Home » , » အကယ်ဒမီ လူရွှင်တော်မော့စ် ကွယ်လွန်

အကယ်ဒမီ လူရွှင်တော်မော့စ် ကွယ်လွန်

Written By မောင်စေတနာ on Wednesday, February 13, 2013 | 3:32:00 PM

 

ဟာသသရုပ်ဆောင်လူရွှင်တော် မော့စ်သည် ယနေ့ (ဖေဖော်ဝါရီ ၁၃) နံနက် ၄ နာရီ မိနစ်၂၀ တွင် ရန်ကုန်မြို့၊ SSC ဆေးရုံ၌ ကွယ်လွန် သွားကြောင်း ၎င်း၏ သားငယ်က ပြောသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ် ရှိပြီဖြစ်သည့် ဟာသသရုပ်ဆောင် မော့စ်သည် အသည်းရောဂါဝေဒနာကို ခံစားနေရခြင်းကြောင့် လွန်ခဲ့သည့် ၂နှစ်ခန့်ကတည်းက အနုပညာလုပ်ငန်းများမှလုံးဝအနားယူခဲ့ရသည်။ 

သို့ သော် ယခုကွယ်လွန်ခြင်းမှာ အဆုတ်ထဲ ရေ၀င်ရာမှ အသက်ရှူမ၀ဖြစ်ကာ ရုတ်တရက် ကျန်းမာရေး အခြေအနေဆိုးရွားသွား ခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ သားငယ်ကပြောသည်။ ဆေးကုသမှု ခံယူနေစဉ် “ထာဝရ အလင်းတန်းများ” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ ဆုကိုရရှိခဲ့ပြီး နှစ်လနီးပါး အကြာတွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။

 “မနေ့က ရုတ်တရက်ကြီး အသက်ရှူမ၀သလိုဖြစ်လာလို့ ဆေးရုံတင် လိုက်တာ။ အဆုတ်ထဲ ရေ၀င်နေတာလို့ သိရတယ်။ ဆုံးတာကတော့ အဆုတ်ကြောင့်ပါ” ဟု ၎င်း၏ သားငယ်က ပြောသည်။ အကယ်ဒမီဆုရရှိပြီး ရက်ပိုင်းကလည်း ကွယ်လွန်သည့်သတင်းများထွက်ပေါ်ခဲ့ပြီး “မော့စ်မသေသေးပါဘူး။ အိမ်မှာ အေးအေးဆေးဆေးပါပဲ” ဟု အဆိုပါ ကောလာဟလသတင်းများကို ယင်းအချိန်က ဖြေကြားခဲ့သည်။ 

အကယ်ဒမီဆုရရှိခြင်း အထိမ်းအမှတ်ဧည့်ခံပွဲကို ဇန်န၀ါရီလလယ်ပိုင်းက ကျင်းပသည့်သတင်းများဖြင့် ပရိသတ်ရှေ့မှောက်ရောက်ရှိခဲ့ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။ စွယ်စုံရဟာသ သရုပ်ဆောင် မော့စ်ကွယ် လွန်ခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စွယ်စုံစွမ်း ဆောင်ရည်ပြည့်ဝတဲ့ အနုပညာရှင် လောကသားတစ်ဦး ဆုံးရှုံးတာဟာ ရုပ်ရှင်လောက အတွက် အစားထိုး မရတဲ့ဆုံးရှုံးမှုပါ။ 

ကျွန်တော့်ရဲ့ပုဂ္ဂလိက ခံစားချက်အရဆိုရင်တော့ ကိုယ့်ညီအစ်ကိုရင်းဆွေးမျိုးရင်းတစ်ယောက် ဆုံးသွားသလို ခံစားရတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက်က ဂျပန်ကမြန်မာသံရုံးမှာ ပြဇာတ်ကတော့ ပြဇာတ်ပြက်လုံးခွင်တွေကအစ ညီအစ်ကိုစိတ်ဓာတ်နဲ့ သူများနိုင်ငံမှာ ကျွန်တော့်ကို ကူညီပေးခဲ့တာ ဘယ်တော့မှ မမေ့နိုင်တဲ့ သူနဲ့ပတ်သက်တဲ့အမှတ်တရပါ” ဟု ပြောသည်။ “ကျွန်တော်တို့တိုက်က ဇာတ်ကားနဲ့ အကယ်ဒမီရသွားတဲ့ ကိုမော့စ်အတွက်တော့ အမှတ်တရတစ်ခုပေါ့နော်။

 တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ၀မ်းနည်းမိတယ်” ဟု မန္တလေးရှိ ရီမြင့် ရုပ်ရှင်ထုတ်လုပ် ရေးပိုင်ရှင် ဦးဇော်မြင့်ကပြောသည်။ ၁၉၈၀ ကျော်နှစ်များတွင် မိုးဒီ၊ မော့စ် ဟူသည့် ဟာသသရုပ်ဆောင် အတွဲမှာ အလွန်အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာ့ ရုပ်ရှင်လောက၌ အငြိမ့်တစ်ခေတ်ကောင်းချိန်က အငြိမ့်ခွေလောကတွင် လည်းသူတို့နှစ်ဦးမှာ အလွန် အောင်မြင်ထင်ရှားခဲ့သည်။ 

ဖလင်များရှားပါးပြီး ဗီဒီယိုခေတ်ဖြစ်လာချိန်တွင်လည်း ၎င်းတို့အတွဲမှာ အတိုင်အဖောက်ညီသော ဟာသပြက်လုံးများကြောင့် လူကြိုက်များခဲ့သည်။ ယနေ့နံနက်တွင် ကွယ်လွန်သွားသည့် ဟာသသရုပ်ဆောင် မော့စ်အား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရေဝေးသုသာန်၌ ပို့ဆောင် သင်္ဂြီုဟ်မည်ဖြစ်ကြောင်း သိရသည်။ 

Source by :ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။