Home » » မြန်မာ ကလေးငယ်များ ပါဝင်သည့် ညစ်ညမ်းခွေ ဘန်ကောက်တွင် ရောင်း

မြန်မာ ကလေးငယ်များ ပါဝင်သည့် ညစ်ညမ်းခွေ ဘန်ကောက်တွင် ရောင်း

Written By မောင်စေတနာ on Tuesday, October 5, 2010 | 2:11:00 PM


ကလေးငယ်များ ပါဝင်သည့် ညစ်ညမ်းအခွေများ ရောင်းချသည့် ဆိုင်တဆိုင်။ (ဓာတ်ပုံ - Bangkok Post)

ရန်ပိုင်
Monday, October 04, 2010

ဘန်ကောက်မြို့စီးပွားရေး အချက်အချာကျသည့် ဆူကွန်ဗစ် လမ်းကြီးပေါ်တွင် မြန်မာကလေးငယ်များ ပါဝင်သည့် ညစ်ညမ်း ဗီစီဒီနှင့် ဒီဗီဒီ အခွေများကို လွတ်လပ်စွာ ရောင်းချနေကြောင်း သိရသည်။

ဆူကွန်ဗစ် လမ်းမကြီးပေါ်ရှိ ဆွိုင် ၃ နှင့် ဆွိုင်၂၁ လမ်းများအတွင်း ယင်းတရားမ၀င် ညစ်ညမ်းခွေများ ရောင်းချနေပြီး မြန်မာ၊ တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဥရောပမှ ကလေးငယ်များ ပါဝင်ကြောင်း၊ နောက်ဆုံးထုတ် ဟောလီးဝုဒ် ရုပ်ရှင် ခိုးကူးခွေများနှင့်အတူ ရောနှောရောင်းချ နေခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသား ထားသည်။

ကလေးငယ်များ ပါဝင်သည့် ညစ်ညမ်းခွေများ၏ တန်ဘိုးမှာ ဗီစီဒီ တချပ်လျှင် ဘတ် ၈၀ (၂၄၀၀ ကျပ်ခန့်) ဖြစ်ပြီး တချို့သော အခွေများ၏ မျက်နှာဖုံးတွင် ကလေးငယ်များကို လိင်ဆက်ဆံနေသည့် ပုံများဖြင့် ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင် ကြော်ငြာထားကြောင်း၊ ကလေးငယ်တချို့မှာ အသက်အားဖြင့် ၇ နှစ်ခန့်သာရှိမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့သော ညစ်ညမ်းအခွေများကို ပေါ်ပေါ်တင်တင် ရောင်းချနေသည့် နယ်မြေမှာ နိုင်ငံတကာ သံတမန်အသိုင်းအ၀န်း နေထိုင်သည့် နယ်မြေဖြစ်သည်။




သံတမန်တဦးက “ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ပါ။ အစိုးရကလည်း လက်ပိုက်ကြည့်မနေသင့်ဘူး”ဟု ဆိုသည်။

ယခုကဲ့သို့ ကမ္ဘာလှည့် ခရီးသည်အများ အပြားသွားလာနေသည့် မြို့တော်၏ အချက်အချာကျသည့် လမ်းမပေါ်တွင် ကလေးညစ်ညမ်းအခွေများ ရောင်းချနေခြင်းသည် တခြားသော ကမ္ဘာ့တိုင်းပြည်များတွင် မြင်တွေ့ရန် အလွန်ပင် ခဲယဉ်းကြောင်း ယင်းသံတမန်က ဆက်လက်ပြောသည်။

ယခုကဲ့သို့ ကလေးညစ်ညမ်းခွေများ ရောင်းချနေသည့် ဈေးသည်များကို ရဲများက မနှိမ်နင်းသည်မှာ အံသြဖွယ်ကောင်းကြောင်း ထိုနယ်မြေတွင် နေထိုင်သည့် ဒေသခံတဦးက ဆိုသည်။

“ဒီလိုအခွေတွေကို လမ်းဘေးမှာ ဆိုင်နဲ့ ကန္နားနဲ့ ရောင်းနေတာ မယုံနိုင်စရာဘဲ။ တနင်္ဂနွေဆို ညနေ ၃ နာရီလောက်ကတည်းက ဆိုင်ခင်းရောင်းနေတာ” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင်မူ ဟောလီးဝုဒ် ရုပ်ရှင်များကိုသာ ခိုးကူးခွေများအဖြစ် ရောင်းချကြောင်း၊ သို့သော် ၀ယ်သူကို အခွေအဖုံးသာပြ၍ ရောင်းချကြောင်း၊ ယခုကဲ့သို့ ဆိုင်ပေါ်တွင်တင်၍ မရောင်းကြောင်း ၎င်းက ဆက်လက်ပြောသည်။

မူပိုင်ခွင့် ချိုးဖောက်မှုများနှင့် ပတ်သက်၍ အရေးယူနေသော အမည်မဖော်လိုသည့် ရဲအရာရှိတဦးက “နယ်မြေခံ ရဲနဲ့ ဥပဒေ ထိန်းသိမ်းတဲ့ အဖွဲ့တွေကတော့ ဒီညစ်ညမ်း ရုပ်ရှင်တွေကို ဖမ်းနိုင်ပါတယ်” ဟု ဆိုသည်။

ညစ်ညမ်းခွေများ ဖြန့်ဖြူးခြင်း၊ ပြသခြင်းများကို ထိုင်းနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၇ အရ ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၆၀၀၀ သို့မဟုတ် ထောင်ဒဏ်၊ ငွေဒဏ် တပေါင်းတည်း အပြစ်ပေးနိုင်သည်ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောသည်။

ယခုကဲ့သို့သော ပြဿနာများသည် ပုန်းလျှိုးကွယ်လျှိုး စုံစမ်းစစ်ဆေးရမည့် အရာများ မဟုတ်သည့်အတွက် အရေးယူရန် လွယ်ကူသော်လည်း မည်သူက ကိုင်တွယ်ဖြေရှင်မည်ဆိုသည့် ကိစ္စမှာ ပြဿနာဖြစ်ကြောင်း၊ ယခု ညစ်ညမ်းခွေများ ဖြန့်ချိရောင်းချနေသည့် လုပ်ငန်းတွင် ဘန်ကောက်မြို့၏ သြဇာရှိသော အသိုင်းအ၀န်းများ ပါဝင်ပတ်သက်နေသည့်အတွက် ဖမ်းဆီးရန် မလွယ်ကူကြောင်း ၎င်းရဲအရာရှိက ဆိုသည်။

http://www.irrawaddy.org/
Share this article :

1 comments:

မိုးယံ said...

စိတ်ပျက် စရာကြီး။ တစ်ကယ်တော့ ကမ္ဘာကြီး ပေါ်က လူတွေ တော်တော်များများ (ကျွန်တော်အပါအ၀င်) မဟုတ်တာ လုပ်ဖို့ဆို တော်တော် စိတ်အားသန် ကြတယ်နော်။ ထူးဆန်းပါပေ့ ဘုရားသခင်ရယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။