Home » , » နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေပါတီများ နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေပါတီများ နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံ

Written By မောင်စေတနာ on Thursday, July 19, 2012 | 2:14:00 PM

http://www.news-eleven.com/images/stories/july12/bi/b5_16_13.jpg

တွေ့ဆုံပွဲသို့ တက်ရောက်လာသူများကို နိုင်ငံတော်သမ္မတကြီးက နှုတ်ဆက်နေစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဆိုက်)

ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ကိုယ်စားလှယ် ၁၃ ဦးသည် ဇူလိုင်လ ၁၈ရက်နေ့က နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုတွင် စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ဒီမိုကရေစီ မိတ်ဆွေပါတီများဖြစ်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးသုဝေနှင့် ဒေါ်သန်းသန်းနု၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဦးလှစော၊ ချင်းအမျိုးသားပါတီမှ ဦးဇိုဇမ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးနိုင်လှအောင်၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးစောသိန်းအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအိုက်ပေါင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးအောင်သန်းနှင့် ဦးမျိုးညွန့်၊ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးသောင်းဝင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးထွန်းရွှေတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

''ဒီတွေ့ဆုံမှုမှာ သမ္မတကြီးက အရပ်သားအစိုးရ အပြောင်းအလဲမှာ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ၊ စိန်ခေါ်မှုတွေကို ဆွေးနွေးသွားတယ်။ ယခုလက်ရှိအချိန်မှာ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို အဓိကထား လုပ်ဆောင်နေတဲ့အတွက်ကြောင့် ပြည် တွင်းငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နေတယ်ဆိုတာ ပြောသွားပါတယ်။ ပါတီတစ်ခုချင်းစီကနေ တင်ပြလာတဲ့ အကြောင်းအရာတွေကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပေး သွားပါ့မယ်လို့ သမ္မတကြီးက ပြောသွားတယ်။ နှစ်ပေါင်းများစွာ စစ်အစိုးရလက်အောက် မှာ နေလာခဲ့ရတာကြောင့် လက်ရှိ တစ်နှစ်ခွဲသက်တမ်းပဲရှိသေးတဲ့ အစိုးရအနေနဲ့ ကြိုးစားပြီးပြုပြင်နေပေမယ့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးမှာ အစိုးရအဖွဲ့တစ်ရပ်တည်းနဲ့ ပြုပြင်ပြောင်းလဲလို့ မရဘူး၊ နိုင်ငံတော်ကို တည်ဆောက်တဲ့နေရာမှာ အားလုံး ပူးပေါင်းပါဝင်နိုင်မှရမယ် အဲဒါတွေကို သမ္မတကြီးက ပြောပါတယ်''ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု ကပြောသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒီမိုကရေစီမိတ်ဆွေပါတီများမှ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေရေးရာကိစ္စများ၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကိစ္စများ၊ လယ်ယာမြေ ပြဿနာကိစ္စရပ်များ၊ ကျေးရွာများအထိ လျှပ်စစ်မီးရရှိရေးကိစ္စများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ စသည်ဖြင့် ပါတီတစ်ခုချင်းစီအလိုက် နိုင်ငံတော်သမ္မတထံသို့ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်ဘိုလွင်

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။