Home » , , » တရားမဝင် မြန်မာများကို အထောက်အထား ထုတ်ပေးရန် အထူးအဖွဲ့စေလွှတ်

တရားမဝင် မြန်မာများကို အထောက်အထား ထုတ်ပေးရန် အထူးအဖွဲ့စေလွှတ်

Written By မောင်စေတနာ on Friday, December 20, 2013 | 1:10:00 PM



မလေးရှားနိုင်ငံရောက် တရားမဝင် လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးသည့် 6P အစီအစဉ်တွင် အထောက်အထား မရှိခဲ့သည့် မြန်မာလုပ်သား ၃၀၀၀၀ ဝန်းကျင်ကို အထောက်အထား ထုတ်ပေးရန် အထူးအဖွဲ့တစ်ဖွဲ့ကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မလေးရှား နိုင်ငံသို့ စေလွှတ်လိုက်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ 

အဆိုပါ အထူးအဖွဲ့တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အရာရှိ စုစုပေါင်း ၁၂ ဦး ပါဝင်ကြောင်း ၎င်းကဆိုသည်။ 

6P (တရားမဝင် လုပ်သားများကို တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့်) အစီအစဉ်တွင် မှတ်ပုံ တင်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အထောက်အထား မရရှိခဲ့သူများကို မြန်မာအစိုးရက နိုင်ငံကူး လက်မှတ်နှင့် အလုပ်လုပ်ခွင့်များ ရရှိအောင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

မလေးရှားနိုင်ငံရောက် တရားမဝင် လုပ်သားများကို ၂၀၁၁ ခုနှစ် သြဂုတ်လမှ စတင်ကာ ၂၀၁၂ ခုနှစ် ဧပြီလအထိ 6P အစီအစဉ်ဖြင့် တရားဝင် အထောက်အထားများ ထုတ်ပေး ခဲ့သော်လည်း ပါမစ် (တရားဝင် နေထိုင် လုပ်ကိုင်ခွင့်) မရရှိခဲ့သူများကို ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအထိ သုံးလကြာ ပြန်လည် လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။ 

6P အစီအစဉ်တွင် ပွဲစားများ လိမ်လည်မှု၊ သံရုံး လုပ်ငန်းစဉ်များ ကြန့်ကြာမှု အပါအဝင် အခက်အခဲ အမျိုးမျိုးကြောင့် လုပ်သား အများစု အထောက်အထား မရရှိခြင်း ဖြစ်ကြောင်း မလေးရှား နိုင်ငံရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။ မလေးရှား နိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမား တစ်သိန်းခွဲကို 6P အစီအစဉ်အရ နိုင်ငံကူးလက်မှတ် ထုတ်ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ လုပ်သားများ အများဆုံး ဖြစ်ပြီး မြန်မာသည် တရားမဝင် လုပ်သား တတိယ အများဆုံး ဖြစ်ကြောင်း၊ မြန်မာလုပ်သား ၂၅၇,၀၀၀ ရှိ သည့်အနက် ၁၁၃,၀၀၀ မှာ တရားဝင် လုပ်သားများ ဖြစ်ကြောင်း မလေးရှား အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။ 

Credit ; The Voice Weekly 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။