Home » , , » ဘယ်လ်ဂျီယံ တက္ကသိုလ်က သမ္မတ ဦးသိန်း စိန်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ် ရန်ပြင်

ဘယ်လ်ဂျီယံ တက္ကသိုလ်က သမ္မတ ဦးသိန်း စိန်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ် ရန်ပြင်

Written By မောင်စေတနာ on Thursday, August 16, 2012 | 2:28:00 PM



ဘယ်လ်ဂျီယံ တက္ကသိုလ်က သမ္မတ ဦးသိန်း စိန်ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ် ရန်ပြင်ဘယ်လ် ဂျီယံနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ တက္ကသိုလ် တစ်ခုဖြစ်သည့် Universite de Liege က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တစ်စိုက် မတ် မတ် ဆောင်ရွက်နေသည့် သမ္မတဦးသိန်းစိန်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပ်နှင်းချီးမြှင့်မည့်အကြောင်း သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သမ္မတအနေဖြင့် လက်ခံမည့်အစီအစဉ် ရှိ၊ မရှိကို တက္ကသိုလ် ပါမောက္ခနှစ်ဦးက တွေ့ဆုံမေးမြန်းရန် ရောက် ရှိနေကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာဒေါက်တာ ဖုန်းဝင်းက ပြောသည်။ “လက်ခံတယ် ဆိုရင် အဲဒီအဖြေကို ယူသွားမယ်။ ပြီးရင် တရားဝင် ကြေညာလိုက်မယ်။ သူတို့ကတော့ တစ်ချိန်ချိန်မှာ လာယူဖို့ မျှော်လင့်တယ်။ အသေး စိတ်တွေ ကိုတော့ သမ္မတနဲ့တွေ့ရင် သူတို့ (ပါမောက္ခတွေ) အနေနဲ့ မေးမြန်း ဖို့ရှိတယ်”ဟု ဒေါက်တာ ဖုန်းဝင်းက ပြောသည်။ ယင်းတက္ကသိုလ်သည် ဥရောပတွင် အဆင့် ၈၁ ရှိပြီး ကမ္ဘာ့အဆင့် ၂၀၀ ကျော်တွင် ရပ်တည်လျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်က ကမ္ဘာကျော် နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်တို့အား ၁၉၉၈ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပြီး၂၀၁၁ ခုနှစ်တွင် ဆိုဗီယက်သမ္မတဟောင်း မစ်ခေးလ်ဂေါ်ဘာချော့အားလည်းကောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တွင် ၁၀ ကြိမ်မြောက်နေရာ တာဝန်ယူဖူးသူ မစ္စတာ Dominique Strauss Kahn နှင့် အမေရိကန်လူမျိုး အနုပညာရှင် တစ်ဦးဖြစ်သည့် Bill Viola တို့အားလည်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်သည့် အစဉ်အလာများ ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ယခုလာရောက်သည့် ခရီးစဉ်အတွင်း တက္ကသိုလ်မှ အငြိမ်းစားယူထားသည့် ပါမောက္ခ Albert Corhay နှင့် ပါမောက္ခ EricHaubruge တို့အပြင် အတွင်းရေးမှူးတစ်ဦးတို့ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့သည် ယခုလ ၁၃ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး ၁၅ ရက်တွင် နေပြည်တော်တွင် သမ္မတနှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ၎င်းအဖွဲ့ လာရောက်သည့် လေးရက်တာ ခရီးစဉ်အတွင်း စက်မှုတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်သို့ သွားရောက် မည်ဖြစ်ပြီး အချိန်ရရှိမည်ဆိုပါက ဆေးတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့ကိုလည်း သွားရောက် ရန်ရှိသည်ဟု သိရသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် John Hopkins တက္ကသိုလ်နှင့် ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် တို့ကြားတွင် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Center of Excellence (COE) အစီအစဉ်တွင်လည်း ၎င်းတက္ကသိုလ်က ပူးပေါင်းပါဝင် လုပ်ကိုင်ရန်ရှိကြောင်း သိရသည်။

ပထမဆုံး လာရောက်သည့်နေ့တွင် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး COE အစီအစဉ်၌ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို သိရှိနိုင်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အဆိုပါတက္ကသိုလ်မှ အဖွဲ့ဝင်များ သမ္မတနှင့် တွေ့ဆုံရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံရန်အတွက် မင်္ဂလာမြန်မာက စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတအား ဂုဏ်ထူးဆောင် အပ်နှင်းမည့် တက္ကသိုလ်သည် ၁၈၁၇ ခုနှစ်တွင် နယ်သာလန်ဘုရင် King Wilhlem က စတင် တည်ထောင်ခဲ့သော အစိုးရ တက္ကသိုလ်တစ်ခုဖြစ်သည်။ လက်ရှိတွင် မဟာဘွဲ့ဘာသာရပ်ပေါင်း ၂၀၀ ကျော် သင်ကြားပေးလျက်ရှိပြီး ပါရဂူဘွဲ့ကျောင်းသား ၁၈၀၀ ကျော် သင်ယူလျက်ရှိကာ ကျောင်းသား စုစုပေါင်း နှစ်သောင်းကျော် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

Source by :http://www.yoyarlay.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။