Home » , , » အင်ဒိုနီးရှားတွင် ကိုဒိုမိုနဂါးတိုက်ခိုက်မှုကြောင့် လူ ၂ ဦးဒဏ်ရာရ

အင်ဒိုနီးရှားတွင် ကိုဒိုမိုနဂါးတိုက်ခိုက်မှုကြောင့် လူ ၂ ဦးဒဏ်ရာရ

Written By မောင်စေတနာ on Thursday, February 7, 2013 | 11:07:00 PM


အင်ဒိုနီးရှား နိုင်ငံတွင် ပုတ်သင် အကြီးစားကြီး တစ်ကောင်၏ တိုက်ခိုက်မှု ကြောင့် လူ(၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။ ကိုမိုဒိုနဂါးဟု ခေါ်ဝေါ်လေ့ရှိသည့် တွားသွား သတ္တဝါကြီးသည် နိုင်ငံ အရှေ့ပိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥယျာဉ် တစ်ခုထဲတွင် လူ(၂)ဦးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ခိုက် ခံရသူများမှာ ဥယျာဉ် အတွင်းမှ တောခေါင်းတစ်ဦးနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်တို့ ဖြစ်သည်။ (၇)ပေရှည်သော ပုတ်သင်ကြီးက တောခေါင်း၏ ရုံးခန်းထဲထိ ဝင်ရောက် ရန်ပြုခဲ့ပြီး ကူညီရန် ရောက်လာသည့် လုပ်ဖော်ကိုင်ဖက်ကိုပါ တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း လူ(၂)ဦးလုံး ခြေထောက်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိပြီး ဆေးရုံသို့ တင်ပို့ ကုသခဲ့ရသည်။ ကိုမိုဒိုနဂါးများသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ပုတ်သင်မျိုးနွယ်များ ဖြစ်ကြပြီး (၁၀)ပေမျှထိ ကြီးထွားနိုင် ကြသည်။ 

၎င်းတို့တွင် အလွန်ထက်မြေ့သော သွားများ ရှိနေပြီး အကိုက်ခံ ရပါက အဆိပ်သင့်နိုင်ကြောင်းလည်း သိရသည်။ ယင်းပုတ်သင်ကြီးများ၏ မေးရိုးအောက်တွင် ပြင်းထန်သော အဆိပ်ဓာတ် ဂလင်းများ ပါဝင်နေပြီး အကိုက်ခံရသည့် သားကောင်ကို တုံ့ဆိုင်း နှေးကွေးသွားစေသည်။ ယင်းတို့သည် အင်ဒိုနီးရှား အရှေ့ပိုင်းရှိ ကိုမိုဒိုကျွန်း အနီးတွင်သာ နေထိုင်ကျက်စားလျှက် ရှိသည်။ 

ကိုမိုဒို နဂါးများသည် ကြီးမားသော နို့တိုက်သတ္တဝါများ၊ သေးငယ်သော တွားသွားသတ္တဝါလေးများနှင့် ငှက်များကို အစာအဖြစ် အဓိက စားသောက်လေ့ရှိပြီး လူကို တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များ လည်း ပေါ်ပေါက်ခဲ့ဖူးသည်။ ကမ္ဘာပေါ်တွင် အသက်ရှင်နေသော ကိုမိုဒိုနဂါး အရေအတွက် (၄၀၀၀)ဝန်းကျင်မျှသာ ရှိနိုင်ကြောင်းလည်း သိရှိရသည်။ 
Source by :BBC
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။