပေးခဲ့သည်။

နိုင်ငံသား စိစစ်အတည်ပြုခြင်း အစီအစဉ်အရ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအထိ ယင်းလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ စုစုပေါင်း ၅၅၀၀၀၃ ဦးမှာ ယခုအခါ ယာယီ နိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်လျှက် ရှိကြောင်း ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration - IOM) မှ ၂၀၁၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတို့ အထဲတွင် မြန်မာနိုင်ငံသား ၃၅၂၇၄၈ ဦး၊ လာအိုနိုင်ငံသား ၉၃ ၄၂၉ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁၀၃၈၂၆ ဦး ပါဝင်သည်ဟု IOM ထုတ်ပြန်ချက်တွင် တွေ့ရသည်။

သို့သော် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ်မရှိဘဲ တရားမ၀င် အလုပ်လုပ်ကိုင်နေသူ အမြောက်အမြား ရှိနေသေးသည်။

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ စာရင်းအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် လျှောက်လွှာတင်ထားသူ ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၉၃၂၂၅၅ ဦးအနက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ၅၄၃၇၄၉ ဦးမှာ စိစစ်ရေးလုပ်ငန်း အစီအစဉ် မပြီးဆုံးဘဲ ကျန်ရစ်နေကြောင်းလည်း IOM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်သမား လက်မှတ် ထပ်မံပြုလုပ်ပေးမည်ဆိုလျှင် မြန်မာပြည်မှ ဆွေမျိုးသားချင်း သူငယ်ချင်းများကို ခေါ်ရန် ရည်ရွယ်ထားသူများလည်းရှိကြောင်း ဘန်ကောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ မသန်းဝင်းက ပြောသည်။

“သမီးတို့ ညီမလေးတွေ၊ မောင်တွေကို ဘတ် (အလုပ်သမားလက်မှတ်) သစ် လုပ်ပေးရင် ခေါ်ဖို့ ပြင်ထားတယ်။ သူတို့က လာချင်နေကြတာ။ ရွာမှာက အလုပ်အကိုင် ရှားတယ်လေ။ ဒီမှာ အလုပ်လုပ်ပြီး အိမ်ကို တတ်နိုင်သလောက် ပြန်ပို့လို့ ရတာပေါ့” ဟု ဆိုသည်။

အလားတူ ထိုင်းနိုင်ငံ အနှံ့အပြားတွင် အလုပ်သမားလက်မှတ်မရှိဘဲ အလုပ်လုပ်နေသူများကလည်း လက်မှတ်လုပ်ရန် မျှော်လင့်နေကြသည်။

အလုပ်သမား လက်မှတ်မရှိပါက ရဲဖမ်းမည်ကို အချိန်ပြည့် စိုးရိမ်ထိတ်လန့်နေရကြောင်း ထိုင်းတောင်ပိုင်း ဖူးခက်မှ ပန်းရံ အလုပ်သမား ကိုသန်းထွန်းက ပြောသည်။

“ဘတ်အသစ်လုပ်ရင် ကျနော်တို့ လုပ်ချင်တယ်။ ဘတ်မရှိရင် အမြဲတမ်း ပုလိပ်ကြောက်နေရတယ်။ ပုလိပ်ကြေးဆိုပြီး လစဉ် ပိုက်ဆံပေးနေရပေမယ့်လည်း ၀င်ဖမ်းရင် ပါသွားတာပဲ” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။