Home » , » မေလ ၂၅ မှ ဇူလိုင် ၉ ရက်အထိ မလေးရှားနိုင်ငံမှ ရောက်ရှိလာသူ ၇၃၄၂ ဦးရှိလာ

မေလ ၂၅ မှ ဇူလိုင် ၉ ရက်အထိ မလေးရှားနိုင်ငံမှ ရောက်ရှိလာသူ ၇၃၄၂ ဦးရှိလာ

Written By မောင်စေတနာ on Wednesday, July 17, 2013 | 9:21:00 AM

 

၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇူလိုင် ၉ ရက်အထိ တစ်လကျော် ကာလအတွင်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ စုစုပေါင်း ၇၃၄၂ ဦးရှိပြီး ထိုသူများထဲတွင် CI မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားဖြင့် ရောက်ရှိလာသူ ၈၄၈ ဦး ပါဝင်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သီဟ၏ ပြောကြားချက်အရ သိရသည်။ 

 ''မေ ၂၅ ရက်ကနေ ဇူလိုင် ၉ ရက်အထိ မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာသူ စုစုပေါင်း ၇၃၄၂ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ CI နဲ့ ရောက်လာသူက ၈၄၈ ဦးပါ'' ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှုကြီး ကြပ်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သီဟက ပြောကြားခဲ့သည်။ 

၂၀၁၃ ခုနှစ် မေ ၃၀ ရက်မှ ဇွန်လ ပထမ အပတ်အတွင်း မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံသား အချို့ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI မှလည်း ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်၏ လေယာဉ်လက်မှတ် ဈေးနှုန်းအား ထက်ဝက် လျှော့ချပေးခဲ့သည်။ ယင်းပြင် Air Bagan, Asian Wings နှင့် ရွှေမြန်မာ လေကြောင်းလိုင်း များမှလည်း ယင်းတို့ ပြေးဆွဲနေသည့် မြို့များသို့ ပြန်လိုသည့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက် ရှိလာသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ ပြန်လိုပါက အခမဲ့ စီးနင်းခွင့် ပေးခဲ့သည်။ 

မလေးရှား နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမား ခုနစ်သိန်းကျော်ရှိပြီး တရားဝင် မှတ်ပုံတင်ဖြင့် သွားရောက် လုပ်ကိုင်နေသူ သုံးသိန်းသုံးသောင်း ကျော်ရှိကြောင်း သိရသည်။ ယင်းပြင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးဖြင့် တရားမ၀င်နေထိုင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးမှ ထုတ်ပေးသည့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား ရှိရုံမျဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။ 

''မလေးရှားမှာ ရောက်နေတဲ့ နိုင်ငံကူးလက်မှတ် မရှိတဲ့ မြန်မာ နိုင်ငံသားတွေ အနေနဲ့ မြန်မာသံရုံးကို သတင်းပို့ဆက်သွယ်ပြီး မြန်မာနိုင်ငံကို ပြန်လာလို့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုအရေးယူမှု မျိုးမှ လုပ်မှာ မဟုတ်ပါဘူး။ ကြားခံပွဲစားတွေ စကားကိုယုံပြီး ပတ်စ်ပို့အတုနဲ့ ပြန်လာရင်သာ ထောင်ဒဏ်ခြောက် လကနေငါးနှစ်အထိ ကျခံရမှာဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ 

Source by : Eleven Media Group
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။