Home » » နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်သူများ မိခင်နိုင်ငံသို့ ပြန်မလာနိုင်တော့ခြင်းများ ပိုမိုများပြားလာ

နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်သူများ မိခင်နိုင်ငံသို့ ပြန်မလာနိုင်တော့ခြင်းများ ပိုမိုများပြားလာ

Written By မောင်စေတနာ on Thursday, August 19, 2010 | 1:29:00 PM



ပြည်ပသို့ ထွက်ခွာမည့် သူအချို့ကို ရန်ကုန်လေဆိပ်အတွင်း တွေ့ရစဉ်

နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်သူများ အနေဖြင့် မိခင်နိုင်ငံသို့ ပြန်မလာနိုင်တော့ခြင်းများ၊ အဆိုပါ နိုင်ငံ၌ပင် အခြေချနေထိုင်ခြင်းများ၊ မိသားစုနှင့် အဆက်အသွယ် ပြတ်သွားခြင်းများ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

''ကျွန်မအစ်ကိုက ထိုင်းမှာ အလုပ်သွားလုပ်တာပါ။ သွားခါစတုန်းကတော့ ပိုက်ဆံလည်းပို့ပြီး တစ်လကို တစ်ခါလောက် ဖုန်းနဲ့လည်း အဆက်အသွယ် လုပ်ပါတယ်။ နောက်ပိုင်းကျတော့ ပိုက်ဆံလည်း မပို့တော့သလို ဖုန်းအဆက်အသွယ်လည်း မ လုပ်တော့လို့ သေလား၊ ရှင်လားတောင် မပြောတတ်တော့ပါဘူး''ဟု ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်သူတစ်ဦး၏ ညီမဖြစ်သူက ပြောပြခဲ့သည်။

အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူ အချို့မှာ မိသားစုနှင့် လုံးဝ အဆက်အသွယ်ပြတ်သွားခြင်း၊ အဆိုပါနိုင်ငံ၌ပင် ကွယ်လွန်သွားခြင်း၊ ကူးစက်ရောဂါ၊ နာတာရှည်ရောဂါများ ရရှိခြင်းတို့နှင့်လည်း ကြုံတွေ့ကြရကြောင်း သိရသည်။


''ကျွန်မရဲ့သားက အိမ်ကိုလည်း အသိမပေးဘဲ သူ့သူငယ်ချင်း နှစ်ယောက်နဲ့အတူ ထိုင်းကိုခိုးသွားပြီး အလုပ်လုပ်ခဲ့တယ်။ ဟိုရောက်တော့ တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ တစ်နှစ်ကျော်လောက်ကြာတော့ သူ့သူငယ် ချင်းနှစ်ယောက်က ပြန်ရောက်လာပြီး သူကတော့ ဟိုမှာပဲ ဆုံးသွားရှာတယ်။ ဘာကြောင့် သေတယ်၊ ဘယ်လိုသေတယ်တောင် သေချာမသိရပါဘူး''ဟု မိခင်ဖြစ်သူက ဆိုပါသည်။

မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်သူများတွင်လည်း ယင်းနိုင်ငံသူ နိုင်ငံသားတို့နှင့် အိမ်ထောင်ကျခြင်း၊ လခစားဝန်ထမ်းအဖြစ်မှ ကိုယ်ပိုင်လုပ်ငန်းငယ်ဖြင့် ပြောင်းလဲရပ်တည်နိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် အခြေချနေထိုင်ရန် ပြင်ဆင်လာကြ ကြောင်း သိရသည်။

''ဒီမှာ အလုပ်လာလုပ်ရတာ ပျော်တယ်ရယ်လို့လည်း မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံကို ပြန်ဖို့ကျတော့လည်း ဘာပြန်လုပ်စားရမှန်း မသိဘူး။ အဲဒါနဲ့ ဒီလိုပဲ ဆက်လုပ်နေဖြစ်တာပါ။ ဒီမှာလာပြီး အချိန်ဖြုန်းနေတဲ့ သူတွေလည်း အများကြီးပါပဲ''ဟု မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသူတစ်ဦးက ဆိုပါသည်။

စင်ကာပူကဲ့သို့သော နိုင်ငံများတွင် လင်မယားနှစ်ယောက်စလုံး အတူတကွ အလုပ်ကို ကြိုးစားလုပ်ရင်း အရစ်ကျ ငွေချေစနစ်ဖြင့် ကိုယ်ပိုင်တိုက်ခန်းတစ်ခန်း ၀ယ်ယူခြင်းများ၊ မိမိဝယ်ယူထားသော တိုက်ခန်းကို အခန်းဖွဲ့၍ အခြားသူများအား ငှားရမ်း ပေးခြင်းတို့ဖြင့်လည်း တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ရန် အားထုတ်ကြိုးပမ်းလာကြပြီး အခြေချနေထိုင်ရန် ပြင်ဆင်လာကြကြောင်း သိရသည်။

''ဘယ်သူမဆိုပေါ့၊ ကိုယ့်နိုင်ငံကိုပဲ ခင်တွယ်ပြီး ပြန်လာချင်ကြတာပဲ၊ ဒါပေမယ့် နိုင်ငံခြားမှာ အလုပ်လုပ်တာက တစ်လကို ဘယ်လောက်ရမယ်၊ တစ်နှစ်ကို ဘယ်လောက်ဖြစ်ရမယ်၊ အနာဂတ်မှာ ဘယ်လိုစီမံကိန်းတွေချမယ်ဆိုပြီး တွက်ဆလို့ရတယ်။ ဘယ်သူမဆို လက်ရှိအခြေအနေထက် တိုးတက်မြင့်မားချင်ကြတာပဲ။ အဲဒီအတွက် တချို့အရာတွေကိုတော့ ပေးဆပ်လိုက်ရတာပေါ့''ဟု စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။