Home » » အကယ်ဒမီသုမောင် အသည်းရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်

အကယ်ဒမီသုမောင် အသည်းရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်

Written By နေဇော်လင်း1 on Monday, May 17, 2010 | 10:43:00 PM


ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာ နယ်ပယ်များတွင် ထင်ရှားသူတစ်ဦး ဖြစ်သည့် စာရေးဆရာအကယ်ဒမီ သုမောင်အသက် (၆၀)နှစ်သည် အသည်းရောဂါဖြင့် မေလ ၁၆ ရက်နေ့ ည ၉ နာရီအချိန်၌ ရန်ကုန်မြို့ရှိ သုခကမ္ဘာ အထူးကုဆေးခန်း၌ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

''ဆေးရုံတက်နေရတာ သုံးရက် ရှိသွားပါပြီ။ အသည်းရောဂါနဲ့ ဆုံးသွားခဲ့တာပါ''ဟု ဆရာသုမောင်၏ သားဖြစ်သူ ဖိုးသောကြာက ပြောကြားခဲ့ပါသည်။

အကယ်ဒမီ သုမောင်သည် ၁၉၅၁ခုနှစ်က အဘစာရေးဆရာ ဒါရိုက်တာဦးသာဓုနှင့်အမိ ဒေါ်ခင်ညိုတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သော တတိယမြောက်သားတစ်ဦးဖြစ်ပြီး အမည် အရင်းမှာ မောင်ဗလဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၉၆၉ခုနှစ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့ပါသည်။ ၁၉၇၀ပြည့်နှစ် ၀တ်မှုန်ဂျာနယ်တွင် အုပ်စိုးအမည်ဖြင့် ရေးသားခဲ့သော သနပ်ခါးရေကျဲကျဲ ၀တ္ထု တိုမှာ အကယ်ဒမီသုမောင်၏ ပထမဆုံးသော ၀တ္ထုတိုဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် ချစ်စံနမူ ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်လာခဲ့ပါသည်။ ၁၉၇၄ပြည့်နှစ်၌ပင် နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသည့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့ပြီး သုမောင်၏အမည်မှာ ထင်ရှားလာခဲ့ပါသည်။ နှောင်းတမြေ့မြေ့ ရုပ်ရှင်ဇာတ် ကားတွင် ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို သီဆိုခဲ့ပြီးနောက် ဂီတလောကသို့လည်း ရောက်ရှိခဲ့ပါသည်။ ထို့အပြင် ၁၉၇၄ခုနှစ်တွင် ထွက်ရှိခဲ့သော အချစ်လုံးချင်းဝတ္ထုမှာလည်း သုမောင်၏ထင်ရှားသော ၀တ္ထုတစ်ပုဒ် ဖြစ်ခဲ့ပါသည်။ ထိုဝတ္ထုသည် စာရေး ဆရာအဲရစ်ခ်ျဆီဂယ်၏ Love Story ၀တ္ထုကို မြန်မာမှုပြု၍ ဆရာသုမောင် က ပြန်လည်ရေးသားခဲ့ကာ အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။


ထိုကာလနောက်ပိုင်း စာပေများ ရေးသားခြင်း၊ တေးသီချင်းသီဆို ခြင်းနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထင်ရှားကျော်ကြားခဲ့ပါသည်။ ၁၉၉၀ပြည့်နှစ်၌ ခုနစ်စဉ်အလွမ်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူး ချွန်ဆု အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသည်။

မကွယ်လွန်မီအချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၄၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ရုပ်ရှင် နောက်ခံသီချင်း၊ ရေဒီယိုသီချင်း အစရှိသော တေးသီချင်းပေါင်း ၂၀၀၀ ကျော်ကို သီဆိုထားခဲ့ကြောင်း သိရှိရပါသည်။ ဦးသုမောင်သည် သရုပ်ဆောင်ကောင်းတစ်ဦး ဖြစ်ခဲ့သည့်အပြင် စာပေရေးသားခြင်းကို မွေ့လျော်သူ တစ်ဦးဖြစ်ပြီး လုံးချင်းဝတ္ထုစာအုပ် အများဆုံးရေးသားခဲ့သော စာရေး ဆရာတစ်ဦးဖြစ်ပါသည်။

မကွယ်လွန်အချိန် အထိစာပေရေးသားခြင်းကို လုပ်ဆောင်ခဲ့ပြီး မန္တလေးအက်ဖ်အမ်တွင်လည်း''သြော် ဒါနဲ့စကားမစပ်'' အစီအစဉ်ကိုအပတ်စဉ် စီစဉ်တင်ဆက်နေခဲ့သူတစ်ဦး ဖြစ်ပါသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။