Home » » ထိုင်း အလုပ်သမား လက်မှတ်အသစ် ဖွင့်ပေးရန် တောင်းဆို .....

ထိုင်း အလုပ်သမား လက်မှတ်အသစ် ဖွင့်ပေးရန် တောင်းဆို .....

Written By မောင်စေတနာ on Saturday, December 18, 2010 | 10:19:00 AM




ဘန်ကောက် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်လုပ်ခွင့် လက်မှတ် မရှိသေးသော ရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်အသစ်) ဖွင့်လှစ်ပေးရန် အလုပ်သမားရေး အဖွဲ့အစည်းများမှ ယနေ့တောင်းဆိုလိုက်သည်။

ထိုင်းအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ ထိုင်းအလုပ်သမား သွေးစည်း ညီညွတ်ရေး ကော်မတီနှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တို့ ပူးတွဲ၍ မနက်ဖြန်တွင် ကျရောက်မည့် နိုင်ငံတကာ ရွှေ့ပြောင်း
အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံတွင်း ၂ သန်းခန့်ရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အားသည် ထိုင်းကုန်ထုတ်လုပ်မှု ကဏ္ဍ၏ ၉ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိရှိနေပြီး ရွှေ့ပြောင်း အလုပ်သမားများသည် (3D) ခေါ် (Dangerous) အန္တရာယ်များခြင်း၊ (Dirty) သန့်ရှင်းစင်ကြယ်မှု မရှိခြင်း၊ (Demanding) တောင်းဆိုမှုများသည့် အလုပ်များ လုပ်ကိုင်နေကြရသည်။

ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ထိုင်းနိုင်ငံ၏ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီး ထိန်းသိမ်း ပြန်လည်ပို့ဆောင်ရေး အစိုးရ ပေါ်လစီကို ပြန်လည် စဉ်းစားသုံးသပ်ရန်၊ တရားမဝင် အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေအတွက် ငွေကြေး ကောက်ခံမှုကိုလည်း ပယ်ဖျက်ရန်နှင့် ရေရှည်ခံမည့် ရွှေ့ပြောင်း အလုပ်သမားပေါ်လစီကို ရေးဆွဲထားရှိရန်တို့လည်း ပါဝင်သည်။


ထိုင်းနိုင်ငံတွင်း ဝင်ရောက် လုပ်ကိုင်နေသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားများ၏ အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) သက်တမ်းကို နောက်ထပ် သက်တမ်းတနှစ်တိုးရန်
ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမား ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ခွန်နာချိရာစပ် ဆုပ်ခွန်ထချက နိုဝင်ဘာ (၃) ရက်ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုင်းအလုပ်အကိုင် ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈)ရက်က ဘတ်လက်မှတ် အသစ် ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဟု တရားဝင် ပြောဆိုခဲ့သော်လည်း ယခုအချိန်အထိ ထိုင်းအစိုးရမှ စဉ်းစားနေဆဲ ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားများသည် လာမည့်ဇန်နဝါရီလ မှစ၍ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေအဖြစ် လစဉ် အလုပ်သမား
ဝန်ကြီးဌာနသို့ ငွေပေးသွင်းရမည် ဖြစ်သည်။

မြန်မာနှင့်လာအို ရွှေ့ပြောင်း အလုပ်သမားများသည် (၆)လစာ အချိုးကျ ကောက်ယူမည့် ဘတ်ငွေ ၂,၄ဝဝ ရန်ပုံငွေအတွက် လစဉ်ဘတ် ၄ဝဝ ကို မိမိမှတ်ပုံတင်ထားသော လုပ်ငန်းရှင်မှတဆင့် ခရိုင်အလုပ်သမား ဌာနရုံးများသို့ (၁၅)ရက်နေ့ထက် နောက်မကျပဲ လစဉ် ပေးသွင်းရမည် ဖြစ်သည်။ ကမ္ဘောဒီးယား အလုပ်သမား များမှာမူ ဘတ် ၂,၁ဝဝ သာ ပေးသွင်းရမည် ဖြစ်သည်။ သတ်မှတ်ရက် ကျော်လွန်သွားပါက ၂ ရာခိုင်နှုန်း ဒဏ်ကြေး ပေးဆောင်ရမည်ဟု နိုဝင်ဘာလ (၃)ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် အလုပ်သမားဝန်ကြီးဌာန
ညွှန်ကြားချက်တွင် ပါရှိသည်။

ထိုသို့ ပေးသွင်းထားသည့် ရန်ပုံငွေကို မိမိနေရင်းနိုင်ငံသို့ အပြီးအပိုင် ပြန်မည်ဆိုပါက ပြန်ထုတ်နိုင်မည်ဟု သိရသည်၊ အလည်အပတ် ပြန်ခြင်းအတွက် ထုတ်ပေးမည် မဟုတ်ချေ။

“ကျနော်တို့ အလုပ်လုပ်နေတာ တလ တလကို ၄၀၀၀-၅၀၀၀ လောက်ပဲရတာ၊ အဲဒီအထဲက ပတ်စပို့ဖိုး၊ အလုပ်လုပ်ခွင့် လက်မှတ် (work permit)ဖိုး၊ ပွဲစားကြေးတို့ကို ပေးနေရတာ ဘာမှ မကျန်ဘူး၊ အခုအဲဒီလို ထပ်ပေးရမယ်ဆိုတော့ ဒီမှာလာ သက်သက် အလုပ် လုပ်ပေးနေရသလို ဖြစ်နေပြီ”ဟု ဘန်ကောက်မှ
အလုပ်သမားတဦးက ညည်းညူသည်။

ထိုပေးသွင်းထားသော ရန်ပုံငွေကို ပြန်ထုတ်ရန်အတွက် ငွေသွင်းထားသော လက်ခံပြေစာများကို အလုပ်သမားများသည် မိမိနှင့်အတူ သိမ်းဆည်းထားပြီး မိမိတို့နေရပ်ရင်းပြန်ချိန် ငွေပြန်ထုတ်ရာတွင် ပြနိုင်ဖို့လိုသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက သတိ ပေးထားသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။