Home » » မိုးအောင်ရင်နှင့် တွေ့ဆုံခြင်း 'ကိုယ့်လမ်းကို အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းမှာပါ'

မိုးအောင်ရင်နှင့် တွေ့ဆုံခြင်း 'ကိုယ့်လမ်းကို အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းမှာပါ'

Written By မောင်စေတနာ on Friday, August 27, 2010 | 8:33:00 PM



ဖခင်ဖြစ်သူအောင်ရင်၏ အနုပညာဗီဇ ပါလာခဲ့သော်လည်း မတူညီသည့် လမ်းကြောင်းတစ်ခုအဖြစ် သရုပ်ဆောင်နယ်ပယ်အတွင်းသို့ ခြေလှမ်းလာခဲ့သူ တစ်ဦး။ လပ်ကီးဆဲဗင်း ဗီဒီယိုထုတ်လုပ်ရေး၏ တိုက်ပိုင် မင်းသားတစ်ဦးအဖြစ် ဇာတ်ကားများရိုက်ကူး၍ ပရိသတ်အားပေးမှု တစ်နေရာရရှိရန် ဖြည်းဖြည်းမှန်မှန် ချီတက်နေသည့် အနုပညာပြေးလမ်းပေါ်က သူတစ်ယောက်(သို့မဟုတ်)မိုးအောင်ရင်။

လတ်တလောထွက် ရှိထားသည့် 'ယောက်ျားမစစ်လာမချစ်နဲ့' ဇာတ်ကားတွင် မင်းသားအများစု ရိုက်ကူးနေသည့် မိန်းမလျာဇာတ်ရုပ်ဖြင့် သူ့ပရိသတ်များ၏ လက်ခုပ်သံကို ရယူထားသူ မိုးအောင်ရင်နှင့် ပြောဖြစ်ခဲ့သမျှမှာ . . .

မေး - ယောက်ျားမစစ် လာမချစ်နဲ့ ဇာတ်ကားလေးက ပေါက်တယ်နော်။ အဲဒီကားရိုက်တုန်း က အတွေ့အကြုံကနေ စပြီးပြောပြပါဦး။

ဖြေ - ပထမဆုံးတော့ ကိုယ့်ကိုယ်ကိုယ် မရှက်မိအောင်၊ နေတတ်ထိုင်တတ်အောင် တော်တော်သတိထားခဲ့ ရပါတယ်။ လုပ်ရတာကလည်း လူတွေအများကြီးထဲမှာ ကပြရတာ ဆိုတော့ ယောက်ျားလေးလို ကရမယ်ဆိုရင်တောင် တော်တော်ရှက်ဖို့ ကောင်းနေပြီ။ အခုက လူတွေ အများကြီးထဲမှာ အခြောက်လိုလည်း ကရမယ်။ လူတွေကလည်း အုံပြီးဝိုင်းကြည့်ကြ နောက်ကြပြောင်ကြနဲ့ဆိုတော့ လုပ်ရတာတော်တော်တော့ ခက်တာပေါ့လေ။ အဲဒီလို ကြောင့်လည်း mood ပိုပြီး ၀င်သွားတာမျိုးတွေလည်း ရှိတာပေါ့။ နောက်ဒါရိုက်တာရဲ့ ပံ့ပိုးမှု၊ သူငယ်ချင်းလုပ်ပေးတဲ့ သရုပ်ဆောင်တွေရဲ့ အမူအရာကောင်းကောင်းနဲ့ ၀ိုင်းဝန်း ပံ့ပိုးပေးမှုတွေကြောင့် အခုလို အဆင်ပြေပြေလေး ဖြစ်သွားတယ်လို့ ထင်ပါတယ်။



မေး- ကြိုးစားခဲ့ရတာနဲ့ အခုတကယ်တမ်း ပရိသတ်ရှေ့ ကိုရောက်ပြီး အားပေးခံရတဲ့အခါ ကျေနပ်လား။

ဖြေ- မိန်းမတစ်ယောက်လို စိတ်ကျဉ်းကျပ်ခံ၊ စိတ်ညစ်ညူးခံပြီး နေရတာနဲ့၊ ကိုယ်တကယ်မဟုတ်တာ ကို အဟုတ်ကြီးလုပ်ပြီး နေရတာက အခုတကယ်တမ်း ပရိသတ်က ကြိုက်တယ်ဆိုတာနဲ့တင် အမောပြေသွားပြီ လို့ပြောလို့ရပါတယ်။

မေး- အခုချိန်မှာ ဇာတ်ရုပ်ရွေးချယ်မှု အပိုင်းကိုရော ဘယ်လိုစဉ်းစားရွေးချယ်ဖြစ်လဲ။

ဖြေ- ကျွန်တော်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းအတွက် လပ်ကီးဆဲဗင်း ကပဲ ရွေးချယ်ပေးတာပါ။ အခု နောက်ပိုင်းမှာ လပ်ကီးဆဲဗင်း အနေနဲ့လည်း ကျွန်တော်သရုပ်ဆောင်ရမယ့် ဇာတ်ကားတွေအတွက် သေချာစိစစ် ရွေးချယ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။ အဲဒီလိုရွေးချယ်ပေးတဲ့ ဇာတ်ကားမျိုးကိုပဲ ကျွန်တော့်အနေနဲ့ လည်း ဘာမှမငြင်းဆန်ဘဲ လက်ခံ ရိုက်ကူးဖြစ်ခဲ့တာပါ။

မေး - ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင်ရော အခုရောက်နေတဲ့ အနေအထားကို ကျေနပ်လား။ ဘာတွေထပ်ဖြည့်ဖို့ လိုအပ်မယ်လို့ ထင်လဲ။

ဖြေ- အခုရောက်နေတဲ့ အနေအထားကို ကျေနပ်ပြီလို့ပြောရင်လည်း ဒီကောင်က ဒီလောက်လေးနဲ့တောင် ကျေနပ်နေပြီလားလို့ ပြောဦးမယ် မကျေနပ်သေးဘူးဆိုရင်လည်း မကျေနပ်ရအောင် ဘာတွေများ ထပ်လိုချင်နေလို့ လဲလို့ပြောစရာဖြစ်မယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်ဆိုတဲ့သူမျိုးက တော်ရုံတန်ရုံကိစ္စလောက်နဲ့ ကျေနပ်တင်းတိမ်နေမယ့် သူမျိုးတော့မဟုတ်ဘူး။ ကျွန်တော့်ကားတွေကို ပြန်ကြည့်လိုက်တိုင်း ကျေနပ်မှုမရဘူးဗျ။ အခု ထွက်ထားတဲ့ 'နှင်းဆီမီးတောက်' ဆိုတဲ့ကားလည်း ရိုက်နေတုန်းက ကျေနပ်မှုရတယ်။ ဒီအိုက်တင်ကို လုပ်နိုင်တယ် မဆိုးဘူးဘဲဆိုပြီး ဖြစ်သွားတယ်။ ဒီအိုက်တင်က ကျွန်တော့်ရဲ့ဂျစ်ကန်ကန် ရွံစရာကောင်းတဲ့ အိုက်တင်မျိုး၊ စိတ်ဓာတ်နည်းနည်း အောက်တန်းကျတဲ့ပုံစံမျိုး သရုပ်ဆောင်ရတာ။ အခုတကယ်တမ်း ဇာတ်ကားပြန်ကြည့်တဲ့ အချိန်မှာတော့ ကျွန်တော်ကျေနပ်မှုမရဘူး။ ဒါကြောင့် ကျွန်တော်အခုချိန်ထိတော့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်သေး ပါဘူး။ ပရိသတ်ကိုတော့ ကျေနပ်စေချင်ပါတယ်။ ကျေနပ်ပါစေလို့လည်း ဆုတောင်းပါတယ်။

မေး - အခုချိန်မှာ မင်းသားအသစ်လေးတွေလည်း အများကြီး ထွက်ပေါ်လာတဲ့အခါကျတော့ ကြိုးစားရတဲ့ အပိုင်းမှာ ပိုပြီးခက်ခဲလာလား။

ဖြေ- ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပြေးလမ်းပေါ်မှာရှိနေတဲ့ အပြေးသမား တစ်ယောက်လို့ သဘောထားပါတယ်။ ရှေ့ကိုကြည့်နေမယ်ဆိုလည်း သူကတော့ငါ့ကို ကျော်သွားပြီလို့ စဉ်းစားရမှာဖြစ်သလို နောက်ကသူကလည်း ကိုယ့်ကိုလိုက်ကျော်မလားဆိုပြီး စဉ်းစားမိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကျန်တာတွေ မစဉ်းစားပါဘူး။ ပြေးလမ်းပေါ်မှာပဲ အာရုံစိုက်ပါတယ်။ ကျွန်တော့်လမ်းမှာ အဖုအထစ်တွေရှိရင် လည်းရအောင် ကျော်လွှားသွားမှာပါ။ ကျန်တဲ့အပြေးသမားတွေ နှေးနှေး မြန်မြန်၊ ကျော်တက်တက် ကျွန်တော် နဲ့မဆိုင်ပါဘူး။ ကိုယ့်လမ်းကိုယ်ပဲ အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းမှာပါ။

မေး - အလုပ်အပေါ် professional စိတ်ဓာတ်ပီသဖို့ အတွက်ရော ဘယ်လိုခံယူထားလဲ။

ဖြေ- ကျွန်တော် အတတ်နိုင်ဆုံးတော့ အလုပ်ကိုအလုပ်နဲ့တူအောင် လုပ်နိုင်ဖို့ကြိုးစားပါတယ်။ အတတ် နိုင်ဆုံး ရှုတင်နောက်မကျအောင်၊ ရှုတင်နောက်တစ်နေ့ရှိရင် မသောင်းကျန်းမိအောင် ဂရုစိုက်ပါတယ်။ လူငယ်ဖြစ်နေတာကြောင့် စိတ်ကိုတော့ အများကြီး ထိန်းရတာပေါ့လေ။

မေး- ရုပ်ရှင်ကားကြီးရော တခြားတိုက်တွေက ကမ်းလှမ်းလာတဲ့ အခါလက်ခံဖြစ်ဦးမလား။

ဖြေ- လက်ခံဖြစ်ပါတယ်။ 'အချစ်ကလန်းတယ်' ဆိုရင် တခြားတိုက် က ရိုက်တာ။ ရုံတင်ပြီးသွားပြီပေါ့။ 'အချစ်လားလာထား' ဆိုရင်ရိုက်ထားတယ်။ နောက်ထပ် လာပြောမယ်ဆိုရင်လည်း လက်ခံဖို့ အဆင်သင့်ပါပဲ။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။