Home » » မဲဆောက်တွင် မြန်မာသံဃာ ၈ ပါး ဖမ်းပြီးပြန်ပို့ခံရ ...

မဲဆောက်တွင် မြန်မာသံဃာ ၈ ပါး ဖမ်းပြီးပြန်ပို့ခံရ ...

Written By မောင်စေတနာ on Saturday, January 22, 2011 | 3:48:00 PM



ဘန်ကောက် (မဇ္ဈိမ)
ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်၌ ဆွမ်းခံနေသည့် မြန်မာသံဃာ ၈ ပါးကို မဲဆောက်ရဲများနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဖမ်းဆီး၍ ချက်ချင်းလူဝတ်လဲ ချုပ်နှောင်ပြီးနောက် မြန်မာပြည် ပြန်ပို့လိုက်သည်။

အဖမ်းခံရသည့် သံဃာ ၈ ပါးမှာ အုန်းဖျန် ဒုက္ခသည်စခန်းမှ မဲဆောက်သို့ ခေတ္တရောက်နေသည့် ဦးနန္ဒိယ သက်တော် ၂၈ နှစ် ၊ တောရပ်ကျောင်းမှ သက်တော် ၆ဝ ရွယ် ဂေါ်ရခါး ကိုယ်တော်ကြီးနှင့် ဦးဝိမလ သက်တော် ၅၆ နှစ် ၊ ကျောင်းကြီးမှ ဦးသုစိတ္တ သက်တော် ၆ဝ နှင့် ဦးပညာသီဟ သက်တော် ၂၆ နှစ်၊ ဝတ်အလန်းကျောင်းမှ ကိုရင် နန္ဒိတ သက်တော် ၁၃ နှစ် ၊ ဦးသုမင်္ဂလ သက်တော် ၅၆ နှစ်နှင့် သက်တော် ၆ဝ ခန့်ရှိ ဦးဇင်းကြီး ဦးသုမင်္ဂလတို့ ဖြစ်သည်။

၎င်းတို့ကို တာ့ခရိုင်မှူး ဦးစီးကာ ဖမ်းခဲ့ပြီး နေထိုင်ခွင့် စာရွက်စာတမ်း မပြည့်စုံသဖြင့် ညနေပိုင်းတွင် နယ်စပ်သို့ ပို့ဆောင်ခဲ့သည်။

“မနက် ၆ နာရီကျော် အရုဏ်ဆွမ်းခံကြွနေတဲ့ အချိန် မဲဆောက်ဈေးထဲမှာ ဖမ်းတာပါ။ ရဲစခန်းကိုရောက်တော့ မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဝတ်ကျုံဖွန်ကျောင်းကို ပို့တယ်။ ဆရာတော်ကိုယ်တိုင် သင်္ကန်းကို ဆွဲချွတ်တာ’’ ဟု ဖမ်းဆီးခံခဲ့ရသည့် ဆရာတော် ဦးနန္ဒိယက မဇ္ဈိမကို မိန့်သည်။



ဒုက္ခသည်စခန်းမှ ဖြစ်သည်ဟု ပြောဆိုရာတွင် ယူအန် (UN) အထောက်အထားလက်မှတ် ပြခိုင်းကြောင်း၊ မပြနိုင်သဖြင့် သင်္ကန်းချွတ်ပြီး အချုပ်သို့ ပို့ဆောင်ကာ ညနေပိုင်းတွင် နယ်စပ်သို့ ပို့ကြောင်း၊ ထိုင်းရဲများလက်ဖြင့် အရိုက်ခံခဲ့ရကြောင်း ဦးနန္ဒိယက မိန့်သည်။

ဖြစ်ရပ်နှင့် ပတ်သက်၍ မနေ့ ညနေ၆နာရီခွဲခန့်က မဇ္ဈိမက မဲဆောက်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိက ထိုကဲ့သို့ မေးမြန်းသူ ၂ ယောက် ၃ ယောက်ရှိပါကြောင်းနှင့် မိမိတို့ ထိန်းသိမ်းထားသည့် မြန်မာသံဃာတော် မရှိကြောင်း ငြင်းဆိုသည်။

မဇ္ဈိမ သတင်းမှ

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။