Home » » သစ်တစ်ပင်ကောင်း (တရားဦးဓမ္မစကြာ) အရှင်ပညာသီဟာဘိဝံသ

သစ်တစ်ပင်ကောင်း (တရားဦးဓမ္မစကြာ) အရှင်ပညာသီဟာဘိဝံသ

Written By မောင်စေတနာ on Wednesday, October 27, 2010 | 11:28:00 PM

''ချစ်သားတို့ ဥပမာကား လမ်းဆုံလမ်းမ လမ်းလေးခွတို့ဆုံရာ ညီညွတ်သော မြေအပြင်၌
ကြီးစွာသောညောင်ပင်ကြီးသည် အရပ်လေးမျက်နှာမှ ပျံသန်းရောက်လာ ငှက်များစွာ တို့
၏မှီခိုအားထားရာ ဖြစ်၏။ထို့အတူ ယုံကြည်ချက် မြဲမြံခိုင်တည်သောအမျိုးကောင်းသားသည်
လည်းလူများစွာတို့အတွက် အားကိုးမှီခိုရာ ဖြစ်၏''

ဤစကားရပ်သည် ဘုရားမြတ်စွာ ပဉ္စကအင်္ဂုတ္တိုရ်တွင် ဟောကြားတော်မူသော ဒေသနာစကား
ဖြစ်ပါသည်။'သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း' ဟူသော မြန်မာစကားပုံသည် ဤဒေသနာ
တော်မှ သက်ဆင်းခဲ့ခြင်းဖြစ်၏။

သစ်ကောင်းတစ်ပင်ကြောင့် ငှက်ပေါင်းများစွာတို့ ကောင်းကျိုးခံစားရသကဲ့သို့လူတစ်ဦး
တစ်ယောက်ကြောင့် လူပေါင်းများစွာတို့ ကောင်းကျိုးချမ်းသာခံစားရတတ်တာကို ရည်ညွှန်းဟောကြားတော်မူခြင်း ဖြစ်ပါသည်။

သစ်တစ်ပင်ကောင်းဟူသည် အခက်ကောင်းဖို့ လိုအပ်၏။ သို့မှသာ နားခိုလိုသော ငှက်တို့
နားခိုနိုင်မည်ဖြစ်၏။ အရွက်ကောင်းဖို့ လိုအပ်၏။ သို့မှသာ အရွက်ကို စားသုံးလိုသော ငှက်တို့
စားသုံးနိုင်မည်ဖြစ်၏။ ပင်စည်ကောင်းဖို့လိုအပ်၏။ သို့မှသာ ငှက်များစွာလုံခြုံစိတ်ချ ကြာရှည်
လေးမြင့်စွာ နားခိုနိုင်ကြမည် ဖြစ်၏။ အမြစ်ကောင်းဖို့လိုအပ်၏။သို့မှသာ ငှက်များစွာအတွက် ကြာရှည်ရှင်သန်လျက် အရိပ်ပေးနိုင်မည်ဖြစ်၏။

အသီးနှင့်ပြည့်စုံဖို့ လိုအပ်၏။ သို့မှသာ အသီးကို စားသုံးလိုသောငှက်တို့ စားသုံးခွင့်ရမည် ဖြစ်၏။ အရိပ်အာဝါသကောင်းဖို့လိုအပ်၏။ သို့မှသာနားခိုသူတို့၏ နှလုံးစိတ်ဝမ်းကို အေးချမ်းစေခြင်း၊ သာယာချမ်းမြေ့စေခြင်း၊မွေ့ပျော်စေခြင်း ဖြစ်နိုင်၏။သစ်တစ်ပင်ကောင်း၏ ဂုဏ်အင်္ဂါတို့ကိုဘုရားမြတ်စွာ ထိုကဲ့သို့ ဖွင့်ဆိုဟော ကြားတော်မူခဲ့ပါသည်။


လူသားလောကကို အလှဆင်ဖို့၊ အကျိုးပြုဖို့ လူသားတိုင်း သစ်တစ်ပင်ကောင်းဖြစ်ဖို့
အထူးလိုအပ်၏။ လူသားတိုင်းသည် -

၁။ ဒုက္ခရောက်သူများကို ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေရန် ဆောင်ရွက်ပေးကြရပါမည်။
(ဒုက္ခပ္ပတ္တာစ နိက္ဒုက္ဓာ။)

၂။ ဘေးသင့်နေရသူများကို ဘေးရန်ခပ်သိမ်း အေးငြိမ်းစေရန် ဆောင်ရွက်ပေးကြရပါမည်။ (ဘယပ္ပတ္တာစနိဘယာ)

၃။ သောကရောက်သူများကို သောကကင်းပြီး စိတ်အေးချမ်းသာစေရန် ဆောင်ရွက်ပေးကြရပါမည်။

(သောကပ္ပတ္တာစနိေဿာကာ။) လူသားတို့ကို ဒုက္ခမရောက်ရောက်အောင်၊ အကြောက်ဘေးဖြင့် အမြဲတမ်းကြောက်နေအောင် သောက မ ဖြစ်ဖြစ်အောင်လုပ်ဆောင်နေသူများသည် သစ်တစ်ပင်ကောင်းလောက်မျှ တန်ဖိုးမရှိသည်ကို ဤဒေသနာတော်အရ သိရ၏။

ချင့်ချိန် စဉ်းစားတတ်သော ခေါင်းဆောင်သည် နောက်လိုက်များကို ဘေးကင်းလုံခြုံအောင် ထုတ်ဆောင်ကယ်တင်ပြီးစီးပွားဥစ္စာချမ်းသာများစွာကို တိုးပွားစေသည်။ မစဉ်းစားမချင့်ချိန်တတ်သော
ခေါင်းဆောင်ကြောင့် နောက်လိုက်များစွာဒုက္ခရောက်လျက် အသက်ပါပျောက်ကြရ၏။ သစ်တစ်ပင်ကောင်းနှင့်တူစွာ ကျင့်ကြံလိုသော အများအကျိုး၊ သယ်ပိုးလိုသောလူသားများကိုလည်း ဘုရားမြတ်စွာ ဤကဲ့သို့သော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံကြရမည်ကို ဆက်လက် မိန့်ကြားတော်
မူပါသည်။

သစ်တစ်ပင်ကောင်းကဲ့သို့ ဖြစ်လိုသူသည် -

၁။ ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရပါမည်။ စာရိတ္တ ယိုယွင်းနေသူသည် ကိုယ့်ကိုယ်ကိုယ်တောင် ကောင်းအောင်မတည်ဆောက်နိုင်ဘဲ အခြားမည်သူ့ကိုမျှကောင်းကျိုး ဖော်ဆောင်ပေးနိုင်မည် မဟုတ်။
စာရိတ္တ ယိုယွင်းသူသည်ရိုးသားဖြောင့်မှန်ခြင်း မရှိ၍ အများသူငါ၏ လက်ခံ ယုံကြည်မှုကို ခံယူနိုင်စွမ်း အလျဉ်းမရှိနိုင်ပါ။


၂။ ယုံကြည်ချက် ခိုင်မာသူ ဖြစ်ရပါမည်။ အများကိုရည် ကောင်းကျိုးတည်အောင် ဆောင်ရွက်မည်ဟူ
သော စိတ်ဓာတ်ခိုင်ပြတ်သားရဲဝံ့ခြင်း မရှိက ခက်ခဲသော အရာတို့နှင့် ကြုံတွေ့ခဲ့သော် အများအကျိုး သယ်ပိုးနိုင်မည့် စိတ်ဓာတ်ခွန်အားလျော့ပါးနိုင်သဖြင့် ထိရောက်သော အများအကျိုးကို မဖြစ်စေနိုင်
ရှိတတ်၏။

၃။ မိမိကိုယ်ကို ရိုကျိုးနှိမ့်ချသူ ဖြစ်ရပါမည်။ အများကောင်းကျိုး ဆောင်ရွက်မည့် သူသည် မိမိကိုယ်ကို နှိမ့်ချထားသူ ဖြစ်ရပါမည်။

၎။ ဒေါသဖြင့် ခက်ထန်ကြမ်းတမ်းသူ၊ လောဘဖြင့် အလိုရမ္မက်ကြီးသူ၊ ဣဿာဖြင့် အခြားသူတို့အား မကြည်ဖြူနိုင်သူ၊ မစ္ဆရိယဖြင့်ကိုယ့်လိုသူများဖြစ်သွားမှာကို ၀န်တိုသူ၊ မာနဖြင့် အနှစ်မဲ့စွာထောင်လွှားသူ မဖြစ်ရ။

လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ မာနသမားတို့အဖို့ မည်သည့်နည်းမျှနှင့် သစ်တစ်ပင်ကောင်း
မဖြစ်နိုင်ပါ။ ပရဟိတ-ဆိုကာအတ္တဟိတချည်း ဆောင်ရွက်နေမှာ ဖြစ်၏။

၅။ လူသားများအကျိုး ဆောင်ရွက်နေရခြင်း ဟူသော ကောင်းမှု၌ မွေ့ပျော်သော စိတ်ထားရှိသူ ဖြစ်ရပါမည်။ ယနေ့ခေတ်ပြောဆိုနေကြသည့်လုပ်ငန်းခွင်ပျော်ရွှင်ရေးပင်ဖြစ်၏။

၆။ စကားပြောပြေပြစ်သူ၊ ချိုချိုသာသာ ပြောဆိုသူ၊ ဖော်ဖော်ရွေရွေ ပြောဆိုသူ ဖြစ်ရပါမည်။

လူသားတို့ကို အကောင်းဖက်သို့ကောင်းအောင် ရွှေ့ပေးရမည် ဖြစ်၍ ကိုယ်တိုင်ပင် နှုတ်ချိုရပါမည်။ ဆူအော်ငေါက်ငမ်းဆဲဆိုကြိမ်းမောင်းဆိုလျှင် မည်သူကမျှ မေတ္တာသက်ဝင် ချစ်ခင်မည် မဟုတ်။ ပုဂ္ဂိုလ်မမင်လျှင် မိမိက မည်သို့ပင် ဇိကုတ်နတ်ပြည်တင်သော်လည်းမိမိ၏နတ်ပြည်ကိုအများပြည်သူတို့
ယုံကြည်အားကိုးစွာ လိုက်ပါကြမည် မဟုတ်။

၇။ ကိုယ်အမူအရာ သိမ်မွေ့နူးညံ့သူ ဖြစ်ရပါမည်။ အတွင်းစိတ်ဓာတ် သိမ်မွေ့နူးညံ့ပါမှ အပြင်အမူအရာ ညက်ညောငြိမ်သက်တည်ကြည်အေးချမ်းမှုကို အများမြင်နိုင်မှာဖြစ်၏။ သို့မှသာအားကိုးယုံကြည် စိတ်ချ
စွာဖြင့် သူဦးဆောင်သည့် နောက်သို့ လိုက်ပါကြမည်ဖြစ်၏။

သစ်တစ်ပင် မကောင်းလျင် ငှက်တစ်သောင်း မဆိုထားနှင့် ငှက်တစ်ကောင်သည်ပင်
ဒုက္ခရောက်မည်မဟုတ်။ လူတစ်ယောက်မကောင်းခဲ့သော် လူများစွာ ဒုက္ခရောက်မည်ကား သေချာ၏။ လူတစ်ယောက်ကြောင့် လူပေါင်းများစွာ တိုင်းနိုင်ငံနှင့်ချီ၍ ဒုက္ခရောက်ခဲ့ရသည့် သာဓကတွေ သမိုင်းစာမျက်နှာတွင် များစွာရှိ၏။

ငှက်ပေါင်းများစွာအတွက် သစ်ပင်ကောင်းများစွာ လိုအပ်သကဲ့သို့ လူပေါင်းများစွာအတွက် လူကောင်း
များစွာ အမြဲလိုအပ်နေမည်သာဖြစ်၏။ သစ်တစ်ပင်ကောင်းနှင့်တူသော လူကောင်းတစ်ယောက်ကသာ
သူနှင့် သူနှင့်နွယ်ရာတို့ကို ဘေးကင်းရာ သောကငြိမ်းရာ ချမ်သာရာသို့ပို့ဆောင်ပေးနိုင်၏။

ဇာတ်တော်လာ ကုန်သည်နှစ်ဦး၏ ဖြစ်ထွေက အလေးထားသင့်သော စံနမူနာကောင်း ဖြစ်၏။ ကုန်သည်နှစ်ဦးမှာ တစ်ခရီးတည်းသွားကြဖို့ အခြေအနေ ဖန်တီးလာ၏။ ကန္တာရခရီးမို့ လှည်းအစီး
တစ်ထောင် တစ်ပြိုင်နက်သွားကြလျင် လူတို့အတွက် ထင်းနှင့်ရေ၊နွားတို့အတွက် မြက်နှင့်ရေ၊ လမ်းခရီးတွင် နေရာအခက်အခဲ ရှိနိုင်သဖြင့် သူအဖွဲ့ အရင်သွားမလားကိုယ့်အဖွဲ့ အရင်သွားမလားညှိနှိုင်းကြရ၏။

ကုန်သည်တစ်ဦးက သူ့အဖွဲ့ အရင်သွားမည်ဟု ပြောဆိုသဖြင့် အရင်သွားစေ၏။ အရင်သွားလိုသော ကုန်သည်၏ အတွေးမှာ''အရင်သွားခြင်းဖြင့် လမ်းသစ်သွားရမည်။ တစ်ပါးသူ မသောက်ရသေးသည့်ရေကို လူရောနွားပါ ဦးစွာသောက်ကြရမည်။ သူတစ်ပါးတို့ မခူးမဆွတ်ရသေးသည့် စားပင်သောက်ပင်များကို ဦးစွာခူး ဆွတ် စားသောက်ကြရမည်။ အခြား နွားတို့မစားကြရသေးသည့် မြက်ကို မိမိနွားများ ဦးစွာစားကြရမည်။ အရင်ရောက်သူမို့ ကုန်စည်ဈေးနှုန်းကို မိမိစိတ်တိုင်းကျ ဈေးဖြတ်ခွင့်ရှိသည်''ဟု တွေးကာအရင်သွားလိုခြင်း ဖြစ်သည်။

နောက်ချန်လိုက်မည့် ကုန်သည်၏ အတွေးကား ''အရင်သွားသူသည် လမ်းကြမ်းကို သွားရမည်။ မိမိတို့သည် နောက်ချန်လိုက်ရသဖြင့် လမ်းသစ်ဖောက်စရာမလို၊ ရေမရှိက အရင်သွားသူတို့သည် ရေကန်အသစ် တူးကြရမည်။မိမိတို့ကား ရေကန် တူးစရာ မလိုတော့။ အရင်သွားကြသည့် နွားများသည်မြက်ကြမ်းကိုသာ စားကြရမည်။ မိမိတို့ နွားများကား စားပြီးမြက်တို့မှထွက်ပြုစ မြက်နုကို စားကြရမည်။

ဟင်းသီးဟင်းရွက်ဆိုရင်လည်း နောက်အသစ်ထွက်ပြူသည့် ရွက်နုသစ်များကို စား ကြရမည်။ ကုန်ရောင်းဈေး
ကိုလည်း သူသတ်မှတ်ခဲ့သည့်အတိုင်း ရောင်းချရန်သာ''ဟု တွေးလျက် ၁၅ ရက် နောက်ချန်၍လိုက်ခဲ့သည်။

လူတို့နယ်လွန်၍ သဲကန္တာရ ခရီးအစ ဖြတ်သန်းဝင်ရောက်စဉ် မကြာခင်မှာ လှည်းယာဉ်ကြော့ကို တွေ့ကြရပြန်၏လှည်းပေါ်ပါလာသူက''ဗျို့ဆရာတို့ရေတွေတင်လာရင်တော့အလေးခံပြီးသယ်သွား
မနေကြပါနဲ့ဗျာ။ ကျုပ်လှည်းသာကြည့်ပေတော့ မိုးမိလာတယ်ဗျာ။ ကန်တွေလည်းလျှံလို့ လမ်းတွေလည်း ဗွက်ကိုထလို့ လှည်းဘီးတွေသာ ကြည့်တော့ဗျို့''ဟုဆိုကာ ထွက်သွားသည်။

ဒုတိယကုန်သည်ကြီးက နောက်ပါကုန်သည်များကို ''မိုးရွာနေရင် မိုးသားမိုးရိပ်တွေကို တွေ့ကြရမှာ။
နောက်မိုးခြိမ်းသံဆိုတာကလည်းအတော်လှမ်းလှမ်းကကြားရတာ။မိုးနံ့လေနံ့လည်းရရမှာ။ဒီကန္တရမှာ
ရေကန်ရှိတယ်ဆိုတာကိုလည်း မကြား စဖူး။သယ်လာတဲ့ရေတွေကိုမသွန်ပစ်ကြနဲ့ဟေ့''
ဆိုကာတင်ဆောင်လာခဲ့သည့်အတိုင်း ခရီးဆက်ကြသည်။

သူ့စိတ်ထဲမှာတော့ ''ဒီပုဂ္ဂိုလ်ရဲ့ အင်္ဂါရုပ်မှာ ရိုးသားမှု မရှိတာ။ မျက်ထောင့်နီတာ အရိပ်မထွက်တာကို သတိထားမိပြီး လူမဟုတ်လောက်ဘူး မနုဿ(ဘီလူး)များ ဖြစ်နေမလား'' ဆိုတာကိုပါတွေးဖြစ်ပါသတဲ့။

ညရောက်လို့ လှည်းများဖြုတ်။ လူများ ထမင်းချက်ပြုတ်စားကြ၊ နွားများကိုလည်း ရေနှင့်အတူ
မြက်များကို ၀လင်စွာကျွေးပြီး ခွန်အားကြီးသူများကို ထက်မြက်သည့် ဓားလှံလက်နက်များကို
ကိုင်ဆောင်၍ အလှည့်ကျ ကင်းစောင့်ကြလျက် အိပ်စက် အနားယူကြသည်။

နောက်တစ်နေ့မနက် ခရီးဆက်လက် ထွက်ခွာခဲ့ကြရာ မကြာမြင့်မီလူများ၊ နွားများကို သတ်စားခံရပြီး ကုန်စည်များ၊ လှည်းများဒီအတိုင်း ကျန်နေရစ်တာကို တွေ့ကြရ၏။ ထိုသောအခါမှာ မိမိလှည်းများပေါ်ရှိ တန်ဖိုးနည်းပြီး လေးလံသော ကုန်စည် များကိုချထားပြီးပေါ့သောကုန်စည်များကို ပြောင်းတင်ကာ ခရီးဆက်ခဲ့ကြပြီး အမြတ်စွန်းများစွာ ရရှိကြ၏။

ပထမ ကုန်သည်ကြီးနှင့်အဖွဲ့သည် ရေမပါတော့၍ လူများ ထမင်းချက်စရာမရှိ၊ နွားများလည်း ရေငတ် အားလုံးအားပြတ်ပြီး ချည့်နဲ့နေခိုက် ဘီလူးများက နွားရောလူပါ စားသောက်ပစ်ခြင်းကို အလွယ်ခံလိုက်
ကြရခြင်း ဖြစ်၏။

ချင့်ချိန်စဉ်းစားတတ်သော ခေါင်းဆောင်သည် နောက်လိုက်များကို ဘေးကင်းလုံခြုံအောင်
ထုတ်ဆောင်ကယ်တင်ပြီး စီးပွားဥစ္စာချမ်းသာများစွာကို တိုးပွားစေသည်။ မစဉ်းစား မချင့်ချိန်
တတ်သောခေါင်းဆောင် ကြောင့် နောက်လိုက်များစွာ ဒုက္ခရောက်လျက်အသက်ပါပျောက်ကြ
ရ၏ဦးစီးကုန်သည် နှစ်ဦး၏ ကွာခြားချက်မှာ ကြိုတင်ပြင်ဆင် စဉ်းစားဆင်ခြင်ဉာဏ်အမြော်အမြင်ဖြင့်
ကာလဒေသကို တွက်ဆနိုင်ခြင်းပင် ဖြစ်ပါသည်။

Written by အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)
Credit ;http://myanmarinsingapore.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။