မြန်မာနိုင်ငံ ဆေးကောင်စီက ဆုံးဖြတ်ချက် တစ်ရပ် ချမှတ် အဆိုပါ ခွဲစိတ်ကု ဆရာဝန်ကြီးအား ဆေးကုသခွင့် လိုင်စင် (၅)နှစ် ရပ်စဲရန် (De-licensing) ဆုံးဖြတ်၊ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းတစ်ခုတွင် လူနာ မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက် ဤကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ စုံစမ်း စစ်ဆေးခဲ့ပြီး အောက်ပါ အတိုင်း သုံးသပ်၍ ဆုံးဖြတ်ချက်များ ချမှတ်လိုက်သည်။ (၁)ခွဲစိတ်ကုသခဲ့သော ဆရာဝန်ကြီးသည် (က) လုပ်မှား ကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း (Clinical Mistakes) (ခ) လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်မှု အားနည်းခြင်း (Pre-operative and Post-operative Assessment) (ဂ) တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းခြင်း (Responsibility and Accountability)တို့ကို တွေ့ရှိရပါသည်။ သို့ပါ၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ အဆိုပါ ခွဲစိတ်ကုဆရာဝန်ကြီးအား ဆေးကုသခွင့် လိုင်စင် (၅)နှစ်ရပ်စဲရန် (De-licensing) ဆုံးဖြတ်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်အား လူနာရှင်မိသားစု ဘက်သို့လည်း အကြောင်းကြားမည်ဖြစ်ပြီး မည်သည့်အချိန်၌ အကြောင်းကြားမည်ကို ပြောပြခွင့် မရှိကြောင်း ဆေးကောင်စီမှ တာဝန်ရှိသူများက လျှပ်တစ်ပြက် သတင်းဂျာနယ်နှင့်အတူ ပြည်တွင်းမီဒီယာ အချို့အား ပြောကြားခဲ့သည်။ မခိုင်ရွှန်းလဲ့ရည်အား ဆေးကုသပေးခဲ့သည့် အထူးကုဆေးခန်းနှင့် အထူးကုဆရာဝန်ကြီးတို့၏ ဆေးကုသမှုမှတ်တမ်းကို မြန်မာနိုင်ငံ ဆေးကောင်စီအဖွဲ့က နိုဝင်ဘာ (၂၆)ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ခဲ့ပြီး ရှေးဦးစုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် နိုဝင်ဘာ(၂၈)ရက်၊ မွန်းလွဲ (၁)နာရီတွင် မခိုင်ရွှန်းလဲ့ရည်၏ မိဘများအား ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြပြီး ၄င်းနောက် နိုဝင်ဘာ (၂၉)ရက်နေ့တွင် ၄င်းအထူးကုဆေးခန်းမှ တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆေးကောင်စီ၏ သတင်းထုတ်ပြန်မှုကို ရန်ကုန်အခြေစိုက် သတင်းဂျာနယ်(၅)စောင်ထံ တရားဝင်ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း ဥက္ကဋ္ဌထံသို့လည်း လျှပ်တစ်ပြက် သတင်းဂျာနယ် အယ်ဒီတာချုပ်မှ တစ်ဆင့် ပေးပိုခဲ့ကြောင်း သိရသည်။
လျှက်တစ်ပြက်မှ .... ကူးယူတင်ပြပါသည်။