Home » » မုန်တိုင်း ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်တို့ သတိပေး

မုန်တိုင်း ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်တို့ သတိပေး

Written By နေဇော်လင်း1 on Tuesday, April 27, 2010 | 7:08:00 PM

ခိုင်သွယ်( ဧရာဝတီ )
Monday, April 26, 2010
E-mail Print
ဧပြီလ နှင့် မေလသည် ဘင်္ဂလား ပင်လယ်အော်၏ မုန်တိုင်းရာသီ ဖြစ်သောကြောင့် မိုးလေ၀သ သတင်းများကို မြန်မာ့ကမ်းရိုးတန်းရှိ ဒေသခံများ အလေးထားကြရန် မိုးလေ၀သ ပညာရှင်တို့က တိုက်တွန်းလိုက်သည်။

မုန်တိုင်းဆိုင်ရာ သတိပြုရန် လိုအပ်သည်များကို အာဏာပိုင်တို့က ထုတ်ပြန်ဖွယ်ရှိသည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုသည်။

“မုန်တိုင်းကတော့ ဖြစ်မှာပါပဲ၊ မြန်မာနိုင်ငံကို ၀င်၊ မ၀င် ဆိုတာကတော့ စောင့်ကြည့်ဖို့ လိုတယ်ပေါ့” ဟု မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒေါက်တာထွန်းလွင်က ဆိုသည်။

စနေနေ့ထုတ် ကြေးမုံ သတင်းစာတွင်လည်း ချစ်ကျော် (မိုး/ဇလ) အမည်ဖြင့် ရေးသားသည့် ပညာပေး ဆောင်းပါး တပုဒ်တွင် ဧပြီနှင့် မေလများအတွင်း မုန်တိုင်း ဖြစ်ပေါ်လေ့ရှိသည်ဟု သတိပေးထားသည်။


ပြီးခဲ့သည့် နှစ် ၁၀၀ ကျော် အတွင်း ဧပြီလတွင် မုန်တိုင်း ၃၂ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ထိုအထဲမှ ၁၅ ကြိမ်မှာ မြန်မာ့
ကမ်းရိုးတန်းသို့ ၀င်ရောက်ခဲ့ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

နှစ်ပေါင်း ၁၂၂ နှစ်အတွင်း မေလတွင် မုန်တိုင်း ၉၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး မြန်မာ့ ကမ်းရိုးတန်းသို့ ရောက်လာသည့် အကြိမ်ပေါင်း ၂၇ ကြိမ် ရှိသည်ဟု ဆိုသည်။

ပူပြင်းသည့် ဧပြီလနှင့် မေလတို့တွင် လေထုအတွင်း၌ အပူစွမ်းအင် လုံလောက်စွာ ရရှိထားသဖြင့် မုန်တိုင်းဖြစ်ပေါ်လျှင် အင်အား ပြင်းထန်တတ်ကြောင်း၊ မုန်တိုင်းဖြစ်ပေါ်လာပါက အခြေအနေကို ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း ရေးသားထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် “မုန်တိုင်းဖြစ်တိုင်း မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်မလာနိုင်” ဟု ဆောင်းပါးရှင်က ရေးထားသည်။ မုန်တိုင်းက အိမ်နီးချင်း တောင်အာရှနိုင်ငံများဘက်သို့ လမ်းကြောင်းပြောင်းသွားဖွယ်ရှိသည်ဟု သူက ဆိုသည်။

သို့သော်လည်း ဤရာသီတွင် မုန်တိုင်း ၀င်ပါက မြန်မာ့ ကမ်းရိုးတန်းတွင် နေထိုင်သည့် ဒေသခံများ သတိထားသင့်သည်ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

“ဒီဧပြီလမှာ ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်သမျှ မုန်တိုင်းတွေကို ကြည့်ရင် မြန်မာပြည်ထဲကို ၄၂ ရာခိုင်နှုန်း ၀င်တတ်တာ တွေ့ရတယ်။ ဒါ နည်းတဲ့ အရေ အတွက် မဟုတ်ပါဘူး” ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံတွင် မိုးကြိုကာလမှာပင် ၃ နှစ်ဆက်တိုက် မုန်တိုင်း တိုက်ခတ်ခဲ့သည်။ ထိုမုန်တိုင်းများမှာ မာလာမုန်တိုင်း (၂၀၀၆ ခုနှစ်)၊ အကာ့ရှ်မုန်တိုင်း (၂၀၀၇ ခုနှစ်) နှင့် နာဂစ်မုန်တိုင်း (၂၀၀၈ ခုနှစ်) တို့ ဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တသိန်းကျော် သေဆုံးခဲ့သည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။