Home » » ပြန်လည်ရပ်တည်ရန် ခက်ခဲမှုများကြောင့်လူကုန်ကူး ခံခဲ့ရသူများ ကိုယ်တိုင် တရားခံ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိ .......

ပြန်လည်ရပ်တည်ရန် ခက်ခဲမှုများကြောင့်လူကုန်ကူး ခံခဲ့ရသူများ ကိုယ်တိုင် တရားခံ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိ .......

Written By မောင်စေတနာ on Wednesday, November 24, 2010 | 8:04:00 PM

ပြန်လည်ရပ်တည်ရန် ခက်ခဲမှုများကြောင့် လူကုန်ကူးခံခဲ့ရသူများ ကိုယ်တိုင် တရားခံအဖြစ်သို့ ပြောင်းလဲရောက်ရှိ သွားသူများရှိနေ၊ လူကုန်ကူးခြင်း ခံခဲ့ရသူများကို လျော်ကြေးငွေနှင့် ထိရောက်သော ထောက်ပံ့မှုများ ပေးရန်လိုအပ် ......


လူကုန်ကူးခြင်း ခံခဲ့ရသူများ မိမိတို့၏ နေရပ်ဒေသများတွင် ပြန်လည်ရပ်တည်၍ နေထိုင်လုပ်ကိုင်ရန် ခက်ခဲမှုများရှိနေခြင်းကြောင့် လူကုန်ကူး ခံခဲ့ရသူများဘ၀မှ လူကုန်ကူးမှုများကို ကျူးလွန်သည့် တရားခံများ အဖြစ်သို့ ရောက်ရှိသွားကြသူများရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

လူကုန်ကူးခြင်း ခံခဲ့ရသူများ ရပ်တည်မှု အခက်အခဲများ ရှိနေခြင်းကြောင့် လမ်းကြောင်းပြောင်းသွားကာ တရားခံအဖြစ်သို့ ရောက်ရှိသွားကြသည့် ဖြစ်ရပ်များရှိနေခြင်းကြောင့် လူကုန်ကူးခံရသူများကို သင့်လျော်သော လျော်ကြေးငွေများရရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် ထိရောက်သော ထောက်ပံ့ပေးမှုများ လိုအပ်လာပြီဖြစ်ကြောင်း အဆိုပါအဆင့်မြင့် ရဲအရာရှိကြီးက ဆက်လက်သုံးသပ်သွားခဲ့သည်။

လူကုန်ကူးခြင်း ခံခဲ့ရသူများကို ပြန်လည် ထောက်ပံ့ပေးမှု အားနည်းခြင်း၊ နစ်နာမှု လျော်ကြေးပေးအပ်နိုင်မှု မရှိခြင်းတို့ကြောင့် ဘ၀ရပ်တည်မှုများတွင် ခက်ခဲမှုများစွာရှိနေကြပြီး ယင်းအနက် အချို့မှာ မိမိတို့ လူကုန်ကူး ခံခဲ့ရသည့် လမ်းကြောင်းများအတိုင်း ပြန်လည်လုပ်ကိုင် ဆောင်ရွက်ကြရာမှ လူကုန်ကူးသူ တရားခံများအဖြစ်သို့ ရောက်ရှိသွားကြသူများ ရှိသည်ဟုသိရသည်။

"လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ခဲ့မှုတွေအရ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအနက် လူကုန်ကူး ခံခဲ့ရသူတွေထဲမှာ ဘ၀ရပ်တည်မှု ခက်ခဲလို့လမ်းကြောင်း ပြောင်းလဲသွားပြီး လူကုန်ကူးခံခဲ့ရတဲ့ ဘ၀ကနေ လူကုန်ကူးသူ တရားခံအဖြစ်ကို ရောက်ရှိသွားတာ တစ်ရာကျော် လောက်ရှိခဲ့ပါတယ်။ လူကုန်ကူးမှုတွေ ဖြစ်ပွားခဲ့ပြီဆိုရင် တစ်ဖက်နိုင်ငံ ကိုမရောက်ခင် သက်ဆိုင်ရာက တားဆီးကာကွယ် နိုင်လိုက်တာမျိုး၊ အချိန် မီဖော်ထုတ်နိုင်ခဲ့တာမျိုးက အပြည့်အ၀ ကူညီကယ်တင်နိုင်ပေမယ့် တစ်ဖက်နိုင်ငံကို ရောက်ရှိသွားတဲ့အခါ ပြန်ပြီး တရားစွဲဖို့ထက် ဒီကိုပြန်ရောက်ဖို့ မနည်းပြန်လာရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ရပါတယ်။




ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းတရားရုံးကနေ လျော်ကြေးပေးမယ်တော့ လုပ်နေပြီ။ ထိုင်းဘတ်ငွေ ခြောက်ဘီလျံလောက် ပေးမယ်ဆိုတာ လုပ်နေတာတွေ့ရတယ်။ ဒီမှာလည်း လုပ်ဖို့လိုအပ်ပါတယ်။ အထူးတရား ရုံးထူထောင်ရေး ဘယ်လိုစတင်မလဲပေါ့။ လူကုန်ကူးခံရတဲ့သူတွေကို သင့်တင့်လျောက်ပတ်တဲ့ လျော်ကြေး တွေရရှိအောင်၊ ထောက်ပံ့ပေးမှုတွေ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုတာတွေ လိုအပ်ပါတယ်။ ထိရောက်တဲ့ ထောက်ပံ့ပေးမှုတွေ၊ ပြန်လည် ပြုစုပျိုးထောင်ပေးမှုတွေ လိုအပ်ပါတယ်"ဟု အဆိုပါ ရဲအရာရှိကြီးက အလုပ်ရုံဆွေးနွေးပွဲတွင် သုံးသပ်တင်ပြသွားခဲ့သည်။

"ကိုယ့်ကို ခေါ်သွားတဲ့သူက ဘယ်မှာ အခြေတကျ နေထိုင်မှန်းမသိ၊ ကိုယ့်ကို ဘယ်ကိုပို့မယ်ဆိုတာအတိ အကျမသိ၊ ဟိုဘက်က ဘယ်သူဆိုတာ လူကုန်ကူးခံရသူတွေ သေချာမသိကြတာ များတယ်။ အဲဒီလို တစ်ဖက်နိုင်ငံကို ရောက်ရှိသွားပြီးမှ လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ အတင်းအဓမ္မ စေခိုင်းခံရတာတွေ ကြုံရပြီး တစ်ဆင့်ပြီး တစ်ဆင့် ရောင်းစားခံရတာကနေ နောက်တော့ မြန်မာနိုင်ငံ ကိုပြန်ရောက်လာပြီး ရပ်တည်မှု ခက်ခဲတာကြောင့် ကိုယ်ကပြန်ပြီး လူကုန်ကူးသူအဖြစ်ကို ရောက်ရှိသွားကြတဲ့ သူတွေလည်း ရှိတယ်။

ကိုယ်ဖြစ်ပေါ် ကြုံတွေ့ခဲ့တာတွေကိုလည်း ဘယ်သူကိုမှ မပြောရဲ၊ ပြန်လည် ရပ်တည်လုပ်ကိုင်ဖို့ကလည်း ခက်ခဲနဲ့ဆို တော့ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့ အကြုံတွေကတစ်ဆင့် လူကုန်ကူးမှုတွေကို ပြန်လည် ကျုးလွန်မိသွားကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို အလုပ်လုပ်မယ်ဆိုပြီး သွားရာကနေ လူကုန်ကူးခံရသလို တရုတ်နိုင်ငံကို ကျတော့ ထိမ်းမြားလက်ထပ်ဖို့ သွားရာကနေ ရောင်းစားခံရတာတွေ ရှိပါတယ်။ တချို့ကလည်း ကိုယ်တိုင် လိုလိုလားလား သဘောတူပြီး ထိမ်းမြားလက်ထပ်ဖို့ သွားရောက်ကြတာ၊ ရောင်းစားခံတာတွေရှိတယ်။ နောက်တော့ လမ်းကြောင်းသိပြီး ထွက်ပြေးလာရာကနေ ကိုယ်တိုင်လူကုန်ကူးမှု ကို ပြန်လည်ကျူးလွန်ကြတဲ့ တရားခံတွေလည်း ရှိပါတယ်။

ဒါကြောင့် တစ်ဖက်နိုင်ငံကို ရောက်ရှိမသွားခင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေ၊ ပညာပေးမှုတွေ ပိုမိုထိရောက်ဖို့ လိုအပ်သလို ပြန်ရောက်လာတဲ့ လူကုန်ကူးခံခဲ့ရသူတွေကိုလည်း ထောက်ပံ့အားပေးနိုင်ဖို့အတွက် ရန်ပုံငွေလည်းများစွာ လိုအပ်ပါတယ်" ဟု နိုင်ငံတကာ လုပ်သားရေးရာနှင့် လူကုန်ကူးမှုများကို လေ့လာသုံးသပ် နေသူသုတေသီ စာရေးဆရာ ၀င်းနိုင်ထွန်းက သုံးသပ်သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။