Home » » အကယ်ဒမီနဲ့ အနုပညာရှင်

အကယ်ဒမီနဲ့ အနုပညာရှင်

Written By မောင်စေတနာ on Wednesday, February 3, 2010 | 2:39:00 PM



မြန်မာနိုင်ငံတွင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းသည် (၁၉၂ဝ) ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆု ပေးအပ်သည့် ခုနှစ်မှာ (၁၉၅၂)ခုနှစ် ဖြစ်သည်။
(၁၉၅၂)ခုနှစ်နှင့် (၁၉၅၃)ခုနှစ်တို့တွင် ဇာတ်ကားဆု(၃)ဆု၊ ပညာသည်ဆု(၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။
ပထမအကောင်းဆုံးဇာတ်ကားဆု (ရွှေကိန္နရီရုပ်)
ဒုတိယအကောင်းဆုံးဇာတ်ကားဆု (ငွေဒေါင်းရုပ်)
တတိယအကောင်းဆုံးဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်)
အကောင်းဆုံးအမျိုးသားပညာသည်ဆု (ရွှေရင်ထိုး

အကောင်းဆုံး အမျိုးသမီးပညာသည်ဆု (ရွှေရင်ထိုး)
(၁၉၅၂)ခုနှစ်တွင် ပထမဆုံးအကြိမ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှ ဘားမားရုပ်ရှင်ဒါရိုက် ရွှေဒုံးဘီအောင်၏ 'မာလာရီ' ဇာတ်ကား၌ အကောင်းဆုံးသရုပ် ဆောင်ထားသော ဦးကျော်ဝင်းမှာ ပထမဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်းခံရသည့် ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာ မောင်တင်မောင် ရိုက်ကူးသော 'ချစ်သက်ဝေ' ဇာတ်ကားဖြစ်သည်။ အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင် ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီး ထူးချွန်ဆုကို ရရှိခဲ့သည်။
(၁၉၅၄)ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို 'သြော်မိန်းမ' ဇာတ်ကား ရိုက်ကူးသူ ဦးသုခ မှရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံး ဇာတ်ကားဆု (ဒုတိယ)ကို ရရှိခဲ့သည်။
(၁၉၅၅)ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသား ပညာသည်ဆု၊ အမျိုးသမီး ပညာသည်ဆု၊ ဒါရိုက်တာဆု များကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆု အနေဖြင့် ဝင်းမော်မှ 'ဖိုးပြုံးချို' ဇာတ်ကားဖြင့် (၁၉၅၅)ခုနှစ်တွင် ပထမဆုံး ချီးမြှင့်ခြင်း ခံရပြန်သည်။
(၁၉၅၆)ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု အဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ 'လွမ်းငွေ့တဝေဝေ' ဇာတ်ကားဖြင့် ရရှိခဲ့သည်။ (၁၉၆၂)ခုနှစ်တွင် ထူးထူးခြားခြား စတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆု ဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များ အဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ 'အတွေ့' ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။
မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်မထားရသော သရုပ်ဆောင်မှာ အောင်ထွန်းလေး ဖြစ်သည်။ အောင်ထွန်းလေးသည် (၁၉၇၇)ခုနှစ်တွင် 'အဖေတစ်ခု သားတစ်ခု' ဇာတ်ကားဖြင့် ပထမဆုံး ကလေး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။
(၁၉၉၁)ခုနှစ်တွင် ရွှေကိန္နရီ ရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကား တစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ်ကို ငိုအောင် ၊ရယ်အောင်၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆု ဖြစ်သည်။ အဆိုပါဆုကို မြန်မာနိုင်ငံ၏ ဂီတဖခင်ကြီးတစ်ဦး ဖြစ်သည့် ဂီတလုလင်မောင်ကိုကိုမှ (၁၉၉၁)ခုနှစ်တွင် 'မယ်သီတာလို မိန်းကလေး' ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။
(၁၉၉၃)ခုနှစ်တွင် ငွေသားနှစ်သောင်းကိုချီးမြှင့်ခြင်းမပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင် ချီးမြှင့်ခဲ့သည်။
ရှားရှားပါးပါး ပရိသတ် သတိမထားနိုင်သည့် ပညာသည်ဆု တစ်ဆုကို (၁၉၉၄)ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုး ချီးမြှင့်ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆု ဖြစ်သည်။ ပထမဆုံး ရုပ်ရှင်အသံဆုကို ဦးခင်ဦးမှ 'သရဖူ'ဇာတ်ကားဖြင့် ရရှိခဲ့သည်။ ဇာတ်ကားတစ်ကားလုံး အကောင်းဆုံး ကြည့်ရှုနိုင်အောင် အပြတ်အတောက် မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကား တည်းဖြတ်သူများ ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကား တစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ်ဆုကို (၁၉၉၇)ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင် (မော်ကွန်းရုပ်ရှင်)မှ 'သူကျွန်မခံပြီ' ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်း ခေတ်အဆက်ဆက် ပထမအကြိမ် ချီးမြှင့်ခံခဲ့သော ဆုတစ်ခုခြင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ (၂ဝဝ၈)ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၂)ကား အနက် ဟာသကား (၈)ကား ပါဝင်နေပြီး အဆိုပါဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ကြသော အနုပညာရှင်များနှင့် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်အချို့ရဲ့ အကယ်ဒမီစကားသံများကို လျှပ်တစ်ပြက စုစည်းတင်ပြ ပေးလိုက်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် မင်းသမီးများမှာလည်း အကယ်ဒမီ ဆုပေးပွဲသို့ သူ့ထက်ငါ အပြိုင်အဆိုင် အလှပဆုံး တက်ရောက်ကြတဲ့ အစဉ်အလာများလည်း ရှိပါတယ်။ ရုပ်ရှင်လောကသားတိုင်း မျှော်လင့်တောင့်တနေတဲ့ အကယ်ဒမီ ရုပ်တုများက သက်ဆိုင်သူ၊ ထိုက်တန်သူများရဲ့ လက်တလှမ်းအလိုမှာ တည်ရှိနေပါပြီ။ ဘယ်သူတွေ လှမ်းဆွတ်ယူမလဲ ဆိုတာကတော့ဖြင့် . . .

ခန့်စည်သူ
(၂ဝဝ၈)ခုနှစ်အတွက် ကျွန်တော် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေက အချစ်ကလန်းတယ်၊ အများနှင့် မသက်ဆိုင်သောသူ၊ ကဝေပျိုရဲ့ ပစ္စုပ္ပန်၊ ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး ဇာတ်ကားတွေ ရှိပါတယ်။ အဲဒီထဲမှာမှ အများနှင့် မသက်ဆိုင်သောသူ ကားက (၅၂၈) မေတ္တာကို အခြေခံ ထားတာပါ။ အကယ်ဒမီ ဆိုတာ အနုပညာသမားတိုင်း အတွက် ဘဝမှာ မှတ်တိုင်တစ်ခုပါ။ မှတ်တိုင် စိုက်ထူနိုင်မယ့် အခွင့်အရေးကို အနုပညာသမားတိုင်း မျှော်လင့်ကြမှာပဲလေ။ ကျွန်တော် ကိုယ်တိုင်လည်း အားပေးရင်း မျှော်လင့်နေပါတယ်။ အကယ်ဒမီပွဲတက် ဝတ်စုံအတွက် 'ရွှေပိုးအိမ်' ပိုးထည်တိုက်က ဆင်မြန်းပေးမှာပါ။ ဒီဇိုင်နာက ယုံးယုံးပါ။ ဖိနပ်က ရွှေနဂါး။ ကျွန်တော့်ကို ပရိသတ်တွေက အမှတ်ပေးတိုင်း ရင်ခုန်သံတွေ ပိုပိုမြန်လာလို့၊ တော်တော်လေးတောင် စိတ်လှုပ်ရှားနေပါပြီ။

ခင်မို့မို့အေး
အကယ်ဒမီက ဒီနှစ်ထဲမှာ အများနှင့် မသက်ဆိုင်သောသူ အပါအဝင် (၄)ကားလောက်တော့ စာရင်းဝင်ပါတယ်။ အကယ်ဒမီဆုကို လိုချင်ပါတယ်။ မှန်းတော့ မမှန်းရဲဘူး။ (၁ဝ)တန်း စာမေးပွဲ ဖြေသလိုပေါ့နော်။ ရိုးရိုးပဲ အောင်မှာလား။ ဂုဏ်ထူးတွေနဲ့ အောင်မှာလား ဆိုတာ ဖြေလိုက်တဲ့ အဖြေစာရွက်ပေါ်မှာ ဆုံးဖြတ်ပြီး မှန်းလို့ရတယ်လေ။ အကယ်ဒမီဆုကိုတော့ အဲဒီလိုမှန်းလို့ မရနိုင်ဘူးလေ။ ကုသိုလ်ကံနဲ့လည်း ဆိုင်တယ်လေ။ အနုပညာသမား တွေက အများကြီးပဲလေ။ အများကြီးထဲမှာမှ တော်တဲ့သူတွေလည်း အများကြီးပဲလေ။ ယှဉ်ပြိုင်ခြင်းတွေလည်း ရှိတယ်လေ။ ကိုယ့်ရဲ့ကြိုးစားမှုကလည်း လိုသေးတယ်။ အစ်မကတော့ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ လိုအပ်ချက်တွေ ရှိပါတယ်။ ဒီနှစ်အတွက် ကတော့ အားလုံးကလည်း အစ်မကို စေတနာပိုပြီး ရစေချင်ကြတဲ့ အတွက် ကျေးဇူးလည်းတင်ပါတယ်။

ပြေတီဦး
အစ်ကိုက အကယ်ဒမီကို ဒီနှစ်ကတော့ အားပေးဖို့သွားမှာပါ။ ကိုယ့်အနုပညာ မောင်နှမတွေဘယ်သူပဲ ရရပျော်မယ်။ အစ်ကိုကတော့ ကိုခန့်၊ နေတိုး၊ မမို့ပေါ့။ သူတို့လို့ကြားတာပါပဲ။ အစ်ကိုက ကိုဇော် (အရုဏ်ဦး)တို့နဲ့ အုပ်စုလိုက် သွားဖြစ်မယ်။ အကယ်ဒမီ ဆိုတာကတော့ အစ်ကိုတို့လို အနုပညာသမားတွေ အတွက် အောင်မြင်မှုမှတ်တိုင်လို့ပဲ ပစ်မှတ်ထားတယ်။ အစ်ကို့ဝတ်စုံကတော့ ကားရိုက်တွေနဲ့ မအားတာနဲ့ အခုချိန်ထိကို မစီစဉ်ရသေးပါဘူး။ အကယ်ဒမီပွဲကို အနုပညာသမားတိုင်း တက်ရောက်နေကြတာပါပဲ၊ အစ်ကိုလည်း တစ်ချိန်ချိန်တော့ မျှော်လင့်ခွင့်ရမှာပေါ့။ ဒီနှစ်ထဲမှာ 'ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး' တစ်ကားပဲ ရှိပါတယ်။

ခင်လေးနွယ်
အကယ်ဒမီပေးပွဲကို အရင်နှစ်တွေအတိုင်းပဲ တက်မှာပါ။ အဝတ်အစား ကတော့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ပဲ ချုပ်ပေးမှာပါ။ အမျိုးသမီးဇာတ်ဆောင် ဆုက ဘယ်သူရမလဲ မသိပါဘူး။ အမျိုးသားထဲမှာတော့ ကိုခန့်လို့ ပြောနေကြတယ်။ ရလည်း ရစေချင်ပါတယ်။ အကယ်ဒမီပွဲကို ကိုယ့်အစီအစဉ်နဲ့ သွားမှာပါ။ နေပြည်တော်မှာ ဂျာနယ်အတွက် ဓာတ်ပုံရိုက်ပေးဖို့ စီစဉ်ထားတဲ့အတွက် ဝတ်စုံတွေယူသွားမှာပါ။ အကယ်ဒမီဖက်ရှင်ဆိုတာ အများထက် ဆန်းသစ်နေရင် အကောင်းဆုံးပါပဲ။ ခင်လေးတို့အတွက်ကတော့ အဝေးကြီး လိုပါသေးတယ်။

အေးမြတ်သူ
အကယ်ဒမီပွဲကတော့ ဒီနှစ်လည်း တက်မှာပါ။ အဝတ်အစားကတော့ အခုမှစီစဉ်တုန်းပဲ ရှိသေးတယ်။ အကယ်ဒမီပွဲအတွက် ဝတ်စုံကို Traditional ဒီဇိုင်းကိုပဲ ဆန်းသစ်အောင် လုပ်ပြီးဝတ်ချင်တာလေ။ တခြားပွဲတွေကတော့ ဝတ်ချင်တာ ဝတ်လို့ရတယ်။ ဒါပေမယ့် အကယ်ဒမီပွဲကတော့ မြန်မာဆန်ရမယ်။ မြန်မာပုံစံကိုမှ ကိုယ့်ရဲ့ လူငယ်စိတ်ကူးလေးနဲ့ ပေါင်းပြီးတော့ ဝတ်မှာပါ။ ရွှေပိုးအိမ် ပိုးထည်တိုက်က ဆင်မြန်းပေးမှာပါ။ မိတ်ကပ်ကတော့ အန်တီစန်း (ခင်စန်းဝင်း)၊ အဝတ်အစားချုပ်မှာကတော့ အန်တီပေါက် (မိုးကုတ်ပေါက်ပေါက်)ပါ။ ဖိနပ်ကလည်း စပွန်ဆာ ပေးထားတယ်။ ကိုခန့်စည်သူလည်း ရစေချင်တယ်။ 'အများနဲ့ မသက်ဆိုင်သောသူ' ကားမှာပေါ့။ နောက် မမို့(မို့မို့မြင့်အောင်)ကို 'မြင့်မိုရ်ထက်က သရဖူ' ကားမှာ ရစေချင်ပါတယ်။

အကယ်ဒမီရဲအောင်
အစ်ကိုက ဒီနှစ်မှာ 'အကယ်ဒမီရှော့' ရုပ်ရှင်ဇာတ်ကား တစ်ကားပဲ ရှိတာပါ။ အမျိုးသားဇာတ်ပို့ဆု ဆိုတာကလည်း အားလုံးရဲ့ စကားသံတွေပါ။ အဖြေမှန်ကတော့ ဖေဖော်ဝါရီလ (၆)ရက်နေ့မှ သိရမှာပါ။ အစ်ကို့အနေနဲ့ကတော့ ခန့်စည်သူ၊ နေတိုး၊ စိုးမြတ်သူဇာ၊ မို့မို့မြင့်အောင်၊ ထွန်းအိန္ဒြာဗို တို့ကို ရစေချင်တယ်။ အကယ်ဒမီပွဲကို ကိုယ့်အစီအစဉ်နဲ့ သွားမှာပါ။ ကိုယ်ရတဲ့နှစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ပွဲကတော့တက်နေကျပါပဲ။ ကျွန်တော် အကယ်ဒမီ ရခဲ့တဲ့(၁၉၉၃)ခုနစ်နဲ့ ယှဉ်ရင်တော့ အခုခေတ် အကယ်ဒမီက ကျင်းပပုံ ပြောင်းလဲသွားပြီပေါ့။ 'မြစ်တို့၏မာယာ' တုန်းကတော့ အမျိုးသား ဇာတ်ဆောင်ဆုပေါ့။ အခုတော့ အသက်ကြီးသွားပါပြီ။

ထပ်ဆင့်အကယ်ဒမီ ကျောက်ဖြူ (ပဒေသာ)
ဒီနှစ်မှာကျွန်တော်ကတော့ 'မြင့်မိုရ်ထက်က သရဖူ' ရုပ်ရှင်တစ်ကားပဲ ရှိပါတယ်။ ဒီကားထဲမှာတော့ မမို့(မို့မို့မြင့်အောင်)ကို ရစေချင်ပါတယ်။ သူက စရိုက်(၂)မျိုးနဲ့ သရုပ်ဆောင်ထားတာလေ။ တစ်ဖက်ကလည်း အရူးမလို၊ တစ်ဖက်ကလည်း မိခင်ကောင်း တစ်ယောက်လို သရုပ်ဆောင်ခဲ့ရတာလေ။ ဗီလိန်တစ်ယောက် အနေနဲ့ တစ်ဖက်ကို တိုက်ခိုက်ရတာလည်း ရှိတယ်။ မမို့ကို ရစေချင်ပါတယ်။ ကိုယ်ရိုက်ခဲ့တာကလည်း မိခင်ဇာတ်လမ်း ဆိုတော့ ရိုက်ရတာလည်း အားရခဲ့တယ်။ ဂျာနယ်တစ်စောင်မှာတော့ ''တစ်ကားတည်းပဲ ကျောက်ဖြူ(ပဒေသာ)''လို့ ရေးထားတော့ ကိုသန်းညွှန့်ကို အားနာစရာ ကောင်းတာပေါ့။ ဂျာနယ်တွေ၊ မီဒီယာတွေကို စိတ်မဆိုးပါဘူး။ တစ်ခါတလေမှာ သူတစ်ပါးကို ထိခိုက်တာမျိုး မရေးရင်တော့ အကောင်းဆုံးပေါ့။ နေပြည်တော်ကို ရုပ်ရှင်အစည်းအရုံး အစီအစဉ်နဲ့ သွားမှာပါ။

အကယ်ဒမီအိန္ဒြာကျော်ဇင်
ဒီနှစ်အတွက် အကယ်ဒမီ ဝတ်စုံက မရဲ့ အစ်မ မသဲသဲ(VIVID)က စီစဉ်ပေးမှာပါ။ ဝတ်စုံဒီဇိုင်းတော့ မသိရသေးဘူး။ အစ်မက ဘန်ကောက်ကို ဈေးဝယ်ထွက်တုန်းပဲ၊ မိတ်ကပ် အတွက်ကတော့ အန်တီ မေသန်းပဲလိမ်းမှာပေါ့၊ လက်ဝတ်ရတနာ၊ ဖိနပ်ကလည်း အစ်မရဲ့အမေပဲ စီစဉ်ပေးမှာပါပဲ။ ဒီနှစ်အကယ် ဒမီကို အစ်မ ထင်တာကတော့ ကိုခန့်(ခန့်စည်သူ)၊ မမို့(မို့မို့မြင့်အောင်)ပေါ့နော်၊ ဒါပေမယ့် ဘယ်သူပဲရရ ပျော်မယ်၊ အားပေးမယ်၊ အကယ်ဒမီ ဝတ်စုံကတော့ တခြား ပွဲတက်ဝတ်စုံတွေထက် ပိုပြီး ထူးခြားအောင်တော့ ပြင်ဆင်ရတာပါပဲ။ အကယ်ဒမီဆိုတာကို အစ်မ သတ်မှတ် ခံယူထားတာကတော့ အနုပညာသမား၊ သရုပ်ဆောင် ရုပ်ရှင်သမားတွေ အတွက် အောင်မြင်မှုသရဖူလို့ သတ်မှတ်ထားတာပေါ့နော်။ အခုလောလောဆယ် အစ်မက ဦးညီညီထွန်းလွင်နဲ့ ရကြီးရိုက်နေတယ်၊ ရပ်ရှင်ကားနာမည်က ဖလမ်းဖလမ်းဖြစ်တဲ့အချစ်၊ ပြီးတော့ အားလုံးကဟော့မှ ကြိုက်တယ်၊ လက်ကျန်ဖြတ်နေတယ်။ ဒါပြီးရင်တော့ ဦးစင်ရော်မောင်မောင်နဲ့ ပန်းကြာဝတ်မှုံ ကားကြီးရိုက်ဖို့ ရှိတယ်၊ ဦးသိန်းဟန်(ဖီးနစ်)နဲ့ ကားကြီးတစ်ကား ရိုက်ဖို့ရှိတယ်၊ အစ်မက ကိုယ့်အစီအစဉ်နဲ့ပဲ ကိုယ်သွားဖြစ်မှာပါ။ သင်္ဂဟဟိုတယ်မှာပဲ တည်းမယ်။ ပရိသတ်ကြီးကို ပြောချင်တာက အားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီထက်ပိုပြီး အားပေးပါလို့ ပြောချင်ပါတယ်။

အကယ်ဒမီထွန်းအိန္ဒြာဗို
အကယ်ဒမီအတွက် အစ်မကို ပြောနေကြတယ် ဆိုပေမယ့် အမှတ်ပေးဒိုင်လူကြီးတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ညီရင် ရမှာပါ။ ရမယ်လို့ နာမည်ထွက်ပြီး မရခဲ့တဲ့နှစ်တွေရှိသလို မရဘူးထင်ပြီး ရသွားတဲ့နှစ်တွေလည်း ရှိခဲ့တယ်။ ကိုယ့်လက်ထဲ မရောက်မချင်း ဘာမှမသေချာဘူး။ အခုချိန် အကယ်ဒမီရခဲ့ရင် ရင်ခုန်မှာ မဟုတ်တော့ပါဘူး။ အစ်မ နောက်အလုပ်တွေ လျော့လုပ်မယ် ဆိုတာ အကယ်ဒမီရခြင်း မရခြင်းနဲ့ မဆိုင်ပါဘူး။ အစ်မ အစီအစဉ်အတိုင်းပဲ သွားတာပါ။ အရင်နှစ်ကဆို အမျိုးသမီးဆု မပေးခဲ့ဘူး။ အစ်မ တကယ်လို့များ အကယ်ဒမီရခဲ့ရင် ပွဲလုပ်ဖို့ အစီအစဉ်မရှိပါဘူး။

ချစ်သုဝေ
'ငယ်သူမို့မသိပါ' ကားနဲ့ အကယ်ဒမီ အတွက် အမှတ်တွေ ပေးနေကြတယ်။ ပရိသတ်တွေက ချစ်လို့ ပြောနေကြပေမယ့် အလကား ဖောင်းပွနေမှာစိုး တယ်။မခိုင်ကြီး တို့ကိုတော့ ကြားတယ်။ မခိုင်ကြီးတို့ကိုသာ အကယ်ဒမီအတွက် မေးပါ။ Treza ကတော့ အားပေးဖို့ပဲသွားမှာပါ။ ဝတ်စုံအရောင်ကို ငွေရောင်လေးဝတ်ဖို့ စဉ်းစားထားတာပါ။ Treza က အရောင်တောက်တောက်တွေ မကြိုက်ဘူး။ မနှစ်ကလည်း အဖြူရောင်လေးပဲ ဝတ်တာပါ။ ဒီဇိုင်နာက မပုံ့ (My Favourite)ပဲချုပ်မှာပါ။ Treza တက်တဲ့ ပထမဦးဆုံး အကယ်ဒမီပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုကို မပေးတာ ကလည်း မှတ်မှတ်ရရပါပဲ။ ချစ်သုဝေရဲ့ ကံပေါ့လေ။ ဟား .. ဟား .. ဟား။

ထပ်ဆင့်အကယ်ဒမီရန်အောင်
အစ်ကို့ရဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံက နှစ်တိုင်းထူးခြားနေတာလား။ အစ်ကိုက ဖက်ရှင်တွေနဲ့ ဆန်းသစ်ရတာကို ဝါသနာပါလို့ပါ။ မနှစ်ကတုန်းက ပုဆိုးတစ်ထည်လုံး စိန်စီထားတဲ့ ဒီဇိုင်းက မန္တလေးက ဒီဇိုင်နာမျိုးမင်းစိုးရဲ့ အိုင်ဒီယာပါ။ ဒီနှစ်လည်း သူပဲထွင်ပေးမှာပါ။ ကြက်သွေးရောင်ပေါ်မှာ ရွှေချည်ထိုးမယ့် ပုဆိုးဒီဇိုင်းပါ။ တိုက်ပုံနဲ့ ဖိနပ်လည်း ဒီအဆင် ဒီဇိုင်းအတိုင်းပါပဲ။ အစ်ကိုက ခန့်စည်သူတို့နဲ့ အဖွဲ့လိုက် စုသွားကြမှာပါ။ ရွှေဧည့်သည် ဟိုတယ်မှာ တည်းပါမယ်။ ရွှေမန်းရုပ်ရှင်ရုံက ကိုသက်တို့လည်း ပါမယ်လို့ သိရပါတယ်။ ဒီနှစ်ကတော့ ကဝေပျိုရဲ့ပစ္စုပ္ပန်၊ အများနှင့် မသက်ဆိုင်သောသူ၊ အမည်မဖော်လိုသူအချစ်၊ ဟော့ရှော့ ဇာတ်ကားတွေတော့ အကယ်ဒမီ စာရင်းဝင်ပါတယ်။ ဆုကဗျာနှင့် လျှပ်တစ်ပြက် ညီအစ်မများ စုစည်းတင်ဆက်သည်။
လျှပ်တစ်ပြက်မှ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။