Home » , , , , » "ဖားကန့်နဲ့ ကံမ"မှာ ဘာတွေ ဖြစ်ခဲ့သလဲ

"ဖားကန့်နဲ့ ကံမ"မှာ ဘာတွေ ဖြစ်ခဲ့သလဲ

Written By မောင်စေတနာ on Wednesday, April 25, 2012 | 1:35:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnvncpuJmbvOeiNChZ-5Mk3HUBhuoujZ6U1h2T0m6A2HPNRckU49agvAN3o72ZvCYKDu6cXBd_zTK1cX6qHlZwtOx7NqOlEPc3Yl34lCdwFH8FWJ3g4rqx96sTnwdRHMWrUR9ata5krMA/s400/305652_261037630659999_1837545327_n.jpg

ဖားကန့် နှင့် ကမ္မမြို့  ပြသနာနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပမီဒီယာများသို့ အိတ်ဖွင့်ပေးစာ အကြောင်းအရာ။ ။ ဖားကန့်နှင့် ကမ္မမြို့တွင် အစ္စလာမ့် ဆုတောင်းဝတ်ပြုဆောင်များ ဖျက်ဆီးခဲ့ခြင်းအပေါ် ဥက္ခာပြုခြင်းနှင့် ပတ်သက်၍။

ရက်စွဲ - ဧပြီ ၂၄၊ ၂၀၁၂

ဧပြီလ ၁၂ ရက်နေ့ နှင့် ၁၄ ရက်နေ့ အတွင်း ဖားကန့် နှင့် ကမ္မရှိ အစ္စလာမ်ဘာသာ ဆုတောင်းဝတ်ပြုဆောင်များ ကို ဒေသခံများက ဖျက်ဆီးဖြိုချခဲ့သည့် အဖြစ်အပျက်နှင့် မြန်မာမွတ်စလင်မ် ပြည်သူတို့ ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့အား ဖျက်ဆီးခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်များနှင့် ပက်သက်သည့် သတင်းအကြောင်းအရာများကို ပြည်သူ့နားမျက်စိသဖွယ် အားကိုးခြင်းခံ ယူထားသော ပြည်တွင်း၊ ပြည်ပသတင်း ဌာနများမှ အရေးပေး၊ သတင်း ယူဖေါ် ပြခဲ့ခြင်းများ မတွေ့ရသည့်အတွက် ကျွန်ုပ်တို့ MMSY မီဒီယာမှ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိကြာင်း အသိပေးလို ပါသည်။

ကမ္မနှင့် ဖားကန့်  ဖြစ်ရပ် ၂ ရပ်လုံးမှာ "ခိုက်ရန်ဖြစ်ပွားမှု"၊ "ဓားပြမှု" လုံးဝ မဟုတ်ခဲ့ဘဲ အကြမ်းဖက်လိုသည့် ရည် ရွယ်ချက်ဖြင့် လူစုလူဝေးအင်အားအသုံးပြုကာ တရားဥပဒေမဲ့ တဖက်သက် အဓမ္မ ၀င်ရောက် ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။

မကွေးတိုင်းကြီးဒေသ ကမ္မမြို့နယ်တွင် လူဦးရေ ၃၀၀ ခန့် က ခုခံမဲ့ မြန်မာမွတ်စလင်မ်ပြည်သူတို့ ၏ နေအိမ်များ နှင့် ပိုင်ဆိုင်မှုများအား အင်အားသုံး အကြမ်းဖက်ဖျက်ဆီးခြင်း၊ ၀တ်ပြုဆုတောင်းကျောင်းဆောင်အား တရားမဲ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် NLD ပါတီဝင်များအပါအ၀င် လူဦးရေ ၁၅၀ ခန့်က အစ္စလာမ် ဘာသာဆုတောင်းဝတ် ပြုဆောင်ကို လူစုအင်အားသုံးကာ လုံးဝဖြိုချခဲ့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်များဖြစ်ပွားစဉ် ဒေသအာဏာပိုင်များက တရားဥပဒေနည်းအရ ထိန်းသိမ်း ဆောင်ရွက်ရမည့်အစား အကြမ်းဖက်ဖျက်ဆီးနေသည့်လူများကိုပင် လုံခြုံရေးချထားပေးခဲ့ကြောင်း ကြောက်ရွံ့စိတ်ပျက်ဖွယ် ကြားသိရ သည်။ မြန်မာပြည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတိုက်ပွဲတွင် ရှေ့ တန်းမှ ရပ်တည်နေသည့် သတင်း ဌာနများ သည်လည်း တမြေတည်းနေ တရေတည်းသောက် မြန်မာမွတ်စလင်မ် ပြည်သူများ ဥပဒေမဲ့ အကြမ်းဖက်ခံရချိန် တွင် ဥပက္ခာပြု လျစ်လျူရှုခဲ့သည်ဟု ယုံကြည်မိသည်။

ဤဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းပျံနှံ့ ပါက ပိုမိုအခြေအနေဆိုးရွားသွားနိုင်သဖြင့် သတင်းများရေးသားထုတ် ပြန်ခြင်းမရှိဟု အစောပိုင်းတွင် ယူဆခဲ့သည်။ သို့ သော် ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာများတွင် သတင်းမှားများ၊ မြန်မာပြည်သူ ဘာသာမတူသူ အချင်းချင်း အမုန်ပွားစေရန် ဆဲဆိုရေးသားခြင်းများ၊ ကိုယ်ပိုင်သတင်းဆိုဒ်များတွင် အချက်အလက်မှားများဖြင့် ထိခိုက်နစ်နာစေသည့် အသုံးအနှုန်းနှင့် ရှုထောင့်များဖြင့် ရေးသားထားသည့် သတင်းများပျံနှံ့ လာသည့်တိုင် ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသည်

(၁) ဘာသာရေး အဓိကရုဏ်းမဖြစ်စေရန်၊ ဘာသာရေးနှင့်လူမျိုးရေးအခြေပြုမုန်းတီးမှု မဖြစ်ပွားစေရန် သတင်း ဖေါ်ထုတ် ကြားနေရေးသား ဖြန်ဖြေပေးမှု မရှိခြင်း၊

(၂) မြန်မာမွတ်စလင်မ်ပြည်သူများ ဥပဒေမဲ့အကြမ်းဖက် အတိုက်ခိုက်ခံရသည့် ဖြစ်စဉ်သတင်းအမှန်အား ပြည် သူများသို့  ချပြရန်ပျက်ကွက်ခဲ့ခြင်းတို့ကို သတိပြုမိသည်။

သတင်းမီဒီယာဆိုသည်မှာ သဘောသဘာဝအရ အစွန်းကင်းမဲ့ ကြားနေဖြစ်ရမည်ဖြစ်သော်လည်း မြန်မာသတင်း မီဒီယာများမှာမူ ဒီမိုကရေစီ စနစ်စတင်ကျင့်သုံးနေသည့်ယနေ့အချိန်တွင်ပင် ရှေးရိုးစွဲဗီဇမဖျောက်ဖျက်နိုင်သေးဘဲ မဇ္ဈိမပဋိပဒါလမ်းကို ကျောခိုင်းသကဲ့သို့ ဖြစ်နေ မြင်နေသည်မှာ ဒီမိုကရေစီ၏ စံချိန်စံညွှန်းများနှင့်သာမက ဗုဒ္ဓ ဟောတရားစစ်တရားမှန်များနှင့်ပါ ဆန့်ကျင်နေကြောင်း တွေ့ရှိရသည်။

အထက်ဖေါ်ပြပါ အဖြစ်အပျက်များ မတိုင်ခင် ယခင်ကတည်းက မြန်မာပြည်နေရာအချို့တွင် အလားတူ အဖြစ်အ ပျက်ကဲ့သို့ ဖြစ်ခဲ့၊ ရှိခဲ့သည်ကို သိရှိရသော်လည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအခြေအနေနှင့် စာနယ်ဇင်းသ တင်းရေးရာ အကျပ်အတည်းများကြောင့် ဖေါ်ပြနိုင်ခဲ့ခြင်း မရှိဟု နားလည်ပေးခဲ့သည်။ ယခုအခါ သတင်းစာနယ် ဇင်း မီဒီယာများအဖို့ ယခင်ကထက် ပွင့်လင်းစွာ ပြောဆိုရေးသား ဖေါ်ပြနိုင်နေပြီးဖြစ်ပါလျက်နှင့် အထက်ပါ အဖြစ် အပျက်ကဲ့သို့ ဥပေဒမဲ့၊ အကြမ်းဖက်ခြင်း၊ ဘာသာရေးအခြေပြု ခွဲခြားဖိနှိပ်ခြင်း၊ လူ့အ ခွင့်အရေး အသက်အိုးအိမ် စည်းစိမ် ထိပါးခြင်းများကို အရေးပေး၊ ဖေါ်ထုတ်၊ သတင်းမှန်တင်ပြခြင်းများ မပြုလုပ်၊ မဆောင်ရွက်ခြင်းမှာ သတင်းစာနယ်ဇင်းကျင့်ဝတ်နှင့် အမှန်တရားကို မျက်ကွယ်ပြုထားသကဲ့သို့ ဖြစ်နေသည်။

မြန်မာသတင်းဌာနများသည် ဥပဒေမဲ့၊ အာဏာအသုံးချ၊ အကြမ်းဖက်ခြင်းများကို မျက်ကွယ်ပြု လုံခြုံရေးပေးသည့် အာဏာပိုင်အဖွဲ့ များနှင့် အတူတူပင် ဖြစ်သည်ဟု မိမိတို့ ဖက်မှ မယူဆသည့်အလျောက် အနာဂတ်တွင် မင်း မဲ့စရိုက်ဆန်စွာပြုမူခြင်း၊ ဥပဒေမဲ့ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးနှင့် ပြည်သူ့အကျိုး အိုးအိမ်စည်စိမ်ထိပါးခြင်း များအား တိုင်းပြည်၏ စတုတ္တ မဏ္ဍိုင် ပီသစွာဖြင့် လူမျိုးရေး၊ ဘာသာရေး ဘက်လိုက်ခြင်းကင်းစွာဖြင့် အမှန်တရား ဖက်မှရပ်တည်ပြီး ဖော်ထုတ်ပေးရန်၊ နစ်နာသူများအတွက် တရားမျှတမှု ရှိအောင် သတင်းမှန်များဖော်ထုတ် ပေးရန် မြန်မာမွတ်စလင်မ် ပြည်သူများ ကိုယ်စား လေးလေးနက်နက် တောင်းဆိုမေတ္တာရပ်ခံပါသည်။

မြန်မာနိုင်ငံသား တမြေတည်းသား အားလုံး၏ နေ့စဉ်ဘ၀လုံခြုံရေး၊ အကျိုးစီးပွားတည်တံ့ဖွံ့ဖြိုးရေးများအတွက်

သတင်းအချက်အလက်များ၊ အင်အားဖြည့်စွက်ရန် လိုအပ်လာပါက ကျွန်ုပ်တို့ MMSY မီဒီယာ အနေဖြင့် တတ်အားသရွေ့ ပါဝင်ကူညီရန် အဆင်သင့်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

MMSY မီဒီယာ (မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ မီဒီယာ)

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။