Home » » သရုပ်ဆောင် ခင်လေးနွယ် နှင့် တွေ့ဆုံခြင်း ....

သရုပ်ဆောင် ခင်လေးနွယ် နှင့် တွေ့ဆုံခြင်း ....

Written By မောင်စေတနာ on Sunday, April 10, 2011 | 12:52:00 PM

e427

ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ ‘လမင်းကိုစိန်ခေါ်ခြင်း’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဓာတ်ပုံ မော်ဒယ်တစ်ဦးအဖြစ် သရုပ်ဆောင်ရင်း အနုပညာခရီးကို အစပြုခဲ့သူ။

အနုပညာခရီးမှာ ဇာတ်ပို့ သဘောဆောင်တဲ့ ဇာတ်ရုပ်များနဲ့သာ အများစုတွေ့ မြင်ခဲ့ရသူ။ လီဆူး တိုင်းရင်းသူ အနုပညာရှင်ဖြစ်တဲ့ သူမက ရိုးသားဖြူစင်တဲ့ ဇာတ်ရုပ်တွေမှာ ပါဝင်ခွင့်အများစု ရခဲ့သူပေါ့။ ဒါရိုက်တာ မီးပွားရိုက်ကူးတဲ့ သူညို့ခေါ်ရာ ဗီဒီယိုဇာတ်ကားမှာ ပီပီပြင်ပြင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် သူ့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။

အနုပညာသက်တမ်း ၈နှစ် ၀န်းကျင်အကြာ ၂၀၁၁မှာတော့ သူ့ရဲ့အနုပညာ စွမ်းရည်တွေကို ပိုမိုတွေ့ မြင်ခွင့်ရ ခဲ့ပြီး လတ်တလောထွက်ရှိလာတဲ့ ‘မောင့်ကိုချစ်သောမိန်းမများ’ ဇာတ်ကားထဲက ပိုးမျှင်ဇာတ်ရုပ်ကလည်း သူ့ရဲ့အနုပညာ တိုးတက်မှုတွေကို ထပ်မံမြင်တွေ့ စေခဲ့ပြန်ပါတယ်။ အနုပညာခရီးကို ခြေလှမ်းမှန်မှန်နဲ့ ကျရာအခန်းကဏ္ဍမှာ ပါဝင်ရင်း ခရီးဆက်နေတဲ့ ခင်လေးနွယ်နဲ့ တွေ့ဆုံခိုက်မှာတော့ . . . . .

မေး ဒီနှစ်ပိုင်း အနုပညာလှုပ်ရှားမှုက ဘယ်လိုရှိနေလဲ။

ဖြေ ပုံမှန်လေးရိုက်နေတယ်။ ဇာတ်လမ်းတွေမှာ ပါဝင်ခွင့်ကတော့ အရင်ကထက်ပိုပြီး လုပ်ပိုင်ခွင့် ပိုရတဲ့နေရာတွေကို ရရှိလာပါတယ်။

မေး ဟုတ်တယ်နော်။ ဒီနှစ်ထဲမှာထွက်တဲ့ ဗီဒီယိုကားတွေမှာ ခင်လေးပါရတဲ့ ဇာတ်ရုပ်တွေက အရင်ကထက် ပိုပြီးလုပ်ခွင့်ရတာ တွေ့ရတယ်။ လုပ်ပိုင်ခွင့် ရရှိလာတဲ့အပေါ် ခင်လေးအမြင်က။

ဖြေ လုပ်ပိုင်ခွင့်ရလာတဲ့ အဓိကအချက်ကတော့ လုပ်သက်နဲ့ ဆိုင်သလို ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်တွေကို ရွေးချယ်ပေးကြတဲ့ သဘောလည်း ပါပါတယ်။

မေး ခင်လေးပါရတဲ့ ဇာတ်ရုပ်တွေက အရမ်းအေးပြီး ဘာမှမသိတဲ့ ကောင်မလေးအဖြစ် ပါရတဲ့ ဇာတ်ရုပ်က များတယ်နော်။

ဖြေ ခင်လေးပုံစံက အရမ်းဟော့ရှော့ ပုံစံတွေနဲ့ သိပ်မလိုက်ဘူး။ ပရိသတ် အများစုကလည်း ဆံပင်ပုံစံက အစ အရှည်အဖြောင့် ပုံစံလေးထားပေးပါ။ ဆံပင်အကောက်ပုံစံဆိုရင် မလိုက်ဘူးလို့ ပြောကြတယ်။ ခင်လေးပုံစံက အဲဒီဇာတ်ရုပ်တွေနဲ့ လိုက်ဖက်နေတဲ့အတွက် ဒါရိုက်တာတွေက လည်း အဲဒီနေရာကို ပေးတယ်လို့ထင်တယ်။

မေး ကာရိုက်တာစုံအောင် သရုပ်ဆောင်ခွင့် ရဖို့ဆိုရင်ရော။

ဖြေ ဘယ်လို ကာရိုက်တာ ဖြစ်ပါစေ လုပ်ချင်ပါတယ်။ ဗီလိန်ဆိုရင် အဲဒီဇာတ်ရုပ်မှာ ကိုယ် နေရာရမယ်ဆိုရင် လုပ်ဖြစ်တယ်။ အဓိကကတော့ ကိုယ့်အတွက် လုပ်ပိုင်ခွင့် ဘယ်လိုရှိ လဲဆိုတာကိုပဲ တွက်တာပါ။ ခင်လေးအနေနဲ့ ဇာတ်ရုပ်စုံအောင် မလုပ်ဖူးသေးဘူးလေ။

မေး ခင်လေးလုပ်ချင်တဲ့ ကာရိုက်တာဆိုရင်ရော

ဖြေ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့အတွက် ဘယ်လိုဇာတ်ရုပ်မျိုးမဆို သရုပ်ဆောင်ချင်ပါတယ်။ ကိုယ့်ကို ပရိသတ်မမြင်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးကို ပိုလုပ်ချင်တယ်။

မေး မောင့်ကိုချစ်သော မိန်းမများ ဇာတ်ကားထဲမှာ သက်မွန်မြင့်နဲ့အပြိုင် ပိုးမျှင်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားမှုကို ပရိသတ်က အသိအမှတ် ပြုကြတယ်။ ပိုးမျှင်ဇာတ်ရုပ် ပီပြင်ဖို့အတွက် ကြိုးစားခဲ့မှုကိုပြောပြပါဦး။

ဖြေ အဲဒီကားထဲမှာ ရောဂါသည်လေး၊ သူတို့နှစ်ယောက် ဖြစ်ပျက်ခဲ့သမျှကို ဘာမှမသိတဲ့ သူငယ်ချင်းကို အရမ်းချစ်တဲ့ ပိုးမျှင်ဆိုတဲ့ ကောင်မလေး ဇာတ်ရုပ်ပီပြင်တယ် ဆိုတာက ဒါရိုက်တာရဲ့ ညွှန်ကြားမှုနဲ့ ဒီကားမှာပါတဲ့ ကိုနေတိုး၊ သက်မွန်နဲ့ ခင်လေးတို့ သုံးယောက်လုံးက အပေးယူမျှမျှနဲ့ သရုပ်ဆောင်ခဲ့ကြ တဲ့အတွက်ပါ။ အဲဒီကားလေးက အခုချိန်ထိနယ်သွားရင်လည်း ပရိသတ်က သတိတရပြောကြတယ်။

မေး မလေးရှားမှာရိုက်တဲ့ ရွှေပြည်သူ ဇာတ်ကားထွက်လာပြီနော်။ အဲဒီကားနဲ့ ပတ်သက်ပြီး အမှတ်တရရှိလား။

ဖြေ အဲဒီကားလေးထဲမှာ မလေးရှား မှာ ကျောင်းတက်ရင်းနဲ့ ကလေးတွေကို စာသင်ပေးရတဲ့ ကောင်မလေးအဖြစ် ပါရတယ်။ မလေးရှားရောက်ပြီး ဒုက္ခခံနေတဲ့ မြန်မာမိန်းကလေးကို ကူညီပေးတဲ့ ဇာတ်ရုပ်ပေါ့။ ဒီကားလေး ရိုက်တုန်းက သုံးညနဲ့လေးရက်အတွင်း မှာဇာတ်ကားရော၊ ကြော်ငြာရောကို အပြေးအလွှား ရိုက်ခဲ့ရတယ်။ တော်တော်လေးကို ပင်ပန်းပြီး လူလည်း တော်တော်ပိန်သွားတယ်။

မေး ဇာတ်လမ်းလက်ခံတဲ့အခါ ရွေးချယ်ပြီးမှ လက်ခံတာမျိုးလား။

ဖြေ ရွေးချယ်ဖြစ်ပါတယ်။ အဓိက က တော့ ကိုယ့်အတွက် လုပ်ပိုင်ခွင့်ပေါ့။ ပါရတဲ့ဇာတ်ကွက် နည်းပေမယ့် ကိုယ့်အတွက် လုပ်ခွင့်ရတယ်ဆိုရင် လက်ခံတယ်။ ပါရတယ်ဆိုရုံလေးနဲ့ ဘာမှ လုပ်ခွင့်မရှိရင်တော့ လက်မခံဖြစ်ဘူး။

မေး ခေါင်းဆောင်အဖြစ် ပါရခြင်း မပါရခြင်း အပေါ် ခင်လေးရဲ့လက်ခံယုံကြည်ထားမှုက။

ဖြေ ခင်လေးကတော့ အနုပညာ အလုပ်ကို အကောင်းဆုံးလုပ်မယ်ဆို တဲ့ လက်ခံယုံကြည်မှုပဲ ရှိပါတယ်။ အပြိုင် လုပ်ရတော့လည်း ရတဲ့နေရာမှာ ဘယ်လို အကောင်းဆုံး လုပ်ပြနိုင်မလဲ ဆိုတာကိုပဲတွက်တယ်။ အကောင်းဆုံး လုပ်ပြနိုင်ရင် ပရိသတ်အမြင်လည်း အကောင်းဘက်မှာရှိမှာပါ။

မေး ကိုဇော်(အရုဏ်ဦး)ရိုက်တဲ့ ကားတွေမှာ ခင်လေးကို တွေ့ရတာများတယ်နော်။

ဖြေ ဟုတ်ကဲ့။ ဒီလောကထဲ ရောက်စကတည်းက ကိုဇော်ရိုက်တဲ့ကားမှာ ပါဝင်ခွင့်ရခဲ့တယ်။ နောက်ပိုင်းမှာ လည်း ကိုဇော်ကသူရိုက်မယ့်ကားတွေ မှာကိုယ်နဲ့ကိုက်တဲ့ ကာရိုက်တာဆိုရင် ခေါ်တော့ ကားများသွားတာပေါ့။

မေး အနုပညာသက်တမ်း ရှစ်နှစ်နဲ့ ရပ်တည်နိုင်မှု အနေအထားကို ကျေနပ်လား။

ဖြေ ဖြည်းဖြည်းမှန်မှန်သွားနေရတဲ့ သဘောတော့ရှိတယ်။ ဒီလောကက လူမှုရေးလည်း ရှိရတယ်။ ပေါင်းသင်း ဆက်ဆံရေးလည်း တတ်ရသလိုအဖက်ဖက်က ပြည့်စုံမှုတွေလည်း ရှိရပါတယ်။ ခင်လေးက နယ်ကလာတာဆိုတော့ ပေါင်းသင်းဆက်ဆံရေး လိုတယ်။ ဒီလောကထဲကို လေ့လာမှုဘာမှမရှိဘဲ အစိမ်းသက်သက် မထင်မှတ်ဘဲ ရောက်လာပြီး လုပ်ရင်း နဲ့မှ သင်ရလေ့လာရတယ်။ ဒါကြောင့် သူများတွေထက် အချိန်ပိုပေးရတဲ့ သဘောရှိတော့ အခုရနေတဲ့နေရာကို ကျေနပ်ပါတယ်။ ရှေ့ဆက်မယ့်ခရီး မှာတော့ အများကြီး ကြိုးစားရဦးမယ်။

မေး-ကချင်တိုင်းရင်းသား မျိုးနွယ်တစ်ခုဖြစ်တဲ့ လီဆူးတိုင်းရင်းသား တွေထဲက အနုပညာရပ်ဝန်း ကိုရောက်ရှိမှုမှာ ခင်လေးက ပထမဆုံးဖြစ်မလား။

ဖြေ ဟုတ်တယ်။ ကိုယ့်လူမျိုးဆိုတဲ့ အသိစိတ်က ဒီအနုပညာရပ်ဝန်းကနေ ခင်လေးကို ထွက်ပြေးမသွားဖြစ် အောင် စိတ်ခွန်အား ပေးနေတာပါ။ ခင်လေးတို့လူမျိုးက လူနည်းစုပဲ ရှိတာလေ။ လီဆူး တိုင်းရင်းသားအား လုံးကအမာခံပရိသတ်အဖြစ် နောက်ကွယ်မှာ အမြဲတမ်းအားပေးနေတယ်။ အနုပညာရပ်ဝန်းက ထွက်ပြေးဖို့စဉ်း စားမိတိုင်း ကိုယ်သာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ရင် ကိုယ့်ကြောင့် ကိုယ့်လူမျိုးကိုလည်း လူသိမယ်။ ဂုဏ်မြင့်စေမယ်ဆိုတဲ့ အတွေးအမြဲ ရှိတယ်။ သူတို့ကြောင့် ဒီလောကမှာ ဆက်လက်ရပ်တည်ဖို့ ခွန်အားဖြစ်ရ ပါတယ်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။