Home » » ထိုင်းရဲကိုကြောက်၍ ကားပေါ်မှ ခုန်ဆင်းသူ သေဆုံး

ထိုင်းရဲကိုကြောက်၍ ကားပေါ်မှ ခုန်ဆင်းသူ သေဆုံး

Written By မောင်စေတနာ on Tuesday, September 7, 2010 | 3:04:00 PM


ထွက်ပြေး ပုန်းရှောင်နေသူများကို လူမှုအဖွဲ့အစည်းတခု စားသောက်စရာများ ပေးဝေနေစဉ်။

ဘစောတင်
Monday, September 06, 2010


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းရဲ အဖမ်းခံရမည်ကို စိုးသဖြင့် လိုင်းကားပေါ်မှ မြန်မာအလုပ်သမများ ခုန်ချကြရာ ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် မဲဆောက်မြို့ မယ်ကုလွမ်ရွာအနီးတွင် ထိုင်းရဲ ဖမ်းဆီးခံရမည်စိုးသဖြင့် ကားပေါ်မှ ခုန်ချသော အမျိုးသမီး ၄ ဦးအနက် ၁ ဦးသေဆုံးသွားကြောင်း မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“ကားပေါ်က ခုန်ချတဲ့ မိန်းကလေး ၄ ယောက်ထဲက မရီရီဝင်းဆိုတဲ့ မိန်းကလေးက မနက် ၁၁ နာရီလောက်မှာ ဆုံးသွားပါတယ်။ ကျန်တဲ့အထဲက ၂ ယောက်လည်း ဒဏ်ရာပြင်းပါတယ်။ တယောက်ကတော့ ရှေ့က ခုန်ဆင်းတဲ့ ၃ ယောက်အပေါ်ကျလို့ ပွန်းပဲ့ရုံပဲ၊ သိပ်မပြင်းထန်ဘူး” ဟု မယ်တော်ဆေးခန်း၊ ခွဲစိတ်ကုဌာနမှ ကျန်းမာရေးဝန်ထမ်း ကိုဆက်နိုင်က ပြောသည်။


သေဆုံးသွားသူမှာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ လက်ပံကုန်းရွာမှ မရီရီဝင်း အသက် (၂၅) နှစ် ဖြစ်ပြီး ဒဏ်ရာရသွားသူများမှာ မဝေေ၀လွင်၊ မမြင့်မြင့်ဌေးနှင့် မကြည်ကြည်လွင်တို့ ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က မယ်ကုလွမ်ရွာမှ မယ်ပသို့သွားသော လိုင်းကားကို မရီရီဝင်းတို့ စီးလာကြကြောင်း၊ ထိုအချိန်တွင် စက်ဘီးစီးလာသူတဦးက ရှေ့မှာ ရဲဖမ်းနေတယ်ဟု အော်ပြောသဖြင့် မိန်းကလေးများ အကြောက်လွန်ကာ ကားပေါ်မှ ခုန်ချသဖြင့် ယခုကဲ့သို့ သေဆုံး၊ အနာတရဖြစ်ရကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုဆက်က ပြောသည်။

“ဒီမိန်းကလေးတွေ လိုင်းကားစီးလာတုန်း လူတယောက်က ပုလိပ်ဖမ်းနေတယ်၊ ရှေ့မှာ ပုလိပ်ဖမ်းနေတယ်လို့ အော်သွားတော့ ကောင်မလေးတွေက ဘဲလ်ကို တအားနှိပ်ပြီး ကားကိုရပ်ပေးဖို့ တောင်းဆိုပေမယ့် ကားက ရပ်မပေးတော့ မရီရီဝင်းက အရင်ခုန်ဆင်းတယ်။ ပြီးတော့ ကျန်တဲ့ ၃ ယောက်ကလည်း လိုက်ခုန်ဆင်းကြတယ်။ အရင်ဆုံး ခုန်ဆင်းတဲ့ မိန်းကလေးက မျက်နှာနဲ့ လမ်းမနဲ့ ဆောင့်မိသွားတယ်။ နောက် ခုန်ဆင်းတဲ့ ကောင်မလေးတွေကလည်း သူ့အပေါ်ပဲ ပိကျတော့ ပိုဆိုးတာပေါ့။ ကျနော် သွားကြည့်ခဲ့တဲ့ အချိန်မှာတော့ မရီရီဝင်းက ဆုံးသွားပြီ။ ကျန်တဲ့ ၂ ယောက်က သတိမရသေးဘူး။ နောက်တယောက်ကတော့ ပွန်းပဲ့ရုံပဲ” ဟု ကိုဆက်က ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ မဲဆောက်မြို့တွင် ထိုင်းရဲများက အကြီးအကျယ် ဖမ်းဆီးမှုများကို ပြုလုပ်နေသဖြင့် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်မရှိသော အလုပ်သမားများ ထောင်နှင့်ချီ၍ ထွက်ပြေး ပုန်းအောင်းနေကြကြောင်း၊ ယနေ့အချိန်ထိ အလုပ်မဆင်းကြသေးဘဲ ရှောင်တိမ်းနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမား ကွန်ယက်မှ ကိုဝဏ္ဏက “အလုပ်သမားတွေက အရမ်းကြောက်နေကြတာဗျ။ ဘာလို့လဲဆိုတော့ ရဲအဖမ်းခံရရင် ဟိုဘက်ကမ်းကို အပို့ခံရမယ်။ အပို့ခံရရင် ဘတ် တထောင် (ကျပ် ၃ သောင်းဝန်းကျင်) လည်း ပေးရသေးတယ်။ ဟိုဘက်ကမ်း ဂိတ်တွေက နအဖတွေရဲ့ ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်တာတွေလည်း ခံရဦးမယ်။ ဒါကြောင့် အရမ်းကြောက်ကြတယ်” ဟု ဆိုသည်။

ယခုအမှုနှင့် စပ်လျဉ်း၍ ထိုင်းရဲက စစ်ချက်ယူပြီးနောက် မရီရီဝင်း၏ နာရေးကိစ္စကို နာရေးကူညီမှုအသင်း (မဲဆောက်) မှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

“အခု ရဲက စစ်ချက်ယူပြီးသွားလို့ နာရေးကိစ္စကို ဆောင်ရွက်ဖို့ အလောင်းကို ဆေးရုံကနေ ကျောင်းကို သယ်နေပါတယ်။ ကျနော်တို့ သဘက်ခါ သင်္ဂြိုဟ်မှာပါ။ မိသားစုတွေဘာတွေ လာရင် မှီအောင်လို့လေ” ဟု နာရေးကူညီမှုအသင်း (မဲဆောက်) ဥက္ကဋ္ဌ ဦးသောင်းလှိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် လျှောက်ထားကြောင်း သိရသည်။

http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။