Home » » ၀က်ခြံအကြောင်းသိကောင်းစရာ
ဝက်ခြံအကြောင်းသိကောင်းစရာ
Written By မောင်စေတနာ on Saturday, July 24, 2010 | 8:41:00 PM
ဝက်ခြံ အကြောင်း သိကောင်း စရာ
ဝက်ခြံဆိုတာဟာ မျက်နှာအသားအရေပေါ်ရှိ ဖြစ်တတ်သော အရေပြားဆိုင်ရာရောဂါ
တစ်မျိုးဖြစ်ပြီး၎င်းဟာ အန္တရာယ်တော့ မရှိပါဘူး။ဒါပေမယ့်ဝက်ခြံပေါက်ခြင်းကြောင့်
သင့်မျက်နှာအသားအရေကြည့်ရဆိုးစေပြီး တစ်ခါတစ်ရံဝက်ခြံကြောင့်အမာရွတ် ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ဝက်ခြံဟာအရွယ်ရောက်စဆယ်ကျော်သက်များတွင် စတင်ဖြစ်ပွားပြီး ၎င်းဟာပျောက်ကင်းဖို့ခက်တဲ့အရေပြားဆိုင်ရာချို့ယွင်းချက်တစ်မျိုးလည်း ဖြစ်ပါတယ်။
လူအများစုဟာဝက်ခြံပေါက်ကြပြီး အချို့ကတော့ အလွယ်တကူ ပျောက်ကင်းသွားကြပြီး အချို့ကတော့ပျောက်ရန် အတော်လေးခဲယဉ်းပါတယ်။ ၀က်ခြံဟာ အရေပြားအပေါ်ယံလွှာရ
ှိဘက်တီးရီးယားပိုးများကြောင့် ကူးစက်ပျံ့နှံ့ပြီး တစ်ခါတစ်ရံမျက်နှာပြင်သာမကဘဲ ခန္ဓာကိုယ်ရှိ
အခြားနေရာများတွင်လည်း ဖြစ်ပွားတတ်ပါတယ်။ကျွန်ုပ်တို့ မျက်နှာပြင်ရှိ အရေပြား၌မွေးညင်း
ပေါက်ကလေးများရှိနေပြီး ၎င်းဟာအရေပြားအောက်ရှိ အဆီအိတ်နှင့် ဆက်သွယ်ထားပါတယ်။
ထို အဆီကျိတ်ကလေးများနှင့်မွေးညင်းကလေးများအား Follicle ဟုခေါ်သောမြောင်းငယ်ကလေးများနှင့် ဆက်သွယ်ထားပြီး Sebum ဟုခေါ်တဲ့ အဆီရည်များဟာထိုအဆီကျိတ်များဆီသို့ ၀င်ရောက်လာကြပါတယ်။ ထိုအဆီရည် Sebum များဟာဆဲလ်သေများကိုပါ သယ်ဆောင်လာကြပြီး မျက်နှာပြင်ပေါ်၌၀က်ခြံများ
ကိုဖြစ်ပွားစေနိုင်ပါတယ်။ ၀က်ခြံဖြစ်ပွားရခြင်းဟာ အဆီကျိတ်များ၏ထွက်ပေါက်များပိတ်ဆို့သွားရာမှ စတင်ပြီး အဆီများစုဝေးကာဝက်ခြံများဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။
ထိုသို့ ၀က်ခြံဖြစ်ပွားခြင်းကြောင့်မျက်နှာပြင်ရှိ မွေးညင်းကလေးများပြတ်တောက်သွားကြပြီး ၎င်းဟာ အရေပြားအောက်ရှိ အကြိတ်အဖုများကို စတင်ဖြစ်ပွားစေပါတယ်။ ၀က်ခြံများဟာ မျက်နှာတွင်
အဖြစ်များပြီး တစ်ခါတစ်ရံမှာတော့ ပုခုံး၊ ကျောကုန်း၊ လည်ပင်း၊ ရင်ဘတ်တို့တွင်လည်း အဖြစ်များ
ကြပါတယ်။ဘက်တီးရီးယားများဟာ ၀က်ခြံကို ဖြစ်ပွားစေနိုင်ပြီး ၎င်းဟာ မွေးညင်းများနှင့်အဆီရည်များ ဆက်သွယ်ရာလမ်းကြောင်းကို ၀င်ရောက်တိုက်ခိုက်ကာ ၀က်ခြံကိုဖြစ်ပေါ်စေပါတယ်။ ကျွန်ုပ်တို့အနေဖြင့်ဝက်ခြံဆိုတာကို တစ်မျိုးတည်းသာ နားလည်ထားကြပေမယ့်ဝက်ခြံမျိုးကွဲပေါင်းများစွာ ရှိနေကြပါတယ်။
၎င်းဝက်ခြံမျိုးကွဲတွေကတော့
(၁) ခေါင်းအဖြူဝက်ခြံ
၎င်းဝက်ခြံဟာ အလွန်သေးငယ်သော ၀က်ခြံအမျိုးအစားဖြစ်ပြီး
အရေပြားအောက်ခြေတွင်ဖြစ်ပွားလေ့ရှိပါတယ်။
(၂) ခေါင်းအမည်းဝက်ခြံ
၎င်းဝက်ခြံကတော့ လွယ်ကူစွာမြင်နိုင်သော ၀က်ခြံအမျိုးအစားဖြစ်ပြီးမျက်နှာပြင်ပေါ်တွင် အလွယ်တကူမြင်နိုင်ပါတယ်။ထိုဝက်ခြံဟာ ဖုန်မှုန့်များကြောင့်ဖြစ်ပွားခြင်းမဟုတ်ဘဲ Scrub အသုံးပြုခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။
(၃) အဖုအပိန့်များ
၎င်းဝက်ခြံတွေကတော့ အရွယ်အစားသေးငယ်ကြပြီး အရောင်ကတော့ ပန်းရောင်နှင့် အနီရောင်
ဝက်ခြံများပဲ ဖြစ်ကြပါတယ်။ ထိုဝက်ခြံများဟာ မျက်နှာပြင်ပေါ်တွင်အလွယ်တကူမြင်တွေ့နိုင်တာ
ကြောင့် အတော်လေး စိတ်ပျက်ဖွယ်ကောင်းစေပါတယ်။
(၄) ပြည်တည်နေသောဝက်ခြံ
၎င်းဝက်ခြံကတော့ အနီရောင်အရင့်ဝက်ခြံအမျိုးအစားဖြစ်ပြီး မျက်နှာပြင်အရေပြားပေါ်တွင်
ဖြစ်ပွားတတ်ပါတယ်။
(၅) အရေပြားအောက်ခြေရှိဝက်ခြံများ
အရေပြားအောက်ခြေရှိ ၀က်ခြံများဟာ ၀က်ခြံအမျိုးအစားတစ်မျိုးဖြစ်ပြီးအရေပြားအောက်တွင်
ခို၍ ဖြစ်ပွားလေ့ရှိကြပါတယ်။ ထိုဝက်ခြံများဟာအရွယ်အစားကြီးမားကြပြီး အလွန်ပဲ နာကျင်လှ
ပါတယ်။ ထို့ပြင် ၎င်းဝက်ခြံများဟာမျက်နှာပြင်အရေပြားအောက်အတွင်းဝင်ရောက်ဖြစ်ပွားကြပြီး
မာကျောသောဝက်ခြံအမဲများပဲ ဖြစ်ကြပါတယ်။
(၆) အကျိတ်ဝက်ခြံ
ထိုဝက်ခြံကတော့ အကျိတ်ပုံစံဝက်ခြံအမျိုးအစားဖြစ်ပြီး ၎င်းအတွင်းပြည်အများဆုံး ပါဝင်ပါတယ်။
၎င်းဝက်ခြံဟာ အလွယ်တကူဖြစ်ပွားနိုင်ပြီးမျက်နှာပြင်၌ နာကျင်သော ဝေဒနာကို ခံစားရတတ်ပါတယ်။
ဝက်ခြံစဖြစ်သောအရွယ်များ
အရေပြားဆိုင်ရာကျွမ်းကျင်သူများကတော့ဝက်ခြံစဖြစ်သောအရွယ်မှာ အသက် ၁၁နှစ်မှ၃၀
နှစ်ဝန်းကျင်တွင်ဖြစ်ပြီး များသောအားဖြင့်ဆယ်ကျော်သက်အရွယ်တွင်အဖြစ်များကြောင်း
ပြောကြားခဲ့ပါတယ်။ဝက်ခြံဟာအသက်အရွယ်မရွေး၊ လူမျိုးမရွေးဖြစ်ပွားစေနိုင်ပြီး အသက်
၅၀အရွယ်အထိ ၀က်ခြံပေါက်သောသူများပင်ရှိနေကြောင်း သိရှိရပါတယ်။ ထို့ပြင်ဝက်ခြံဟာ
အမျိုးသား ၊ အမျိုးသမီးနှစ်မျိုးစလုံးတွင်ဖြစ်ပွားကြပြီး အရွယ်ရောက်သူ (၈၀)ရာခိုင်နှုန်းဟာ ၀က်ခြံပေါက်ကြကြောင်း သုတေသီများမှတွေ့ရှိခဲ့ပါတယ်။
ဝက်ခြံဖြစ်ပေါ်လာရခြင်းအကြောင်းနှင့်ပတ်သက်၍ လူအများစုဟာ သေသေချာချာမသိရှိကြပါဘူး။
သုတေသီများကတော့ ၀က်ခြံဖြစ်ပေါ်ရခြင်း၏ မူလအချက်ဟာAndrogen ဟုခေါ်သော ဟိုမုန်းဓါတ်မြင့်မားမှုကြောင့်ဖြစ်ပြီးအရွယ်ရောက်သူအများစုဟာ ၎င်းဟိုမုန်းဓါတ်ပြောင်းလဲမှု
ကြောင့် ၀က်ခြံကိုဖြစ်ပေါ်စေသည်။ Androgenဆိုတဲ့ ဟိုမုန်းဟာ မျက်နှာပြင်ရှိအဆီကျိတ်များနှင့် သက်ဆိုင်လျက်ရှိပြီး၊ ၁၂ နှစ်မှ ၁၈ နှစ်အရွယ်လူငယ်များတွင်၎င်းဟိုမုန်းပမာဏဟာ မြင့်တက်ပြောင်းလဲလာခဲ့ပါတယ်။
ထိုဟိုမုန်းမာဏမြင့်မားခြင်းဟာ မျက်နှာပြင်အရေပြားအောက်ခြေရှိအဆီကျိတ်များကို လှုံ့ဆော်ပေးပြီး အဆီထုတ်လုပ်မှုပမာဏကိုလည်းပိုမိုမြင့်မားလာစေပါတယ်။ ထိုအခါ အဆီများ စုဝေးမှုကြောင့် အဆီအညစ်အကြေးများဖြစ်ထွန်းလာကြပြီး မျက်နှာပြင်ရှိ မွေးညှင်းပေါက်များကို ပိတ်ဆို့စေကာဝက်ခြံများ စတင်ဖြစ်ပေါ်လာကြပါတယ်။
အချို့သောပညာရှင်တို့ကတော့ ၀က်ခြံဖြစ်ပေါ်ရခြင်းအကြောင်းဟာမျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်မှုရှိကြောင်း ပြောကြားကြပြီး အချို့ကတော့Androgen ဟိုမုန်းနှင့်လီသီယံဓါတ်ပါဝင်သောဆေးများ
သောက်သုံးခြင်းကြောင့်ဝက်ခြံပိုမိုဖြစ်ပေါ်စေကြောင်း ယူဆကြပါတယ်။ ထို့ပြင် Greasy Cosmetic
များဖြစ်သည့် အဆီများသော အလှကုန်ပစ္စည်းများကြောင့်လည်း ၀က်ခြံကိုပိုဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းဟိုမုန်းဓါတ်အပြောင်းအလဲဖြစ်
ပွားပြီး တစ်ခါတစ်ရံဝက်ခြံများပြန်လည်ထွက်ပေါ်လာခြင်းကို ကြုံတွေ့ကြရပါတယ်။
ဝက်ခြံအမျိုးအစားအချို့ ကွဲပြားစွာတည်ရှိနေတာကြောင့်ဝက်ခြံကုသရာတွင်လည်းနည်းလမ်း
အမျိုးမျိုးအသုံးပြုရမှာ ဖြစ်ပါတယ်။ ၀က်ခြံအားအမြစ်ပြတ်ပျောက်ကင်းအောင် ကုသရန် ခက်ခဲပြီးအချိန်ပေးကာစနစ်တကျကာကွယ်တားဆီးပါက ၀က်ခြံလုံးဝပျောက်ကင်းသွားတာကို ကြုံတွေ့ရမှာဖြစ်ပါတယ်။
ဝက်ခြံဟာ ထွက်ပေါ်လာစအရွယ်တွင် စတင်ကုသမှုခံယူသင့်ပြီး သာမန်နူးညံ့သောဝက်ခြံအသေး
များအတွက် OTC လို့ခေါ်တဲ့ (Over-the-Counter) ဆေးဝါးများဖြင့်ကုသနိုင်ပါတယ်။ ၀က်ခြံပျောက်
ကင်းနိုင်သော ဆေးဝါးမျိုးစုံကိုလွယ်တကူဆေးဆိုင်များတွင် ၀ယ်ယူနိုင်ပေမယ့် သင့်အသားအရေအတွက်
ဝက်ခြံအမျိုးအစားပေါ်မူတည်၍ မှန်ကန်စွာ ရွေးချယ်တတ်ဖို့တော့ လိုအပ်ပါတယ်။
ဝက်ခြံအဖြူနှင့် အမည်းများကို ပျောက်ကင်းစေရန်အတွက်ကတော့ Resorcinol ကိုအသုံးပြုနိုင်ပြီး ၎င်းဟာဝက်ခြံအပြင်ဘောက်များ၊ နှင်းခူရောဂါများကိုပါပျောက်ကင်းစေနိုင်ပါတယ်။Benzoyl Peroxide ဆိုတာဟာ မျက်နှာပြင်ပေါ်ရှိ ဗက်တီးရီးယားများကိုသေစေနိုင်သောဝက်ခြံပျောက်ဆေးတစ်မျိုးဖြစ်ပြီး အဆီကျိတ်မှတစ်ဆင့် အဆီထုတ်လုပ်မှုကိုလည်းလျော့ပါးစေပါတယ်။ ၎င်းဆေးဝါးဟာ အမဲစက်၊
ဝက်ခြံနှင့်အသားအရေပေါ်ရှိ ပိုးမွှားများကိုဖယ်ရှားပေးနိုင်ပြီးဆဲလ်အသစ်များကို ပြန်လည်ဖြစ်ပေါ်စေ
ပါတယ်။
Salicylic Acid ကတော့ ၀က်ခြံဖြူနှင့် ၀က်ခြံအမည်းများကိုပျောက်ကင်းစေနိုင်သလို
အသားအရေလျော့ကျမှုကိုလည်း ကာကွယ် တားဆီးပေးပါတယ်။ အရေပြားအောက်ခြေရှိ
အဆီထုတ်လုပ်မှုကိုလည်း ထိန်းချုပ်ပေးပြီးဆဲလ်အသစ်များကို လျင်မြန်စွာဖြစ်ပေါ်စေနိုင်ပါတယ်။
Salicylic Acid ဟာမှိုရောဂါများပျောက်ကင်းစေရန်လည်း အသုံးပြုနိုင်တာကြောင့် ခေါင်းလျှော
်ရည်များအတွင်း ထည့်သွင်းအသုံးပြုပါက ဘောက်များကိုသေစေနိုင်ပါတယ်။
Sulfur ဟာ ၀က်ခြံဖြူနှင့် ၀က်ခြံမည်းများပျောက်ကင်းစေနိုင်သလိုထပ်မံမထွက်ပေါ်နိုင်ရန်လည်း တားဆီးပေးပါတယ်။ Sulfur အား ၀က်ခြံကုသခြင်းအတွက်အများဆုံးအသုံးပြုကြပြီး အခြားဘောက်
နှင့် မှိုရောဂါများကိုပါပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် သုတေသီများကတော့ Sulfur ဟာအရေပြားအပေါ်ယံလွှာရှိ ၀က်ခြံနှင့် အခြားရောဂါများကိုမည်သို့ပျောက်ကင်းစေသလဲဆိုတာတော့
အတိအကျပြောဖို့ ခက်ခဲကြောင်းပြောကြားခဲ့ပါတယ်။
Retain-A ဟာ ၀က်ခြံနှင့်အမဲစက်များကို ပျောက်ကင်းစေနိုင်ပြီး ၎င်းအတွင်း Tretinoinလို့ခေါ်တဲ့
ဗီတာမင် A ထုတ်လုပ်ပေးနိုင်သည့်အက်ဆစ်တစ်မျိုး ပါဝင်ပါတယ်။Azelaic Acid ကတော့ ဆဲလ်
အသစ်များကို မွေးဖွားပေးနိုင်သလို မျက်နှာပေါ်ရှိအရေးအကြောင်းများကိုလည်း လျော့ချပေးနိုင်ပါတယ်။ ထို့ပြင်ဘက်တီးရီးယားဖြစ်ပွားမှုနှုန်းကိုလည်း ကာကွယ်တားဆီးနိုင်ပြီး ၎င်းဟာ ဂျုံ၊မုယောစပါးအစ
ရှိသည်တို့တွင် ပါဝင်တဲ့ Dicarboxylicအက်ဆစ်တစ်မျိုးပါဝင်ပါတယ်။
ထို့ပြင်Azelaicဟာအသားအရေညိုမဲကြမ်းတမ်းခြင်းနှင့် မျက်နှာပြင်ပေါ်ရှိချိုင့်ခွက်များကိုပါ
ပျောက်ကင်းသက်သာစေနိုင်တာကြောင့် လူအများအသုံးပြုသင့်တဲ့ အက်ဆစ်ပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါဆေးဝါးများကတော့ ၀က်ခြံပျောက်ကင်းနိုင်သော Gel များဆပ်ပြာများ၊
ခရမ်များ၊ Lotion များအစရှိသည်တို့တွင် ထည့်သွင်းအသုံးပြုကြပြီးအမျိုးအစားတံဆိပ်အလိုက်သုံးစွဲမှု
နှုန်းတော့ ကွဲပြားမှုရှိပါတယ်။သင့်ရဲ့အသားအရေဟာထိခိုက်လွယ်တဲ့ အသားအရေဖြစ်ပါက ခရမ်
(သို့မဟုတ်) Lotion တစ်မျိုးမျိုးအသုံးပြုနိုင်ပါတယ်။ Gel များကတော့သာမန်အားဖြင့် Alcohol ကို
အခြေခံကာ ပြုလုပ်ထားကြတာကြောင့် အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ ထို Gel
များဟာ အဆီပြန်သော အသားအရေများနှင့်သင့်တော်ပြီး အသားအရေအလိုက် မှန်ကန်သော အမျိုးအစားကိုရွေးချယ်အသုံးပြုတတ်ရန် လိုအပ်ပါတယ်။ ထို့ပြင် ခရမ်(သို့မဟုတ်) Gelတစ်မျိုးမျိုးကို အသုံးပြုခြင်းကြောင့် မျက်နှာပြင်ပေါ်၌ အနီစက်များ၊ယားယံမှုများဖြစ်ပွားပါက နီးစပ်ရာ အရေပြား
ဆရာဝန်ထံ သွားရောက်ပြသသင့်ပြီးစနစ်တကျကုသမှုခံယူသင့်ပါတယ်။
ဝက်ခြံများအားကုသခြင်း
ဝက်ခြံဟာ ဟိုမုန်းဓာတ်ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်သော
အရေပြားအနာတစ်မျိုးဖြစ်ပြီး အချို့ဝက်ခြံများကတော့ ပိုမိုပြင်းထန်ပြီးမာကျောသော ၀က်ခြံအကြီးများ ဖြစ်ကြပါတယ်။ ၎င်းဝက်ခြံအမျိုးအစားများဟာပျောက်ကင်းရန် ခက်ခဲပြီး အရေပြားဆရာဝန်တို့ဖြင့် တိုင်
ပင်ကာ စနစ်တကျကုသသင့်ပါတယ်။ ၎င်းဝက်ခြံများအတွက် Benzoyl Peroxide နှင့် Azelaic
Acidဓါတ်ပါသောဆေးဝါးများနှင့် ပျောက်ကင်းအောင် ကုသနိုင်သလို၎င်းဓါတ် များပါဝင်သော
ခရမ်များ၊ Lotion များလိမ်း၍လည်း ကုသနိုင်ပါတယ်။
ဝက်ခြံအမာနှင့် အရေပြားအောက်ခြေရှိ ၀က်ခြံကြီးများဟာ ဘက်တီးရီးယားနှင့်ပဋိဇီဝဆေးဝါးများကြောင့် တစ်ခါတစ်ရံဖူးရောင်ကာဝက်ခြံကြီးများအဖြစ်ကူးပြောင်းလာတတ်ပါတယ်။ ထို့ပြင် တစ်ခါတစ်ရံ၌
ဝက်ခြံအကြိတ်များသဖွယ်ဖြစ်လာကြပြီး အသားအရေကိုယားယံနာကျင်ကာအလွန်ထိခိုက်
ပျက်စီးစေနိုင်ပါတယ်။ ထိုဝက်ခြံများကို ပျောက်ကင်းစေရန်အတွက်ကတော့Dilute Corticosteriod
တစ်မျိုးကို အသုံးပြုသင့်ပြီး ပျောက်ကင်းအောင် ကုသလို့ရပါတယ်။
Isotretinoin ဟာ ၀က်ခြံကြီးများနှင့် ၀က်ခြံအကြိတ်များကိုပျောက်ကင်းစေနိုင်ပြီး ၎င်းဟာ ၀က်ခြံ
အတွက် သင့်တော်သော Retinoidတစ်မျိုးဖြစ်ပါတယ်။Oral Antibiotics ကတောဝက်ခြံကြီးများအား
ကုသရန် အသုံးပြုပြီးအရေပြားအောက်ခြေရှိ ဘက်တီးရီးယားများကို သေစေနိုင်ပါတယ်။ ဒါပေမယ့်
့်၎င်းအစား Propionibacterium Acnes (P-acnes) ကို ပိုမိုအသုံးပြုလျက်ရှိပြီး ၎င်းဟာအရေပြားပျက်
စီးမှုနှင့် ဘက်တီးရီးယားများကို အမြန်ဆုံးသေစေနိုင်ပါတယ်။
Oral Contraceptiue ကတော့ ၀က်ခြံအလွန်အကျွံထွက်သော အမျိုးသမီးများအတွက်
သင့်တော်ပြီး ရေရှည်ကုသမှုအတွက် သင့်တော်ပါတယ်။ ၎င်းဟာ မျက်နှာပြင်အောက်ခြေရှိအဆီကျိတ်အား ထိန်းညှိပေးပြီး ၀က်ခြံထပ်မံမထွက်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် အသက် ၃၅ နှစ်အထက်အမျိုးသမီးများအနေဖြင့်ကတော့ အရေပြားကျွမ်းကျင်သူတွေနဲ့စနစ်တကျတိုင်ပင်
ပြီးမှသာ အသုံးပြုသင့်ပါတယ်။
Topical Antimicrobials ကတော့ ၀က်ခြံများကို သက်သာလျော့ပါးစေပြီးကြီးမားသောဝက်ခြံနှင့် အကျိတ်များအတွက် ထိရောက်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ ၎င်းဟာဗီတာမင် A ပါဝင်ပြီး ၀က်ခြံများပျောက်ကင်းဖို့အတွက်လွန်စွာအထောက်အကူဖြစ်စေပါတယ်။ ထို့ပြင် မျက်နှာပြင်ရှိ
ချိုင့်ခွက်များ၊၀က်ခြံဖြူ ၊ ၀က်ခြံမည်းများကို ပျောက်ကင်းသက်သာစေပြီးထပ်မံမထွက်ပေါ်အောင်လည်း တားဆီးပေးပါတယ်။
ဝက်ခြံကာကွယ်နည်းစနစ်များ
ယခုရွေးချယ်ဖော်ပြလိုက်တဲ့နည်းလမ်းတွေကတော့ ၀က်ခြံပျောက်ကင်းရန်အတွက်အကူအညီပေးမယ့်နည်းလမ်းများဖြစ်ပြီးအတွက်လည်း
တားဆီးပေးနိုင်ပါတယ်။ပထမဆုံးအဆင့်အနေဖြင့်ကတော့ သင့်မျက်နှာအား ညင်သာစွာဖြင့် စင်ကြယ်အောင်ဆေးကြောသင့်ပါတယ်။ တစ်နေ့လျှင် နှစ်ကြိမ်ခန့်မျက်နှာကို စင်ကြယ်စွာဆေးကြော
သင့်ပြီး မကြာခဏဆိုသလို မျက်နှာသစ်ခြင်းမှ ရှောင်ရှားသင့်ပါတယ်။
သင့်မျက်နှာရှိ ၀က်ခြံများအား ဆေးကြောသန့်စင်ရာတွင် ဖြေးညှင်းစွာဆေးကြောရမှာဖြစ်ပြီး
ဆပ်ပြာအသုံးပြုမည်ဆိုပါကလည်း အနည်းငယ်အားပျော့သောဆပ်ပြာကိုသာ အသုံးပြုသင့်ပါတယ်။ ဆပ်ပြာရွေးချယ်ရာမှာလည်း ၀က်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ဆပ်ပြာကို အသုံးပြုသင့်ပြီး
ဖြစ်နိုင်ပါက ရေနွေးနွေးဖြင့်ဆေးကြောသန့်စင်သင့်ပါတယ်။တစ်ပတ်လျှင် တစ်ကြိမ်မျှ Scrub လုပ်နိုင်
ပေမယ့် အမြဲတမ်း Scrubလုပ်ခြင်းကိုတော့ရှောင်ရှားသင့်ပါတယ်။ သုတေသီများကတော့ Scrub လုပ်မယ့်အစားBenzoyl Peroxide ပါဝင်သော Lotion တစ်မျိုးမျိုးကို အသုံးပြုသင့်တယ်လို့
ပြောကြားထားပါတယ်။ ၀က်ခြံများကို လက်ဖြင့်ကိုင်တွယ်ခြင်းညှစ်ထုတ်ခြင်းမျိုးမပြုလုပ်သင့်ပါဘူး။ ထိုသို့ပြုလုပ်ခြင်းဟာဘက်တီးရီးယားပိုးများဝင်ရောက်နိုင်ပြီး ၀က်ခြံကို ပိုမိုဆိုးဝါးစေပါတယ်။
ထို့ပြင် အမဲစက်နှင့် အမာရွတ်များ ထင်ကျန်စေနိုင်တာကြောင့်ထိုအပြုအမူမျိုးကိုရှောင်ရှားသင့်ပါတယ်။
တစ်ခါတစ်ရံ စိတ်လှုပ်ရှားမှုကြောင့် ၀က်ခြံကိုပိုမိုဖြစ်စေပါတယ်။ ထို့ကြောင့်မင်္ဂလာဆောင်ခါနီး၊ လူအများရှေ့တွင် စကားပြောဆိုခါနီးများတွင် သင့်ဝက်ခြံကိုပိုမိုဂရုစိုက်ကာ ကာကွယ်တားဆီးသင့်
ပါတယ်။ ၀က်ခြံအတွက်သာမကသင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်တဲ့ နည်းလမ်းကတော့လက်ကို စင်ကြယ်စွာ ပုံမှန်ဆေးပေးရပါမယ်။ ထိုမှသာလက်မှဘက်တီးရီးယားပိုးများ
ဝင်ရောက်ခြင်းကိုလည်း ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် သင့်မျက်နှာကို မကိုင်
တွယ်မီ၌လက်ကိုအရင်ဆုံးစင်ကြယ်စွာဆေးသင့်ပြီး အထူးသဖြင့် Lotion နှင့်မိတ်ကပ်မလိမ်းမီပိုမိုသတိပြုသင့်ပါတယ်။
သင်၏ နောက်ကျော၊ ရင်ဘတ်နှင့် ကျောကုန်း၌ ၀က်ခြံများထွက်နေပါက
အ၀တ်ပွပွမျိုးကိုသာ ၀တ်ဆင်သင့်ပါတယ်။ ထိုအချိန်မျိုးတွင်အ၀တ်အစားကျပ်ကျပ်များဝတ်ဆင်ခြင်းမှ ရှောင်ရှားသင့်ပြီးသန့်ရှင်းသောအ၀တ်များနှင့် သက်တောင့်သက်သာရှိစေမည့် အ၀တ်မျိုးကိုသာရွေးချယ်
ဝယ်ယူသင့်ပါတယ်။အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ မိတ်ကပ်များလိမ်းကာ အိပ်ရာမ၀င်သင့်ပါဘူး။
မိတ်ကပ်များရွေးချယ်ဝယ်ယူရာ၌လည်းNonCeomedogenicနှင့်NonAcenegenicအမျိုးအစားမိတ်ကပ်မျိုး
ကိုသာဂရုစိုက်ရွေးချယ် ၀ယ်ယူသင့်ပါတယ်။ ထို့ပြင်မိတ်ကပ်ဝယ်ယူအသုံးပြုရာ၌၎င်းမိတ်ကပ်၌
အဆီမပါဝင်စေရန် အရေးကြီးပြီး ၎င်းဟာမွေးညှင်းပေါက်ကလေးများကိုပိတ်စေနိုင်ပါတယ်။
သင့်မျက်နှာပေါ်သို့ဆံပင်များဖုံးအုပ်မနေစေရန် ဂရုစိုက်သင့်ပြီး ဆံပင်ကိုလည်းသန့်ရှင်းစင်ကြယ်စေရန် ဂရုစိုက်သင့်ပါတယ်။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းဟာဝက်ခြံနှင့်အသားအရေညိုမဲခြင်း
ကိုဖြစ်စေနိုင်တာကြောင့် ၎င်းအတွက် ခရမ်တစ်မျိုးမျိုးလိမ်းကာ ကာကွယ်ထားသင့်ပါတယ်။အမျိုးသားများ
အနေဖြင့်လည်း မုတ်ဆိတ်ရိတ်ရာတွင် ခရမ် (သို့မဟုတ်)ဆပ်ပြာအပျော့စားကို အသုံးပြုသင့်ပြီး လိုအပ်ပါက Shaving Cream လို့ခေါ်တဲ့ မုတ်ဆိတ်ရိတ်ခရမ်တစ်မျိုးကို အသုံးပြုသင့်ပါတယ်။
ဝက်ခြံနှင့်အဆီပြန်သောအသားအရေအတွက် အကြံပြုချက်များအသားအရေထိန်းသိမ်းခြင်းဆိုင်ရာ အလှကုန်ပစ္စည်းများစွာအား ဈေးကွက်အတွင်းအလွယ်တကူ ၀ယ်ယူနိုင်ပေမယ့် သင်၏အသားအရေ
အမျိုးအစားအလိုက် မှန်ကန်စွာရွေးချယ်နိုင်ရန် လိုအပ်ပါတယ်။ ထို့ပြင် အဆီပြန်သောအသားအရေ၊
ခြောက်သွေ့သောအသားအရေ၊ ညိုမဲသော အသားအရေစသည်ဖြင့် အလှကုန်ပစ္စည်းမျိုးစုံ ခွဲခြားထားပြီးနှစ်သက်ရာအမှတ်တံဆိပ်နှင့် အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါတယ်။အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ ပညာရှင်များကတော့ အဆီပြန်သော အသားအရေနှင့်ဝက်ခြံထွက်သော အသားအရေပိုင်ရှင်များအတွက် အောက်ပါအကြံပြုချက်အချို့ကိုပြောကြားခဲ့ပါတယ်။
သင့်အနေဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်မျက်နှာကို မှန်ကန်စနစ်ကျစွာဆေးကြောသန့်စင်ရန် လိုအပ်ပါတယ်။ သင်ဟာ အဆီပြန်သောအသားအရေဖြစ်ပါက Gel ပါဝင်သော Cleanser တစ်မျိုးမျိုးကို ၀ယ်ယူအသုံးပြုသင့်ပြီး ၎င်းဟာအသားအရေတွန့်ခြင်းနှင့် အပေါ်ယံလွှာရှိအဆီခဲများကိုဖယ်ရှားသန့်စင်
ပေးနိုင်ပါတယ်။ထိုသို့ Cleanser ကို အသုံးပြု၍ ဆေးကြောသန့်စင်ပြီးပါက နှစ်သက်ရာ Tonerတစ်မျိုးကို ရွေး
ချယ်အသုံးပြုနိုင်ပါတယ်။ Toner ကို အသုံးပြုခြင်းကြောင့်အသားအရေပေါ်ရှိ ကျန်ရှိနေသော အဆီနှင့် ဖုန်မှုန့်၊ ချေးမှုန့်များကိုဖယ်ရှားပေးနိုင်ပါတယ်။Toner ကို အသုံးပြုရာတွင်လည်းဝါဂွမ်းအနုစားနှင့်မျက်နှာပြင်
တစ်ဝိုက်ပွက်တိုက်အသုံးပြုသင့်ပြီး နှာခေါင်းတစ်ဝိုက်ကိုပိုမိုပွတ်တိုက်အသုံးပြုသင့်ပါတယ်။
တတိယအဆင့်အနေဖြင့်ကတော့ Moisturizer တစ်မျိုးမျိုးကို အသုံးပြုသင့်ပါတယ်။အဆီပြန်သော အသားအရေပိုင်ရှင် အများစုဟာ Moisturizer ကို အသုံးမပြုကြပါဘူး။တကယ်လို့ သင်ဟာ Moisturizer
ကို မနှစ်သက်ပါကအနည်းငယ်ပိုမိုပျော့သော Light Moisturizer ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်
တစ်ပတ်လျှင်တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့် Scrub ကို အသုံးပြုသင့်ပါတယ်။Scrub ကို အသုံးပြုခြင်းကြောင့် အရေပြားပေါ်ရှိ ဆဲလ်သေများကိုဖယ်ရှားပေးနိုင်သလို ဆဲလ်သစ်များဖြစ်ပေါ်မှုကိုလည်း
အထောက်အကူဖြစ်စေပါတယ်။ သင့်မျက်နှာပေါ်မှာ ၀က်ခြံနှင့်အဖုအပိန့်များရှိနေပါက Scrub အသုံးပြုရာမှာ ညင်သာစွာ အသုံးပြုသင့်ပြီးအလွန်အကျွံအသုံးပြုခြင်းမှလည်း ရှောင်ရှားသင့်ပါတယ်။
တစ်ပတ်လျှင် တစ်ကြိမ်ခန့် Mask ကို အသုံးပြုသင့်ပါတယ်။ ထိုသို့ Mask ကိုအသုံးပြုခြင်းကြောင့် မျက်နှာပေါ်ရှိ အရေပြားလျော့ကျခြင်းနှင့် ၀က်ခြံများဖြစ်ပေါ်ခြင်းကိုကာကွယ်တားဆီးနိုင်ပြီးအသားအရေကိုပိုမိုကြည်လင်ဝင်း
ပစေနိုင်ပါတယ်။ ဈေးကွက်အတွင်း သင့်အသားအရေနှင့် လိုက်ဖက်မည့်Mask ပေါင်း မြောက်မြားစွာရှိပြီး တစ်ပတ်လျှင်တစ်ကြိမ်အနည်းဆုံး Mask ကို အသုံးပြုသင့်ပါတယ်။
ဝက်ခြံအထွက်များသောအသားအရေပိုင်ရှင်တွေအနေဖြင့်ကတော့၎င်းအတွက်စနစ်ကျသော
ကုသမှုမျိုးပြုလုပ်သင့်ပြီး အလွယ်ဆုံးနည်းလမ်းကတော့ သင့်အသားအရေနှင့်လိုက်ဖက်မယ့် အကောင်းဆုံးဝက်ခြံပျောက်ခရမ်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ထိုခရမ်များအား
အမြဲလိုလိုမှန်မှန်အသုံးပြုသင့်ပြီးမျက်နှာပေါ်ရှိဝက်ခြံနှင့်အစက်အပြောက်ဖြစ်ခြင်းကိုပါကာကွယ် တားဆီးနိုင်ပါတယ်။အရေးအကြီးဆုံးအချက်ကတော့ ၀က်ခြံဆိုတာဟာသင့်မျက်နှာပြင်ပေါ်၌သင်မမြင်
ရခင်ကာလမှစ၍ ဖြစ်ပွားနေခြင်းဖြစ်တာကြောင့် ၀က်ခြံကာကွယ်ပေးနိုင်သောခရမ်များကို
နေ့စဉ်စွဲမြဲစွာအသုံးပြုသင့်ပါတယ်။
http://chocolatemyotaw.ning.com/
Share this article :
0 comments:
Free Online Radio Media
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။