Home » » ပြည်ပနိုင်ငံအသီးသီးသို့ ကျောင်းတက်ရန် ထွက်ခွာမှုမှာ ပုံမှန်သာရှိနေ .......

ပြည်ပနိုင်ငံအသီးသီးသို့ ကျောင်းတက်ရန် ထွက်ခွာမှုမှာ ပုံမှန်သာရှိနေ .......

Written By မောင်စေတနာ on Tuesday, November 30, 2010 | 4:42:00 PM


Seminar ပွဲတစ်ခု၏ မြင်ကွင်းအား တွေ့ရစဉ်

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ အသီးသီးသို့ ကျောင်းတက်ရန် ထွက်ခွာမှုမှာ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲလွန်ကာလမှ စတင်ကာ ပုံမှန်အတိုင်းသာ ထွက်ခွာမှု ရှိနေကြောင်း ပညာရေးဝန်ဆောင်မှု အေဂျင်စီများထံမှ စုံစမ်းသိရှိရပါသည်။

အမှန်တကယ် ကျောင်းတက်လို၍ ထွက်ခွာသူများမှလွဲကာ အလုပ်အကိုင်အဓိကဖြင့် သွားရောက်ရန် ဦးတည်ကာ ပြည်ပထွက်ခွာမှုမှာ ယခင်ကကဲ့သို့ မဟုတ်ဘဲ လွန်စွာ နည်းပါးလာခဲ့ကြောင်း Crown Education ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ Chief Consultant ဦးအောင်ကျော်ဆန်းက ပြောကြားခဲ့ပါသည်။

''အရင်ကလို စင်ကာပူ ခေတ်ကောင်းရင် စင်ကာပူ၊ အင်္ဂလန်ဆို အင်္ဂလန် သွားကြတဲ့ ကျောင်းသားတွေ နည်းသွားပြီး တကယ်ကျောင်းတက်မယ့် သူတွေပဲ ရှိလာတယ်။ ဒီလိုဖြစ်အောင်လည်း နိုင်ငံတိုင်းက လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေနဲ့ ထိန်းချုပ် လာခဲ့ကြတယ်''ဟု ဦးအောင်ကျော်ဆန်းက ပြောပြခဲ့ပါသည်။

ထို့ပြင် နိုင်ငံတွင်းရှိ ကျောင်းသားများတွင်လည်း ပြည်ပနိုင်ငံသို့ စတင် ထွက်ခွာတော့မည့် အချိန်မှ စတင်ကာ ဘွဲ့ရသည်အထိ အမှန်တကယ် ကုန်ကျစရိတ်များနှင့် ပြည်ပရောက် မြန်မာများကြား၌ အခြေအနေ အလုံးစုံအား စုံစမ်းမေးမြန်းပြီးမှ ထွက် ခွာမှု ရှိလာခဲ့သည်ကိုလည်း လူငယ်အများစုက ဆိုခဲ့သည်။


''ကျွန်တော်တို့ အခုအချိန်မှာ နိုင်ငံခြားကို ကျောင်းသွားတက်မယ်ဆို ငွေကြေးဆိုင်ရာ လိုအပ်ချက်၊ ဗီဇာအခြေအနေနဲ့ ဟိုမှာကျောင်းပြီးရင် ဘာလုပ်ရမလဲ ဆိုတာကအစ စဉ်းစားလာရတယ်။ သူ့နိုင်ငံကဘွဲ့ကိုယူတယ် ဆိုပေမယ့်လည်း အလုပ်ပြန်မ ရတဲ့ အခြေအနေတွေလည်း ရှိနေတယ်'' ဟု စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသော ကျောင်းသားတစ်ဦးက ပြောကြားခဲ့ပါသည်။

ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး ကျောင်းတက်ကြသော မြန်မာလူငယ်အများစု၏ ရည်မှန်းချက်မှာ အလုပ်အကိုင်ကောင်းများ ပြန်လည်ရရှိရန် ဖြစ်သော်လည်း လက်တွေ့တွင် ယင်းနိုင်ငံတို့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများ၊ ကျောင်းသား ဗီဇာမှ အလုပ်ဗီဇာသို့ ပြောင်းလဲရာတွင် နှစ်ရှည်နေထိုင်ရန် အရည်အချင်း ကန့်သတ်မှုများကြောင့် အများစုမှာ ကျောင်းပြီးသော်လည်း အလုပ်အကိုင်ကောင်းများရရန် များစွာ ရုန်းကန်လာရကြောင်း အင်္ဂလန်နိုင်ငံရှိ ဟိုတယ်သင်တန်းကျောင်း တစ်ခုတွင် တက်ရောက်နေသော မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့သည်။

''နိုင်ငံအသီးသီးက ကျောင်းတွေ မြန်မာကိုလာရင် ဈေးကွက် အခြေအနေအရ အလုပ်ပေါတယ် ဆိုပေမယ့် ကိုယ်တကယ်သွားလိုက်တဲ့ အခါမှ ဈေးကွက် အပြောင်းအလဲ ဖြစ်သွားတာတွေ ရှိတာကြောင့် ကိုယ်ကျောင်းပြီးထားပေမယ့် အလုပ်မရ ကြတာတွေ တွေ့နေရတယ်''ဟု အင်္ဂလန်နိုင်ငံရောက် မြန်မာအမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

ယခုအခါ ပြည်ပနိုင်ငံ အသီးသီးသို့ ထွက်ခွာလာကြရာ၌ အများစုသည် အလုပ်အကိုင်ထက် ပညာရေးကိုသာ ဦးစားပေး ထွက်ခွာလာကြပြီး အများစုမှာ ၎င်းတို့ သွားရောက်မည့် နိုင်ငံများ၌ ဘွဲ့ရပြီး အလုပ်အကိုင်ဖြင့် နှစ်ရှည်နေထိုင်ရန် ရည်ရွယ်ထား သူများ ဖြစ်ကြကြောင်း သိရှိရပါသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။