Home » , , » ဗိုလ်ခင်ညွန့်ရဲ့ အတက်နဲ့အကျ

ဗိုလ်ခင်ညွန့်ရဲ့ အတက်နဲ့အကျ

Written By မောင်စေတနာ on Sunday, April 8, 2012 | 4:05:00 PM

"ကျနော် ဘယ်တော့မှ ဂေါက် မရိုက်ဘူး။ ကျနော့်ဆရာ ဦးတင့်ဆွေကလည်း ဂေါက် မရိုက်ဖို့ ပြောတယ်။ ဂေါက်ရိုက်ရင် အချိန်ကုန်တယ်။ ပြီးတော့ ဂေါက်ကွင်းမှာ စကားတွေဘာတွေ ပြောကြတယ် ဆိုတာကလည်း လွယ်တာ မဟုတ်ဘူး၊ အန္တရာယ် ရှိတယ်။ ကျနော့်ကို လက်ဆောင်ပေးတဲ့ ဂေါက်ဆက်တွေ အကုန် ပြန်ပေးလိုက်တာချည်းပဲ"

ဦးခင်ညွန့် ပြောသွားတာပါ။ ဒီနေ့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပါတဲ့ ဆောင်းပါးတပုဒ်မှာ သူ့အကြောင်း ရေးထားပါတယ်။

၇ နှစ်ကြာ ထိန်းသိမ်းခံထားရပြီး မကြာသေးခင်က ပြန်လွတ်လာတဲ့ ထောက်လှမ်းရေးညွှန်ချုပ်ဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဖြစ်တဲ့ သူ့ကို စိတ်ဝင်စားသူ အတော်များပါတယ်။

"ကျနော်တာဝန်ယူတဲ့ ကာလမှာ ကျနော့်လုပ်ဖော်ကိုင်ဖက်တချို့က ကျနော့်ကို အထင်မှားကြတာ ရှိတယ်။ ပြီးတာတွေလည်း ပြီးပါစေတော့ဗျာ" တဲ့။

သူ့ငယ်ဘ၀အကြောင်း ပြောရရင် အစ်မကြီး ငါးယောက် ရှိတယ်။ ဖခင်ဖြစ်သူက ရှေ့နေ။ သူ စစ်ထဲဝင် စစ်တက္ကသိုလ်တက်ဖြစ်တာကလည်း ဂျပန်ခေတ် ကလေးဘ၀ ကြုံတွေ့ခဲ့ရတာတွေကြောင့်လည်း ပါပါတယ် တဲ့။

တပ်ထဲမှာ သူ့ဆရာက ဗိုလ်မှူးချုပ်တင့်ဆွေ။

ဦးနေ၀င်းက သူ့အိမ်တော် လုံခြုံရေးအတွက် စိတ်ချရတဲ့အရာရှိတယောက် ရှာခိုင်းတော့ ဗိုလ်မှူးချုပ်တင့်ဆွေက ဗိုလ်ခင်ညွန့်ကို ရွေးလိုက်ပါတယ်။ ၆ လအတွင်း ဦးနေ၀င်းအကြိုက် ဖြစ်သွားတဲ့ ဗိုလ်ခင်ညွန့် တဖြည်းဖြည်း ပါဝါ ကြီးလာပါတယ်။

၁၉၈၈ စစ်အာဏာသိမ်းအစိုးရအဖွဲ့မှာ အတွင်းရေးမှူး ဖြစ်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်များနဲ့ ငြိမ်းချမ်းရေးယူပုံကိုလည်း ဆောင်းပါးမှာ အသေးစိတ် တွေ့ရမှာပါ။

ပထမဆုံး အပစ်ရပ်နိုင်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့နဲ့အတွေ့အကြုံက စိတ်လှုပ်ရှားစရာပါ။

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ သူတို့က သူ့ကို ဆက်သွယ်ဖို့ ပြောလာတယ်၊ ဒီတော့ အရာရှိတချို့ကိုခေါ်ပြီး ကိုးကန့်နယ်မြေထဲ သူ စွန့်စားပြီး ၀င်သွားတော့ ဟိုလူတွေ လုံးဝ အံ့အားသင့်သွားတယ်၊ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်သွားတယ် တဲ့။

"သတ်ကွင်းထဲကို ဖြတ်ဝင်သွားရသလိုပဲ" လို့ ဦးခင်ညွန့်က ဆိုပါတယ်။ "ကိုးကန့်စစ်သားတွေက ဟိုဘက်တောင်မှာရော ဒီဘက်တောင်မှာရော ရာနဲ့ချီပြီး ရှိနေတယ်၊ သေနတ်တွေနဲ့"

သူတို့ကို ယုံလို့ သူ့အသက်အန္တရာယ်မရှိဘူးလို့ ယူဆပြီး ဒီနယ်ထဲ လာခဲ့တာဖြစ်ကြောင်း ပြောပြီး နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးတည်ဆောက်တာတွေ ဆက်တိုက် အောင်မြင်သွားပါတယ်။ ကိုးကန့်ပြီးတော့ ၀၊ ပြီးတော့ ကချင်။

၂၀၀၂ မှာ KNU ခေါင်းဆောင် ဗိုလ်ချုပ်မြကို ရန်ကုန် ဖိတ်ခေါ်ပြီး ကြယ်ငါးပွင့်ဟိုတယ်တခုမှာ မွေးနေ့ပွဲလုပ်ပေးလိုက်ပါသေးတယ်၊ ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ ဗိုလ်ချုပ်မြ အဆင်သင့်ဖြစ်ခဲ့ပေမယ့် ကျန်းမာရေး ချို့ယွင်းလာတာကတကြောင်း၊ KNU ထဲက သဘောထားတင်းမာသူတွေကြောင့် တကြောင်း ငြိမ်းချမ်းရေး အစီအစဉ် ပျက်သွားရတယ်လို့ ဦးခင်ညွန့်က ပြန်ပြောပြပါတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်အစိုးရအဖွဲ့အတွင်း အလယ်အလတ်သဘောထားရှိသူ ဖြစ်လာပါတယ်။ စစ်တိုင်းမှူးဘုရင်ငယ်လေးတွေ ရန်သူမွေးနေချိန်မှာ ဦးခင်ညွန့်ကတော့ နိုင်ငံတကာမှာ မိတ်ဆွေတွေ ပေါလာပါတယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရတဲ့ ဒီပဲယင်းအရေးအခင်းအကြောင်းလည်း ဆောင်းပါးမှာ ရေးထားပါတယ် -

ဒီပဲယင်းဒေသ အကြမ်းဖက်မယ့် လူအုပ်ကြီးကြားထဲ ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားရေး ကြိုးပမ်းခဲ့တာ သူပါပဲ တဲ့။

''လူအုပ်ကြီး ကြားထဲက သူ့ကို ဆွဲထုတ်ဖို့ ကျနော့်လူတွေကို အဲဒီညမှာ လွှတ်လိုက်ပါတယ်။ သူတို့က သူ့ကို အဲဒီနားက လုံခြုံရာ စစ်တပ်စခန်းထဲရောက်အောင် စီစဉ်ပေးလိုက်တာပါ'' လို့ ဦးခင်ညွန့်က ပြန်ပြောပြပါတယ်။

ဟိုတခါကပြောခဲ့သလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို သူ့နှမလေးတယောက်လို သဘောထားပါတယ်၊ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီ ဖော်ဆောင်နိုင်ပါစေ ဆိုတဲ့ သူ့စကားနဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ညွှန်း - http://www.bangkokpost.com/news/investigation/287955/in-his-own-words-the-rise-and-fall-of-khin-nyunt

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။