Home » , , » လွတ်လပ်ခြင်းရဲ့ နှင်းဆီ

လွတ်လပ်ခြင်းရဲ့ နှင်းဆီ

Written By မောင်စေတနာ on Wednesday, July 18, 2012 | 2:11:00 PM



ချက်နိုင်ငံခြားရေး ၀န်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား နှင်းဆီပန်းခြောက် တပွင့် လက်ဆောင်ပေးပုံ။ ဓာတ်ပုံ- AP

ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ချက်သမ္မတဟောင်း မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံက ဒုဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ မစ္စတာ Karel Schwarzenberg က ယမန်နေ့ ညနေပိုင်း က နေပြည်တော်မှာ လွှတ် တော် တက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သင်္ဂဟ ဟိုတယ်မှာ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ-AP
ဒီလိုတွေ့ဆုံရာမှာ ထူးခြားတဲ့ လက်ဆောင်ပစ္စည်းတခုကို ဒေါ်အောင်ဆန်းစုကြည်ကို ချက်နိုင်ငံခြားရေး ၀န်ကြီးက လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

ဒါကတော့ နှင်းဆီပန်းပွင့်ခြောက် တပွင့်ပါ။


ဗားကလပ်ဗ် ဟာဗဲလ် ကွယ်လွန်စဉ်က ဈာပန အခမ်းအနားမြင်ကွင်း ။ ဓာတ်ပုံ - အောင်မျိုးမင်း

အဲဒီ နှင်းဆီပန်းပွင့်ခြောက်ကလေးကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ အသက် ၇၅ နှစ်အရွယ် ဟာဗဲလ် ကွန်လွန်ချိန်တုန်းက ချက်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှား သူတွေက နောက်ဆုံး ဂါရ၀ပြု နုတ်ဆက်စဉ် သူ့ရဲ့ ရုပ်ကလပ်ပေါ်မှာ တင်ခဲ့တဲ့ ဟာဗဲလ်ချစ်တဲ့ နှင်းဆီပန်းလေး တပွင့်ပါဘဲ။


ဟာဗဲလ် ဈာပနအခမ်းအနားမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဂုဏ်ပြု ပန်းခြင်း

ချက်အနုပညာသမားတဦးက ဒီပန်းကို မပျက်မဆီးအောင်ထိမ်းသိမ်းထားတာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ တုန်းက “မလွတ်လပ်ခြင်းရဲ့ နှင်းဆီ” (A Rose for the Unfree) အမည်ရှိ ဆောင်းပါးကို ၀ါရှင်တန်ပို့စ် သတင်းစာမှာဟာဗဲလ်ဟာ သူ မကွယ်လွန်ခင်က အမှတ်တရ အဖြစ် ရေးသားခဲ့ပါတယ်။


အဲဒီ ဆောင်းပါးနိဂုံးချုပ်မှာ ဟာဗဲလ်က သူ့မှာ ရယ်စရာ အတွေးတခုရှိခဲ့ကြောင်း၊ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာ သူကိုယ်တိုင် နှင်းဆီပန်းလေးတပွင့် ပေးချင် တာ ဖြစ်တဲ့အကြောင်း ရေးထားပါတယ်။

အခု ချက်နိုင်ငံခြားရေး ၀န်ကြီးက ကွယ်လွန်သူ ဗားကလပ်ဗ် ဟာဗဲလ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေ နဲ့ နှင်းဆီပန်း ခြောက်ကလေး ကို တယုတယ ချက်ရီပတ်ပလစ် သမ္မတနိုင်ငံကနေ သယ်ယူလာ ပြီး နေပြည်တော်ထိ သွားရောက်ကာ ဟာဗဲလ် ကိုယ်စား ပေးအပ်ခဲ့တာပါ။

တမလွန်က ဟာဗဲလ် ကတော့ ဒေါ်အောင်ဆန်းစုကြည်လက်ကို အခုလို နှင်းဆီပန်းလေး လက်လွှဲပေးလိုက် ရတာကို ကြည်နှုးပီတိဖြစ်နေမှာ မုချ မလွဲပါ။

ဗားကလပ် ဟာဗဲလ်ဟာ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ရှေ့တန်းက အားပေးထောက်ခံခဲ့တာပါ။ ချက်နိုင်ငံက လည်း အလားတူ ထောက်ခံအားပေးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အခုတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်တဲ့ဘ၀ကို ရောက်ရှိနေပြီး မှ ပေးအပ်တဲ့ နှင်းဆီပန်းဖြစ်တာမို့ လွတ်လပ်ခြင်းရဲ့ နှင်းဆီလို့ တင်စားရတော့မှာပါ။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။