Home » , , » ဒုက္ခပေးတဲ့ လူခေါ်ပွဲစားများ

ဒုက္ခပေးတဲ့ လူခေါ်ပွဲစားများ

Written By မောင်စေတနာ on Friday, June 15, 2012 | 1:55:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwL1b_2EZqNNaMVZHYgNx7IeexRNoj8EIzAFqwe2F4G1GzTB7Z8I4fkAiM7mi6AHeqZs8crbOeV7-_TqCRxRfJLyIcKr1i7jxLRGzMaqUIUp89qjx-AUZoY3SlSC2JbufEArRS5O8lzjH7/s400/Taxi.JPG

ကျနော်စီးလာတဲ့ အဝေးပြေးကား အောင်မင်္ဂလာကားဝင်းထဲ ၀င်ပြီဆိုတာနဲ့ လူခေါ်ပွဲစားတွေက ထန်းလျက်ခဲတွေ့တဲ့ ပုရွက်ဆိတ်တွေလို အစုလိုက် အပြုံလိုက် ကားနားကို ပြေးလာကြပါတယ်။ ပြီးတာနဲ့ ကားပေါ်ကဆင်းလာတဲ့ ခရီးသည်တွေကို အထုပ်တွေ ဆွဲလု ဆွဲယူ အတင်းကူသယ်ပေး စတာတွေ လုပ်ပါတော့တယ်။

ကျနော်ကားပေါ်က ဆင်းလာတော့ ပွဲစားတယောက်က “ညီလေး မင်းအထုပ်တွေပေး အစ်ကို သယ်ပေးမယ်” ဆိုပြီးတော့ လက်ထဲက အထုပ်ကို လှမ်းလုတယ်။ ကျနော်လည်း မပေးဘဲ “ရတယ်။ ကျနော့်ဘာသာ သယ်မယ်”ဆိုပြီး အထုပ်တွေကို ကိုယ့်ဘာသာပဲ သယ်လိုက်ပါတယ်။ အဲဒါလည်း မရပါဘူး။ ကျန်နေတဲ့ အထုပ်တွေကို အဲဒီပွဲစားက အတင်းဝင်ကူသယ်ပေးပါတယ်။

အထုပ်တွေ သယ်ပြီးပြီ၊ သွားဖို့ အဆင်သင့်ဖြစ်ပြီ ဆိုတော့မှ သူက ကားသမားလိုလိုနဲ့ ကျနော့်ကို “ဘယ်သွားမှာလဲ” မေးပြီး ကားခကို သူနဲ့ ညှိရပါတယ်။ လိုရာခရီး မောင်းပို့မယ့် တက္ကစီသမားကတော့ ပွဲစားနောက်မှာ လက်ကလေး နောက်ပစ်ပြီး မတ်တပ်လေးရပ်လို့။ အတော့်ကို ရီဖို့ကောင်းတဲ့ မြင်ကွင်းပါပဲ။

ဈေးတည့်သွားတော့ ကားဆီကို အထုပ်တွေသယ်ပြီး ကားထဲဝင်ထိုင်ဖို့ ကြည့်လိုက်တော့ အထဲမှာ ကိုယ့်လိုပဲ လူခေါ်ပွဲစားတွေ လက်ချက်နဲ့ ခရီးသည် ၄ ဦး ရောက်နေတာ တွေ့ရပါတယ်။

ကျနော့်လို အဖြစ်မျိုးတွေ ရန်ကုန်က အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲမှ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေမှာ အသေအချာပါပဲ။

ကျနော် တက္ကစီ ဒရိုင်ဘာကို မေးပါတယ်။ “အစ်ကိုတို့ ဘာလို့ ဒီ လူခေါ်ပွဲစားတွေသုံးပြီး ခရီးသည် ခေါ်ရသလဲ”ပေါ့။

အဲဒီမှာ တက္ကစီဒရိုင်ဘာ ကိုမြင့်ဦးက ခုလို ပြောပြတယ်။

“ကျနော်တို့ တက္ကစီသမားတွေက ကားတစီးဆိုက်တာနဲ့ ကိုယ့်ဘာသာ လူခေါ်ချင်တယ်။ ခရီးသည်နဲ့ တိုက်ရိုက် စကားပြောချင်တယ်။ ဈေးညှိချင်တယ်ပေါ့ဗျာ။ အဲဒါကို လူခေါ်ပွဲစားတွေက သူတို့ကိုယ်သူတို့ ကားသမားတွေလိုလို ဘာလိုလိုနဲ့ ခရီးသည်တွေကို အတင်းခေါ် အတင်းဆွဲ လုပ်ကြတော့ ကျနော်တို့နဲ့ မကြာခဏ စကားများကြတယ်။ ကြာလာတော့ ကျနော်တို့လည်း သူတို့နဲ့ အပြိုင် ခရီးသည် ၀င်မလုချင်တော့ဘူး။ အဲတော့ သူတို့ ခေါ်လာမယ့် ခရီးသည်ပဲ စောင့်နေလိုက်တာ့တယ်”

အရင်က ခရီးသည်တယောက် ခေါ်လာရင် လူခေါ်ပွဲစားကို ကားခရဲ့ ၂၀ ရာခိုင်နှုန်း ပေးရတယ်လို့ ကိုမြင့်ဦးက ပြောတယ်။ ကားခ ၁၀,၀၀၀ ဆိုရင် ပွဲစားခ ၂,၀၀၀ ပေါ့။ ခုကျတော့ ၂၀ ရာခိုင်နှုန်း မဟုတ်တော့ဘဲ ခရီးသည် များရင် များသလို ပွဲစားခလည်း ပိုတောင်းပါတယ်။

ကျနော်တို့ စီးလာတဲ့ကားမှာဆိုရင် ခရီးသည်က ၅ ဦး၊ ကားခက ၁၇,၀၀၀ ကျတယ်။ အဲဒီထဲက ဒရိုင်ဘာက ပွဲစားကို လူခေါ်ခက ၄,၅၀၀ ပေးခဲ့ရတယ်လို့ သိရတယ်။ ဆိုတော့ ၂၅ ရာခိုင်နှုန်းလောက် ပေးရတဲ့သဘော ဖြစ်သွားတာပေါ့။

လူခေါ်ပွဲစားကြောင့် ဒုက္ခရောက်ရပုံကို ကားပေါ်ပါလာတဲ့ ခရီးသည် အဒေါ်ကြီးတဦးကလည်း အခုလို ပြောတယ်။

“အဒေါ်က ကားပေါ်ကဆင်းတော့ ဒေါ်လေး ဆွဲခြင်းပေးဆိုပြီး လက်ထဲကဆွဲခြင်းကို အတင်းလုသွားတယ်။ ဟဲ့ ငါက ဘတ်စ်ကားစီးပြန်မှာဆိုလည်း မရဘူး။ ဆွဲခြင်းယူသွားတော့ နောက်က လိုက်ရတော့တာပေါ့။ နောက်တော့ တက္ကစီပေါ် အတင်း ထိုးတင်တော့တာ။ အမှန်က အဒေါ်ပြန်မယ့်ခရီးက ဘတ်စ်ကားနဲ့ဆို ၃၀၀ ပဲ ပေးရတယ်။ ခုက တက္ကစီနဲ့ဆိုတော့ ၃,၀၀၀ ကုန်တော့တာပေါ့”

အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲမှာ လူခေါ်ပွဲစား အနည်းဆုံး ၁၀၀ လောက်ရှိပြီး ဒီလူတွေကို ကားဝင်းထဲက ရဲကင်းက တယောက် ၁,၀၀၀ ကောက်ယူပြီး လူခေါ်ဖို့ ခွင့်ပြုထားတာ ဖြစ်တယ်လို့ တက္ကစီဒရိုင်ဘာတွေက ပြောကြပါတယ်။

“ကျနော်တို့ ကားသမားတွေအနေနဲ့ကတော့ ဒီလူခေါ်ပွဲစားတွေ ကားဝင်းထဲမှာ မရှိစေချင်ဘူး။ သူတို့ကို ပေးရတဲ့ငွေက ခရီးသည်ဆီက ရတဲ့ငွေထဲက ပေးရတာဆိုတော့ ကားသမားရော ခရီးသည်ရော နစ်နာတယ်” လို့ ကိုမြင့်ဦးက သူ့ဆန္ဒကို ပြောပြတယ်။

ဒီလူခေါ်ပွဲစားတွေကြောင့် ကားသမားတွေ ခရီးသည်တွေ စိတ်အနှောက်အယှက်ဖြစ်ရ ဒုက္ခရောက်ရတာတွေကို ဂျာနယ်တွေက သတင်းရေးကြပေမယ့် ပွဲစားတွေကို ဘာမှ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ကိုမြင့်ဦးက ဆက်ပြောပါတယ်။

ကဲ စာဖတ်သူများလည်း ပါးစပ်တပေါက် အသုံးပြုပြီး ခရီးသည်နဲ့ ကားသမားတွေကြား လုပ်စားနေကြတဲ့ အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲက လူခေါ်ပွဲစားများကို သတိထား ရှောင်ရှားနိုင်ကြပါစေကြောင်း ဆုတောင်းရင်း ကျနော့်စာစုလေးကို နိဂုံးချုပ်ပါရစေဗျာ….

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။