Home » » စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများအပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ

စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများအပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ

Written By မောင်စေတနာ on Wednesday, September 8, 2010 | 2:53:00 PM



စင်ကာပူချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းပိုင်း တစ်နေရာအား တွေ့ရစဉ်

စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ၊ စင်ကာပူ ရှိ ကုမ္ပဏီလုပ်ငန်းစုများတွင် S Pass ဖြင့် အလုပ်လုပ်ကိုင်နေကြသော မြန်မာများထဲမှ နေထိုင်ခွင့်ရရန် သက်တမ်းပြန်လည်တိုးခြင်း၊ အသစ် လျှောက်ထားခြင်းများ၌ အခက်ကြုံမှုများရှိကာ နေထိုင်ခွင့်မရဘဲ ပြန်လာခဲ့ရသည့်ဖြစ်စဉ်များ သြဂုတ်လအစောပိုင်းမှ စတင်ကာ ကြုံတွေ့နေကြရကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာလူငယ်များ၊ စင်ကာပူသို့သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

အကြောင်းမှာ စင်ကာပူရှိလူဝင်မှုကြီးကြပ်ရေးက ၎င်းတို့နိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသူများထဲမှ ကျောင်းသားဗီဇာမှလွဲ ၍ အလုပ်ဗီဇာ၊ အလည်အပတ်ဗီဇာဖြင့် လာရောက်သူတိုင်းကို လေဆိပ်အ၀င် လူဝင်မှုကြီးကြပ်ရေးမှ စတင်ကာ တင်းကျပ်စွာ စစ်ဆေးမှုများရှိနေခြင်းကြောင့် ယင်းကဲ့သို့နေထိုင်ခွင့်မရဘဲ ပြန်လာရသူများရှိခဲ့သည်ဟု လတ်တလောစင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်ကာပြန်လာသူ အမျိုးသားတစ်ဦးက ပြောပြခဲ့သည်။


" ဒီကမြန်မာလူငယ်တွေ အရင်ကတည်းက စင်ကာပူကို အလည်အပတ် ဗီဇာနဲ့ထွက်ပြီး အလုပ်ရှာကြတယ်။ အဲဒီလို အလုပ်ရှာဖို့ကိုလည်း သူတို့ လူဝင်မှုကြီးကြပ်ရေးက လုံလောက်တဲ့ ငွေပမာဏပြနိုင်ရင် ပေးဝင်တယ်။ တချို့ကျတော့လည်း သူတို့ပြခိုင်းတဲ့ ငွေမပြနိုင်ရင်ပဲဖြစ်ဖြစ်၊ Personality သိပ်မကောင်းရင်ပဲဖြစ်ဖြစ်၊ ဆေးကျရင်ပဲဖြစ်ဖြစ် လေဆိပ်ကနေ အကြောင်းပြချက်မရှိဘဲ ပြန်လွှတ်ခံရတဲ့ ဖြစ်ရပ်တွေရှိတယ်" ဟု ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလပိုင်းက အလည်အပတ်ဗီဇာဖြင့် စင်ကာပူသို့ သွားရောက်ခဲ့သူ ကွန်ပျူတာဘွဲ့ရကျောင်း သားတစ်ဦးက ပြောပြခဲ့သည်။

ယခုအခါ စင်ကာပူလူဝင်မှု ကြီးကြပ်ရေးအနေဖြင့် မြန်မာအပါအ၀င် နိုင်ငံခြားသားများ၏ နေထိုင်ခွင့်များနှင့်ပတ်သက်၍ တင်းကျပ်မှု များကြောင့် S Pass ဖြင့်အလုပ်လုပ် ကိုင်နေကြသော စင်ကာပူရောက် မြန်မာများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။ ထို့ပြင် စင်ကာပူ၌ကျောင်း ပြီးထားသော မြန်မာများတွင်လည်း S Passလျှောက်ထားမှု မရရှိခြင်း၊ S Passသက်တမ်းတိုးစဉ်အခက်အခဲ များ ရှိနေသည့် ဖြစ်ရပ်များသည် စင်ကာပူအနေဖြင့် နိုင်ငံခြားသားများ အပေါ် ၎င်းနိုင်ငံသားများနှင့်တန်းတူ အလုပ်အကိုင်ရရန် ကန့်သတ်လာခဲ့ခြင်း သဘောဆောင်ပြီး လက်ရှိတွင် ကျောင်းသားဗီဇာဖြင့် ပညာသင် သွားမည့်သူများအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိလာဦးမည်မဟုတ်ကြောင်း စင်ကာပူရေးရာ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြခဲ့ပါသည်။

စင်ကာပူလူဝင်မှုကြီးကြပ်ရေး (Immigration and Checkpoint Authority) အနေဖြင့် မြန်မာ အပါ အ၀င် မည်သည့်နိုင်ငံမှမဆို အလည် အပတ်ဗီဇာဖြင့် ၀င်ရောက်လာကြသူ တိုင်းအား နိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ၁၄ ရက်မှ တစ်လအတွင်းပေးကာ ယင်းကာလအတွင်း စင်ကာပူ၌ မည်သည့်နေထိုင်ခွင့်ဖြင့် (S Pass ၊ Student Pass၊ Work Permit စသည်) နေထိုင်သွားမည် ကို သက်ဆိုင်ရာ အလုပ်သမားရေးရာ ဌာန၊ ကျောင်းများသို့ ပြန်လည် လျှောက်ထားကြရကြောင်း သိရသည်။

"ဟိုဘက်က S Pass မရတာ၊ ပြီးတော့အလည်နဲ့ ဒီကထွက်ပြီး ဟိုဘက်က ICA က ၀င်ခွင့်မရတာဆိုတာ ဒီဘက်ကသံရုံးနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ဘယ်လိုကိစ္စနဲ့မဆို စင်ကာပူကိုသွားဖို့ ခိုင်လုံတဲ့အထောက် အထားတွေရှိရင် ဒီဘက်က ဗီဇာ တစ်လ ပေးတာပဲ။ သဘောကတော့ စင်ကာပူကို တစ်လအတွင်းသွားဖို့ ပြည်ဝင်ခွင့်ပေးပြီးပြီဆိုတဲ့ သဘောပါပဲ"ဟု မြန်မာနိုင်ငံရှိ စင်ကာပူ သံရုံးနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ တစ်ဦးက ပြောပြခဲ့သည်။

"လက်ရှိမှာတော့ Visit Visa နဲ့ သွားတဲ့သူတိုင်း အလုပ်ရဖို့ မသေချာသလောက်ပဲ။ ကျွန်တော်လည်း အခုထိ အလုပ်ရှာနေရတုန်း။ သူတို့နိုင်ငံသားတွေနဲ့ယှဉ်ရင် အလုပ်ရဖို့ ကျွန်တော်တို့လို နိုင်ငံခြားသားတွေ တော်တော် ခက်တာ ဟိုရောက်မှသိတော့တယ်။ သူ့နိုင်ငံရဲ့ဒီပလိုမာ အဆင့်လောက်နဲ့တောင် နိုင်ငံခြားသားတွေအလုပ်ရဖို့ သိပ်မလွယ်ဘူး။ ကျွန်တော့်လို အလုပ်ရှာပြီး မရလို့ ပြန်သွားရတဲ့သူ တွေလည်းရှိတယ်"ဟု သြဂုတ်လဆန်းပိုင်းက အလည်အပတ်ဗီဇာဖြင့် သွားရောက်ခဲ့သူ မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့သည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။