
၁၀-၆-၂၀၁၃ ည ၉ နာရီ မလေးရှား အွန်လိုင်း ရေဒီယိုနှင့် First media group အမှုဆောင် အရာရှိချုပ် အယ်ဒီတာချုပ် ဦးအောင်စိုးသူနှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး အစီအစဉ်
မလေးရှား ရေဒီယို ။ ။ ဆရာရေ ဒီကနေ့ အင်တာနက်ကွန်ရက်တွေ မှာ သတင်းတွေထွက်လာတယ်။ ဆရာရယ်၊ သတင်းထောက်ထူးသစ် ရယ်ကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နဲ့ စီရင်ချက် ချတယ်။ ထောင် ၆ လ (သို့မဟုတ်) ဒဏ်ငွေသုံးသောင်းလို့ သိရတယ်။ အဲဒီအပေါ်မှာ မူလ သတင်းဖြစ်စဉ်လေး ကိုပါ သိပါရစေ ဆရာ။
အောင်စိုးသူ။ ။ ၂၅-၅-၂၀၁၂ နေ့ထုတ် ကျွန်တော် တာဝန်ယူ စီစဉ် တည်းဖြတ်တဲ့ The First Weekly ဂျာနယ်မှာ သတင်းထောက် ထူးသစ်ရဲ့ “ဒလ ဆိပ်ကမ်း၌ ယာဉ်ရပ်နားခများတိုးမြှင့်ကောက်ခံခြင်းအား ကားသမား အများစု မကျေနပ်” ဆိုတဲ့ သတင်းတစ်ပုဒ်ကိုဖော်ပြခဲ့ပါတယ်။ ဒီသတင်း ဖော်ပြတဲ့ဖြစ်စဉ်မှာ လည်း အရင်ဘဏ္ဍာရေးနှစ်တွေက အဲဒီဒလဆိပ်ကမ်း ယာဉ်ရပ်နားစခန်းမှာ တစ်နေ့လုံး ယာဉ်ရပ်နားမှ ၁၀၀ ကျပ်ပဲ ကောက်ပါ တယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ အဲဒီဆိပ်ကမ်း ယာဉ် ရပ်နားစခန်း လေလံအောင်မြင်သူက တစ်နာရီ ၂၀၀ ကျပ်နှုန်း ကောက် တဲ့အပေါ် ဒေသခံကားသမားတွေရော၊ ဆိုက်ကယ်ကယ်ရီတွေရော၊ ဆိုက် ကားတွေရော၊ ဈေးသည်တွေရော မကျေမနပ်ဖြစ်ပြီး ယမန်နှစ်ကထက် ယာဉ်ရပ်နားခ တိုးမြှင့်လာတဲ့အပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြော ကြားတဲ့သတင်း အချက်အလက်အထောက်အထားအတိအကျနဲ့ ကျွန်တော် ဖော်ပြခဲ့ရာက အခုလို ပုဒ်မ ၅၀၀ နဲ့ ရုံးတော်ကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မလေးရှားရေဒီယို ။ ။ ဆရာတို့ကို ပုဒ်မ ၅၀၀ နဲ့တရားစွဲတဲ့ လေလံ အောင်မြင်သူက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုလ၀ကမှူးဖြစ်တယ်ဆိုတာရော ဟုတ်သလား။
အောင်စိုးသူ ။ ။ ဟုတ်ပါတယ်။ တရားရုံးမှာ တစ်နှစ်နီးပါးအစစ်ခံတဲ့ နေရာမှာ သူဟာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဒုလ၀ကမှူးတစ်ယောက်ဖြစ်တယ်လို့ ထွက်ဆိုတာကိုကြားရပါတယ်။
မလေးရှား ရေဒီယို ။ ။ အဲဒီ သတင်းအပေါ်မှာ ဘယ်လိုကြောင့် ပုဒ်မ ၅၀၀ တပ်ပြီး တရားစွဲဆိုတာလဲဆိုတာ သိပါရစေ။
အောင်စိုးသူ ။ ။ ကျွန်တော်တို့ သတင်းထောက်ထူးသစ်က အဲဒီသတင်းကို ကွင်းဆင်း စစ်ဆေးပြီး ရေးသားရာမှာ ယခုဘဏ္ဍာနှစ် အတွင်း လေလံ အောင်မြင်သူဟာ မိမိဖြစ်ကြောင်း၊ အမည်နာမ၊ လိပ်စာ၊ မှတ်ပုံတင်အမှတ် အတိအကျနဲ့ ယာဉ်မောင်းများထံ တရားဝင်ကြေညာ လက်ကမ်းထားတဲ့ အတွက် သူ့အမည်ကို အတိအကျထည့် ရေးလိုက်တဲ့အတွက် သူ့ရဲ့ခွင့် ပြုချက်မရှိဘဲ ရေးတယ်ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ရုံးကိုဦးတိုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှား ရေဒီယို ။ ။ ဒါဆိုဆရာရယ်။ နိုင်ငံတကာ မီဒီယာကျင့်ဝတ်မှာရော သတင်းတစ်ပုဒ်ကို သတင်းသမားတစ်ယောက်အနေနဲ့ ရေးသားတော့မယ် ဆိုရင် “ဘ” ခြောက်လုံးညီရမယ်လို့ ကျွန်တော်တို့ သိရပါတယ်။ (၁) ဘယ်သူ၊ (၂) ဘယ်အချိန်၊ ဘယ်တုန်းက (၃) ဘယ်နေရာ၊ (၄) ဘာ ကြောင့်၊အဘယ်ကြောင့်၊ (၅) ဘယ်ပုံ၊ ဘယ်ပုံဘယ်နည်း၊ (၆) ဘာဖြစ် သွားတယ်ဆိုတာကို အတိအကျရေးသားဖော်ပြမှသာ သတင်းဖြစ်တယ်။ သတင်းကျင့်ဝတ်နဲ့ညီတယ်လို့ မှတ်သားဖူးပါတယ်။ အခုဒီအတိုင်းဆို မြန်မာနိုင်ငံရဲ့ မီဒီယာ လမ်းကြောင်းမှာ ဘယ်သူဆိုတဲ့ “ဘ”တစ်လုံးပြုတ် သွားတော့မယ့် သဘောမျိုးဖြစ် မသွားနိုင် ဘူးလားဆရာ။
အောင်စိုးသူ။ ။ ယူဆလို့ရတာပေါ့။ ဒါတောင် ကျွန်တော်တို့ မြန်မာ ပြည်တွင်းက မီဒီယာတွေ အနေနဲ့ အထူးဂရုစိုက်ကြပါတယ်။ နိုင်ငံရဲ့ ဖြစ်ထွန်းပြောင်းလဲလာတဲ့အခြေအနေတွေကို မီဒီယာသမားစစ်စစ်စိတ် ဓာတ်နဲ့ ကာသင့်တာကာ။ ဖာသင့်တာဖာ။ ထေးသင့်တာထေးပြီး အတတ် နိုင်ဆုံး တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်ကို အရင်းခံပြီးရပ်တည်နေကြတာပါ။ ပြီးတော့နိုင်ငံတော် သမ္မတကြီးကလည်း တရားဝင်ပြောခဲ့ပြီးပါပြီ။
ကျွန်တော် တို့ ပြည်တွင်းမီဒီယာ တွေဟာ နိုင်ငံရဲ့စတုတ်္ထမဏ္ဍိုင်ဖြစ်တယ်။ ဒီတော့ စတုတ်္ထမဏ္ဍိုင်ပီပီ ဟန်ချက်ညီညီရွေ့လျားဖို့ အောက်ခြေလူထုလူတန်းစား တွေရဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်မယ့် အရာတွေမှန်သမျှကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရေးသားတင်ပြကြဖို့ တဖွဖွပြောကြားလေ့ရှိပါတယ်။ ဒီဖြစ်စဉ် မှာလည်း ကျွန်တော်တို့ဟာ ရိုးသားသန့်စင်သော စိတ်ထားနဲ့သစ်္စာဆိုပြီး ပြောရဲတယ်။ အဲဒီအချိန် ဒလပြည်သူတွေဟာ သူများရေလာလှူမှ ရေ သောက်ရတဲ့ အချိန်ဖြစ်တယ်။ နှစ်အချက်က အဲဒီအချိန် ရန်ကုန်မြို့ထဲမှာ တောင် ယာဉ်ရပ်နားခကို သီးသီးသန့်သန့်အနေနဲ့ တစ်နာရီ ၂၀၀ နှုန်း ကျယ်ကျယ်ပြန့်ပြန့် မကောက်သေးပါဘူး။
ရန်ကုန်တစ်ဖက်ကမ်း မြို့နယ် လေးတစ်ခုမှာ အခုလိုနှုန်းနဲ့ ကောက်တော့ ဒေသခံယာဉ်မောင်းတွေနဲ့ရော၊ ဆိုင်ကယ်၊ ဆိုက်ကား၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်အထိ မကျေနပ်ချက် တွေ ဖြစ်လာတယ်။ နောက်ဆုံး ဆန်္ဒပြကြမယ် အထိဖြစ်လာတယ်။
စတုတ်္ထ မဏ္ဍိုင်ပီသစွာ ကျွန်တော်တို့က နိုင်ငံတော်အကြီးအကဲတွေ အနေနဲ့ နိုင်ငံတော်ကြီးတိုးတက်ပြောင်းလဲအောင် ဆောင်ရွက်နေချိန်မှာ ဟိုအနားက ဆူလိုက်ပွက်လိုက်၊ ဒီအနားက ဆန်္ဒပြလိုက်ဆိုရင် လက်ရှိအပြောင်းအလဲ တွေဟာ ကြန့်ကြာသွားနိုင်တာမို့ ဆန်္ဒတော့မပြကြပါနဲ့။ ဒီသတင်းကို ကျွန်တော်တို့ အထက်လူကြီး အဆင့်ဆင့်သိရှိပြီး အကောင်းဆုံး အဖြေတစ်ခု ရှာနိုင်ရန် ဖော်ပြပေးပါ့မယ်လို့ဆုံးဖြတ်ပြီး ဖော်ပြခဲ့တာပါ။ ဒီနေရာမှာလည်း တစ်ခုရှိပါတယ်။ အဲဒီအချိန်ဟာ ကျွန်တော်တို့မြန်မာစာပေလောကမှာ မီဒီယာလွတ်လပ်ခွင့် မပေးသေးပါဘူး။ အကန့်အသတ်နဲ့ပေးတဲ့ကာလပါ။
အထူးသဖြင့် သတင်းဂျာနယ်တွေကို စာပေစိစစ်ရေးက စိစစ်ပြီး အများ ပြည်သူ အကျိုးအတွက် ဖော်ပြသင့်သည့်သတင်းဟုယူဆပြီး သက်ဆိုင်ရာ စာပေစိစစ် ရေးဌာနကခွင့်ပြုလို့ အဲဒီဒလ ဆိပ်ကမ်းယာဉ်ရပ်နားခ တိုးမြှင့် ကောက်ခံသတင်းကို “ဘ” ခြောက်လုံးနဲ့ ညီညွတ်စွာ၊ ရိုးသားစွာဖော်ပြ ခဲ့ခြင်းဖြစ်ပါတယ်။ အော်...မေ့လို့။ ကျွန်တော်တို့ကို နှစ်မှုစွဲထားတာ ပါ။ နောက်တစ်မှုက သိန်း ၂၀၀ လျော်ကြေးရလိုမှုနဲ့ အဲဒီလေလံအောင်မြင် သူကပဲ တရားစွဲဆိုထားပါတယ်။ တစ်မှုကတော့ စီရင်ချက်ချပြီးသွားပြီ။ သိန်း ၂၀၀ လျော်ကြေးရလိုမှုကို ကျွန်တော်တို့ ဆက်ပြီးရင်ဆိုင်ရဦးမယ်။
မလေးရှား ရေဒီယို။ ။ ဆရာတို့ မီဒီယာအပေါ် အခုလို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ ဟိုတလောက ပြည်သူ့ရဲတပ်ဖွဲ့ကို အသရေပျက်အောင် စွပ်စွဲပြောဆိုတယ်လို့ ပုဒ်မတပ်ပြီးချမှတ်တဲ့ ပြစ်ဒဏ်ထက်တောင် သိသိ သာသာပို နေတာတဲ့အပေါ် ဆရာဘယ်လို ခံစားရပါသလဲ။
အောင်စိုးသူ။ ။ ကိုနေမျိုးဇင်ကို ချမှတ်တဲ့စီရင်ချက်အမိန့်က ဒဏ်ငွေနှစ် သောင်း၊ မဆောင်က ထောင် ၃ လပဲအမိန့်ချတာဆိုတော့ လူထုရဲ့ဝန်ထုပ် ၀န်ပိုးကို ဖြေလျော့ပါစေဆိုပြီးရပ်တည်ဖော်ပြခဲ့တဲ့ ဒီသတင်းတစ်ပုဒ်အတွက် ထောင်ဒဏ် ၆ လ(သို့) ငွေဒဏ်သုံးသောင်းဆိုတော့ တော်တော်ပြင်းထန်တဲ့ စီရင်ချက်လို့တော့ ခံစားရပါတယ်။
အရမ်းလည်း စိတ်မကောင်းဖြစ်မိ တယ်။ စတုတ်္ထမဏ္ဍိုင်ပီသစွာရပ်တည်ရင်း တိုင်းပြည်နဲ့ လူမျိုးတိုးတက်ဖို့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်တံ့ခိုင်မြဲဖို့ တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ် ပြင်းထန်တဲ့ ကျွန်တော်တို့မီဒီယာတွေကိုဆုပေးလိုက်တာလားလို့တောင် တွေးမိပါတယ်။ တရားစီရင်ရေး အပေါ်မှာတော့ ကျွန်တော် ဘာမှမှတ်ချက် မပေးလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မီဒီယာလောကမှာ ဒီလိုပုဒ်မ ၅၀၀နဲ့ တရားစွဲခံထားရတဲ့ သတင်းဂျာနယ်တွေ အများကြီးရှိတယ်။ ကျွန်တော် တို့ရဲ့ဖြစ်စဉ်အပေါ် စီရင်ထုံးတစ်ခု အနေနဲ့ အခြားအခြားသော ဂျာနယ်မီဒီယာ တွေကို ဒီလိုအမိန့်တွေချ သွားနိုင်သလားဆိုတဲ့အတွေးမျိုးနဲ့ စိတ်မကောင်း တော့ ဖြစ်မိပါတယ်။
မလေးရှားရေဒီယို။ ။ ဆရာတို့ မြန်မာပြည်တွင်းမှာ မီဒီယာသမားတွေ ကို ကာကွယ်စောင့်ရှောက်မယ့် အဖွဲ့အစည်းတွေကရော ဆရာတို့အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပေးသလဲ။
အောင်စိုးသူ။ ။ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီကတော့ ကြေညာချက်တွေ ထုတ်ပြန်သွားမယ်လို့တော့ ကြားရပါတယ်။ သူတို့ရဲ့ တစ်ဦးချင်းမှတ်ချက် တွေကိုလည်း ကျွန်တော်တို့ဆီကိုပေးပို့ထားပါတယ်။
မလေးရှားရေဒီယို။ ။ ဆရာတို့ အယူခံတက်ဖို့ရော စဉ်းစားထားပါသလား။
အောင်စိုးသူ။ ။ လက်ရှိ တရားစီရင်တဲ့စနစ်ပုံစံအပေါ် ကျွန်တော်အသေး စိတ်လေ့လာနေပါတယ်။ အမှန်အတိုင်းဝန်ခံရရင် အယူခံတက်ရင်ရော ကျွန်တော်တို့အမှုဟာ အနိုင်ရဖို့ထက် ရှုံးဖို့များနေတဲ့ပုံစံမျိုးကို လေ့လာ တွေ့ရှိရတော့ ကျွန်တော့်ရှေ့နေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ဖြစ်မှာပါ။
မလေးရှား ရေဒီ ယို။ ။ စီရင်ချက် အမိန့်ထဲမှာ သတိထားမိတဲ့ အချက် တစ်ခု လောက်ရှိရင် ပြောပြပါလားဆရာ။
အောင်စိုးသူ။ ။ ကျွန်တော့် အသိစိတ်ကို ဒီကနေ့အထိမေးခွန်းတွေ မေးနေ တဲ့ စီရင်ချက်ထဲက စာသားအချို့ကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းထောက်က အဲဒီသတင်းကို ရေးသားတဲ့ နေရာမှာ စာအစုံမဖတ်ဘူး။ ဒီသတင်းကို မရေးသားခင် တစ်ပတ်အလိုကတည်း က မြို့တော်စည်ပင် သတင်းစာမှာ တစ်နာရီ ၂၀၀ နှုန်းကောက်ဖို့ အမိန့် ထုတ်ကြေညာချက်ကို မဖတ်ဘဲ သတင်းကို အခုလို တစ်နာရီ ၂၀၀ နှုန်း တိုးမြှင့် ကောက်ခံလို့ ရေးသားလိုက်တဲ့အတွက် လေလံအောင်မြင်သူ ဒေါ်သစ်သစ်ဆွေရဲ့ဂုဏ်သိက်္ခာကိုထိခိုက်ကြောင်း ပြစ်မှု
ထင်ရှားတဲ့အတွက် လို့ဖတ်ကြားသွားတာကို ကျွန်တော် သတိထားလိုက်မိပါတယ်။
ကျွန်တော် တို့ သတင်းရဲ့ဆိုလိုရင်းက ယမန်နှစ်က တစ်နေ့လုံးယာဉ်ရပ်နားမှ ၁၀၀ ပဲ ကောက်ခံနေရာကနေ ယခုဘဏ္ဍာနှစ်ကျမှ တစ်နာရီ ၂၀၀ နှုန်း တိုးမြှင့် ကောက်ခံလာတဲ့ အပေါ် ကားသမားအများစု မကျေနပ်လို့သာ ရေးထား တာပါ။ တစ်နာရီ ၂၀၀ ကျပ်နှုန်းကောက်ခံမှုအပေါ် ရေးသားထားခြင်း မဟုတ်ကြောင်း သတင်းကို သေသေချာချာ ဖတ်ကြည့်ရင်သိပါတယ်။
မလေးရှား ရေဒီယို ။ ။ အခုလို ပြည့်ပြည့်စုံစုံ လေးဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါပဲ ဆရာ။
အောင်စိုးသူ။ ။ ကျေးဇူးပါပဲ။
Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment