
ကြော်ငြာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည် ။
ကြော်ငြာချက်
_________
မလေးရှားနိုင်ငံတွင် ပြည်ပနိုင်ငံများမှ လာရောက် လုပ်ကိုင်လျှက်ရှိကြသည့် တရားမဝင်ရွေ့ပြောင်း အလုပ်သမားများ နှင့်ပတ်သက်၍ မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနမှ ယခင် 2011 သြဂုတ်လမှ 2012 ခုနှစ် ဧပရယ်လအထိ ဆောင်ရွက် ပေးခဲ့သည့် 6P အစီအစဉ်တွင် မှတ်ပုံတင်ထားသော သူများမှ ပါမစ်မရရှိခဲ့သူများ အတွက် အလုပ်ပါမစ် လျှောက်ထားခွင့်ပြုမည့် အစီအစဉ်ကို 2013 ခုနှစ် အောက် တိုဘာလ 21 ရက်နေ့မှ 2014 ဇန်နဝါရီလ 20 ရက်နေ့အထိ 3 လတိတိဆောင်ရွက်ပေးမည်ဖြစ်သည် ။
အဆိုပါအစီအစဉ်အရ ယခုမှ လာရောက် လျှောက်ထားသူ (New Applicant) များ အားလက်ခံဆောင်ရွက်ပေးခြင်းမဟုတ်ပဲ ယခင် 6P ကာလအတွင်း မှတ်ပုံတင် (Register) လုပ်ထားသူများကိုသာ လက်ခံဆောင်ရွက် ပေးမည်ဖြစ်ပါသည် ။နိုင်ငံကူးလက်မှတ် များလက်ဝယ်ရှိထား သူများအနေဖြင့် သံရုံးသို့ လာရောက်ပြီး ဆောင်ရွက်စရာမလိုပဲ အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် ပူထရာဂျာရာမြို့ရှိ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ၊ Block D9 , 4th Floor သို့အလုပ်ရှင်/သူဌေးတို့နှင့်အတူ သွားရောက်လျှောက်ထားနိုင်ပါသည် ။
- 6P အစီအစဉ်ဖြင့်မလေးရှား လူဝင်မှုကြီးကြပ်ရေး၌ မှတ်ပုံတင်ထားသည့် 6P Slip
- အလုပ်ရှင်မှ ပါမစ်အတွက်အလိမ်ခံရကြောင်း အလုပ်သမား၏ ဖြစ်စဉ်အား ရဲသို့တိုင်ကြားထားသော စာ
- အလုပ်ရှင်၏ အာမခံချက်
- နိုင်ငံကူးလက်မှတ် (မူရင်း)
မြန်မာသံရုံး၌ ငွေသွင်း၍ ယာယီစာရွက်စာတမ်းများ ကိုင်ဆောင်ထားပြီး နိုင်ငံကူးလက်မှတ် မထုတ်ရသေးသူများ အနေဖြင့် ယာယီစာရွက်စာတမ်းမူရင်း အားတင်ပြ၍ သရုံး၌ နိုင်ငံကူးလက်မှတ် လာရောက်ထုတ်ယူပြီး အထက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသို့ အလုပ်ရှင်/သူဌေး နှင့်အတူ သွားရောက်လျှောက်ထားနိုင်သည် ။
သတိပြုရမည်မှာ မြန်မာ နှင့် မလေးရှား အစိုးရတို့အကြား တရားမဝင် အလုပ်သမားများအား တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည့် အထူး အစီအစဉ်မှာ သီးသန့်ဖြစ်ပြီး လက်ရှိ အခြေအနေအရ ညှိနှိုင်းနေဆဲဖြစ်ပါသည် ။ ယင်း အစီအစဉ်ပြုလုပ်မည့် ကိစ္စ နှင့်ပတ်သက်၍ ထပ်မံကြော်ငြာသွားမည်ဖြစ်သည်။
ယခင် 2011 - 2012 ခုနှစ်များအတွင်း ဆောင်ရွက်ပေးသည့် 6P အစီအစဉ်တွင် ပွဲစား/ အေးဂျင့် / အေးဂျင့်ကုမ္မဏီအချို့၏ လိမ်လည်မှု ၊ အမြတ်ထုတ်မှု ၊ ခေါင်းပုံဖြတ်မှုများ ရှိခဲ့ခြင်းကြောင့် ယခုအကြိမ်၌ အလုပ်ပါမစ် မရရှိသေးသော သက်တမ်းရှိနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသည့် မြန်မာ အလုပ်သမားများသည် ၎င်းတို့ကိုယ်စား အလုပ်ရှင်က ပူထရာဂျာရာရှိ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန One - Stop - Center တွင် သွားရောက် လျှောက်ထားရမည်ကို သတိပြုနိုင်ရန် အသိပေးကြေညာအပ်ပါသည်။
2011 ခုနှစ်တွင် 6P အစီအစဉ်ဖြင့် ထုတ်ပေးထားသည့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများသည် အလုပ်ပါမစ် ကပ်ရန်အတွက် မိမိတို့လက်ဝယ် ရှိ မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းကုန်ခါနီး ဖြစ်နေပါက သံရုံးသို့ ကိုယ်တိုင် လာရောက်စုံစမ်း လျှောက် ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။
ယခင် 6P တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၌ လက်ဗွေနှိပ်၍ မှတ်ပုံတင်ထားပြီး 6P Slip ရရှိထားသူများသည် မြန်မာသံရုံး ၊ ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထား ရယူခဲ့ခြင်းမရှိသေးပါက သံရုံးသို့ ကိုယ်တိုင် လာရောက် လျှောက်ထား နိုင်ပါကြောင်း အသိပေး အပ်ပါသည် ။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံရုံး
ကွာလာလမ်ပူမြို့ ၊ မလေးရှားနိုင်ငံ ။
ရက်စွဲ ၊ 2013 အောက်တိုဘာလ 19 ရက်
Source by : မလေးရှားရောက်မြန်မာများ
www.facebook.com/mmrinmy
0 comments:
Post a Comment